တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး အလုံးချောအကြီး ၁လုံးလျှင် ၁၈၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၅၀၀ ကျပ်နှင့် အခွံနွှာထားသော အုန်းသီး ၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။
ကြွက်မြီးပါ အုန်းသီးအလုံးချောအကြီးနှင့် အခွံနွှာထားသောအုန်းသီး ဈေးနှုန်းကွာခြားရခြင်းမှာ မြန်မာ့ဓလေ့ထုံးတမ်းအရ နတ်တင်ရာတွင်လည်းကောင်း၊ ဘုရားပွဲတင်ရာတွင်လည်းကောင်း ကြွက်မြီးပါသော အုန်းသီးအား အသုံးပြုရသောကြောင့် ဖြစ်ပါသည်။ ဘုရားပွဲ၊ နတ်ပွဲ တင်ရာတွင် ဗန်းထဲတွင် အဓိကအားဖြင့် အုန်းသီးနှင့်ငှက်ပျောသီးအား ထည့်၍ တင်ရသောကြောင့် ယင်းအုန်းသီးအရောင်းဆိုင်တွင် နှီးဗန်းလေးများအားလည်း အရံသင့်ရောင်းချပေးလျှက်ရှိပါသည်။ နှီးဗန်းကလေး ၁ ဗန်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
အုန်းသီးအား ဘုရားပွဲ၊ နတ်ပွဲများတွင်သာမက ယခုကဲ့သို့ ပူအိုက်သောရာသီတွင် ရောင်းအားကောင်းလျက်ရှိသော ရွှေရင်အေး၊ မုန့်လက်ဆောင်းနှင့် မြန်မာ့ရိုးရာမုန့်မျိုးစုံများတွင် လည်းထည့်သွင်းအသုံးပြုရသောကြောင့် အုန်းသီးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)