ယခင်အပတ်အောက် ဈေးအနည်းငယ်ကျပြီး အဝင်နည်းသော ကုလားပဲ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး မတ်လ၊ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ယခင်အပတ်တွင် ကုလားပဲ(V2)နှင့် ကုလားပဲ(929)တို့ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအပတ်တွင် ကုလားပဲ(V2)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ (V2)တစ်တင်းလျှင်(၆၈၀၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅)တင်း/(၇)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းအား နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျှင်(၆၉၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ် ဈေးလျော့၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)