တောင်ငူမြို့နယ်၏ အုတ်ဈေးကွက်

Powered by Drupal

     ပွင့်လင်းရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အုတ်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များ၏ မြေအုတ်လုပ်ငန်းများမှာ အရောင်းသွက်နေကြပါသည်။ အုတ်လုပ်ငန်းကို မိုးအကုန်နှင့် ဆောင်းအကူးဖြစ်သော နိုဝင်ဘာလတွင် စတင်လုပ်ကိုင်ကြပါသည်။ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များရရှိမှသာ လုပ်ငန်းများစတင်ဆောင်ရွက်သည်ဟု သိရှိရပါသည်။

      လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့်လုပ်သားများအတွက် နေထိုင်မှုအဆင်ပြေစေရန် ယာယီတဲများထိုးပေးခြင်း၊ လုပ်သားခများမရရှိမီ လုပ်ငန်းခွင်တွင်အဆင်ပြေစေရန် ဆန်အိတ်၊ ဆီပုံးများကို ကြိုတင်ထုတ်ပေးခြင်းများဆောင်ရွက်ရပါသည်။ လုပ်ငန်းခွင်တွင် အထိုင်ကျလာသည့်အခါ၊ လုပ်သားခများစုမိလာသည့်အချိန်တွင် ကြိုတင်ငွေများကို ပြန်လည်ခုနှိမ်ပါသည်။

     လုပ်ငန်းများစတင်သည်နှင့် ရွှံ့အုတ်များနေလှန်းရန် မြေနေရာရှင်းလင်းခြင်း၊ ထင်းစုဆောင်းခြင်းများဆောင်ရွက်ရပါသည်။ နေလှန်းအုတ်များခြောက်လာသည့်အခါ မီးဖုတ်ရန် အုတ်လုံးရေ ၁၅၀၀၀လုံးခန့်စီ၍ ဖိုဆင်ရပါသည်။ ဖိုဆင်ပြီးလျှင် ထင်းထိုးရန်မီးတင်ရပါသည်။ ထင်းဖြင့် မီးတင်သည့်အုတ်ဖိုများရှိသကဲ့သို့ စပါးခွံဖြင့် မီးတင်သည့်အုတ်ဖိုများလည်းရှိပါသည်။

   ကြယ်သုံးလုံးအုတ်လုပ်ငန်းသည် အုတ်များကိုထင်းမီးဖြင့်သာ ကျက်အောင်ဖုတ်ရပါသည်။  ယခင်နှစ် ၂၀၂၂ခုနှစ်က ထင်းဖောကားတစ်စီးလျှင် ၆၅၀၀၀ကျပ်ပေးရပြီး ယခုနှစ် ၂၀၂၃ခုနှစ်တွင် ၈၀၀၀၀ကျပ်ပေးရပါသည်။ ယခင်နှစ်က အုတ်ဈေးနှုန်းမှာ အထိုင်ဈေးတစ်လုံးလျှင် ၉၀ကျပ်ဖြစ်ပြီး ယခုနှစ်တွင် အထိုင်ဈေးတစ်လုံးလျှင် ၁၀၅ကျပ်ဖြစ်ပါသည်။ တောင်ငူမြို့တွင်း အရောက်ပို့ပေးရလျှင် အုတ်လုံးရေ ၂၀၀၀လုံးအောက်ဖြစ်ပါက တစ်လုံးလျှင် ၁၂၀ကျပ်၊ အုတ်လုံးရေ ၂၀၀၀လုံးအထက်ဖြစ်ပါက တစ်လုံးလျှင် ၁၁၅ကျပ်ဖြင့် ပို့ဆောင်ပေးပါသည်။

     ကြယ်သုံးလုံးအုတ်လုပ်ငန်းတွင် လုပ်သားအင်အား ၁၂၀ဦးခန့်ရှိကြောင်း၊ ပွင့်လင်းရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ကြသည့်အတွက် အရောင်းသွက်ကြောင်း၊ ဧပြီလနောက်ပိုင်းတွင် အုတ်ကျင်းမှမီးဖုတ်အုတ်များကို ဂိုဒေါင်ထဲထည့်ကာ လှောင်ထားကြောင်း၊ မိုးရာသီတွင် အုတ်ဈေးအနည်းငယ်တက်ကြောင်း၊ အကျိုးအမြတ်များစွာမရရှိသော်လည်း လုပ်သားများအား အလုပ်အဆင်ပြေစေရန်ဆောင်ရွက်ပေးနိုင်သည့်အတွက် ကျေနပ်အားရပါကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)