နှမ်းဆီ၏ဆေးဖက်ဝင်ပုံနှင့် ကျန်းမားရေးအကျိုးကျေးဇူးများ

Powered by Drupal

     မြန်မာလူမျိုးများ နေ့စဉ်စားသောက်ရာ၌ ဆန်သည်အဓိကဖြစ်သည့်အပြင် ထမင်းနှင့်တွဲဖက်စားသောက်နိုင်ပြီး ဟင်းချက်ရာ၌လည်း အိမ်တိုင်းတွင် စားသုံးဆီသည် မရှိမဖြစ်ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ဆီအမျိုးမျိုးရှိသည့်အနက် မြေပဲဆီကိုလူအများအသုံးပြုကြပြီး နှမ်းဆီကို အသုံးပြုမှုနည်းကြပါသည်။ မြေပဲဆီနှင့် နှမ်းဆီကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း ဟင်းချက်ရာတွင် ခါးသက်သောအရသာရှိ၍ လူတို့စားသုံးမှု နည်းကြပါသည်။ နှမ်းဆီသည် မပြည့်ဝဆီများစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောဆီ (Healthy Oil) တစ်မျိုးဖြစ်ပါသည်။

     ရှေးယခင်က မြန်မာများသည် နှမ်းဆီကိုပိုမိုစားသုံးကြသဖြင့် ကျန်းမာရေးညီညွတ်ကြပါသည်။ ယခုနောက်ပိုင်းတွင် စီးပွားရေးအရ တွက်ချေကိုက်ရာ ဆီအမျိုးမျိုးကို ဝယ်ယူစားသုံးလာကြသည့်အတွက် ကျန်းမာရေးအရလည်း ထိခိုက်လာကြပါသည်။ ယခင်ကဆိုလျှင် လူများ၏သက်တမ်းမှာ (၇၀/၈၀) အထိရှိကြပြီး နောက်ပိုင်းတွင် လူ့သက်တမ်းမှာ (၆၀/၇၀) ခန့်သာရှိလာခဲ့သဖြင့် သက်တမ်းအရလည်းတိုတောင်းလာကြပါသည်။ ကျန်းမာရေးချို့တဲ့ရခြင်း၏ အဓိကမှာ အစားအသောက်ပင်ဖြစ်ပါသည်။ ထိုအစားအသောက်ထဲတွင် လူများနေ့စဉ်စားသုံးကြသည့်ဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆီအမျိုးအစားမျိုးစုံရှိသည့်အထဲတွင် နှမ်းဆီသည် ဆေးဖက်ဝင်သောဆီတစ်မျိုးဖြစ်သည့်အတွက် နှမ်းဆီသုံးစွဲလျှင် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများကို တင်ပြလိုက်ရပါသည်။

  နှမ်းဆီကိုစားသုံးခြင်းဖြင့် သွေးတွင်းအဆီကိုကျစေပြီး နှလုံးကျန်းမာရေးလည်း ကောင်းစေပါသည်။ နှမ်းစေ့တွင်ပါဝင်သောဓာတ်တစ်မျိုးမှာ အသည်း၏လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သွေးကြောများ၊ အရိုးများနှင့် အဆစ်များကို အားဖြည့်ပေးနိုင်သော ပရိုတိမ်းဓာတ်တစ်မျိုးလည်း အပါအဝင်ဖြစ်ပါသည်။ ထိုကြောင့် အဆစ်အမြစ်ကိုက်ခဲနာကျင်လျှင် နှမ်းဆီလိမ်းပေးခြင်းဖြင့် နာကျင်မှုကိုသက်သာစေပါသည်။ နှမ်းဆီကိုသောက်ပေးခြင်းဖြင့်လည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿာနာများကိုလည်း ကာကွယ်ပေးပါသည်။ နှမ်းဆီကိုစားသုံးပေးလျှင် စိတ်ခံစားမှုကောင်းပြီး၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုများမဖြစ်စေရန်အတွက် ကာကွယ်ပေးပါသည်။ ခံတွင်းကျန်းမာရေးအတွက်လည်း နှမ်းဆီအနည်းငယ်ကိုငုံပေးထားလျှင် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး သွားချေးများကိုလည်း ဖယ်ရှားပေးသည့်အပြင် သွားဖုံးများကိုလည်းကျန်းမာစေပါသည်။ နှမ်းဆီကို မနက်အိပ်ယာထလျှင် လက်ဖက်စားဇွန်းတစ်ဇွန်းသောက်ပေးလျှင် ကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ နှမ်းဆီကိုစားသုံးပေးခြင်းဖြင့် အသားနှင့်အရိုးကိုအားကောင်းစေပြီး ဆံပင်ကောင်းခြင်းကိုလည်း ပေးစွမ်းနိုင်ပါသည်။ နှမ်းဆီတွင် (ဇင့်)ဓာတ်ပါဝင်မှုများသဖြင့် အသားအရေတင်းရင်းမှုအတွက် အထောက်အကူပြုပြီး ဇင့်ဓာတ်က အရိုးသိပ်သည်းဆကိုလည်း အားကောင်းစေပါသည်။ ထို့ပြင် နှမ်းဆီတွင် ဗီတာမင်ဘီ၊ အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖရပ်စ်ပါဝင်မှုကြောင့် ဆံပင်နှင့်ဦးရေပြားကိုလည်း အားကောင်းစေပါသည်။ ဝမ်းချုပ်လျှင်လည်း နှမ်းဆီထမင်းစားဇွန်းတစ်ဇွန်းသောက်ပေးခြင်းဖြင့် ဝမ်းမှန်စေပါသည်။ နှမ်းဆီကို ညအိပ်ခါနီး၌ ခြေဖဝါးတွင် လိမ်း၍နှိပ်ပေးလျှင် အိပ်မောကျစွာအိမ်ပျော်နိုင်ပါသည်။ နှမ်းဆီစစ်စစ်သည် အလွန်ဆေးဖက်ဝင်သည့်အတွက် အိမ်တိုင်းတွင်ဆောင်ထားသင့်သော အိမ်တွင်းသမားတော်ဖြစ်ပါသည်။ နှမ်းဆီသည် အစာခြေအားကောင်းသဖြင့် ကလေးငယ်များအစာမကြေဖြစ်လျှင် ဗိုက်ကိုလိမ်းပေးခြင်းဖြင့် ရောဂါများသက်သာစေပါသည်။

     ထို့ကြောင့် နှမ်းဆီကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အပြင် နှမ်းဆီကို ကြိတ်ခွဲ၍ရောင်းချသူများအနေဖြင့် နှမ်းတစ်တင်းကို ဆီကြိတ်လျှင် (၆)ပိဿာခန့်ထွက်ရှိပါသည်။ ဆီစက်များတွင် နှမ်းဆီကြိတ်ခွဲရာ၌ နှမ်းနီကိုသာဦးစားပေး၍ ကြိတ်ခွဲကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကိုကြိတ်ခွဲကြပါသည်။ နှမ်းနီမှာ ဆီကြိတ်နှမ်းနီဖြစ်သည့်အတွက် ဆီကြိတ်ရာတွင် ဆီအထွက်နှုန်းကောင်းမွန်ပါသည်။ မိုးနှမ်းနီမှာ ဆီထွက်နှုန်းကောင်းခြင်း၊ နှမ်းလှောင်လျှင်လည်း သင့်တော်သဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပွဲရုံလုပ်ငန်းရှင်များက မိုးနှမ်းကို ကြိုက်နှစ်သက်ကြပါသည်။ နှမ်းနက်မှာဆီကြိတ်ရာတွင် ဆီအထွက်နှုန်းနည်းသဖြင့် ဆီစက်လုပ်ငန်းရှင်များက ကြိုက်နှစ်သက်မှုရှိ၍ နှမ်းနီမရှိမှသာလျှင် နှမ်းနက်ကို ဆီကြိတ်ကြပါသည်။ နှမ်းနက်ကိုကြိတ်သော နှမ်းနက်ဆီကို ဆေးဖော်ရာတွင် အသုံးပြုကြပါသည်။

      ဆီစက်များတွင် သန့်စင်ပြီးသောနှမ်းများကို ဆီကြိတ်ခွဲရာ ပထမဦးစွာထွက်ရှိလာသော ဆီအကြည်များအား နှမ်းဦးဆီဟုခေါပြီး နှမ်းဦးရေထွက်ပြီးသော နှမ်းဖတ်များကို ထပ်မံကြိတ်၍ စစ်ယူပြီးရရှိသောနှမ်းဆီကို (ရိုးရိုး)နှမ်းဆီဟုခေါ်၍ ဈေးကွက်အတွင်းသို့ ပိဿာဝင်ဘူးများဖြင့်လည်းကောင်း၊ ပေပါများတွင်ထည့်သွင်း၍ ပိဿာချိန်ဖြင့် ရောင်းချကြပါသည်။ ထို့ပြင် နှမ်းဆီ (ရိုးရိုး)အား စားအုန်းဆီနှင့်ရောနှောကာ နှမ်းဆီ(အရော)အဖြစ် ဈေးကွက်တွင် ရောင်းချကြပါသည်။ နှမ်းဆီဈေးနှုန်းများမှာ နှမ်းဦးဆီတစ်ပိဿာလျှင် (၁၂၄၀၀)ကျပ်၊ နှမ်းဆီ(ရိုးရိုး)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် နှမ်းရောဆီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)