ပြည်ဘူးသီးရှားပါးမှုကြောင့် ဈေးမြင့်တက်

Powered by Drupal

        မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံများထဲတွင် ဘူးသီးသည် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ဘူးသီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်သည်။ ပြည်မြို့ရဲ့ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ တောင်လုံးညို၊ ဖိုးခေါင် အစရှိသည့်နယ်များတွင်စိုက်ပျိုးကာ ပြည်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် ဈေးအသေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဘူးပင်စိုက်ပျိုးရာတွင် ရေများများလောင်း  နိုင်ကာမှ အပင်ကြီးထွားပြီ အသီးများများ တင်နိုင်သော်လည်း ရေများပြီးသွင်းမိလျှင် အပင်ခြေရင်း တွင် ရေဝပ်သွားပြီး အမြစ်ကိုလေမတိုးခြင်းကြောင့် အမြစ်များရိကာ အပင်သေသွား နိုင်သည် အထိဖြစ်တတ်ပါသည်။ ဘူးပင်သည် ရေရရှိမှုအဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ယခုကာလနွေရာသီ မတ်/ဧပြီ လမှစ၍ ပြည်မြို့အနီးတဝိုက်ဒေသများတွင် ရေရရှိမှုနည်းပါးသွားသဖြင့် ထွက်ရှိမှုသိသိသာသာ နည်းသွားသည့်အတွက် ပြည်ဈေးကွက်တွင် ဘူးသီးရှားပါးကာ ဘူးသီးဈေးနှုန်းများ သိသာစွာမြင့်တက်သွားပါသည်။ ယခင်က ဘူးသီးတစ်စိတ်လျှင် ကျပ်(၁၀၀) ရှိခဲ့ပြီး မတ်လကုန်ခါနီးမှစ၍ ကျပ်(၂၀၀-၃၀၀)တို့ဖြင့် ဈေးနှုန်းမြင့်တက် ရောင်းချလာတာ  တွေ့ရပါသည်။ ဘူးသီးအလုံး လိုက်ဆိုလျှင်လည်း အကြီး၊ အသေးပေါ်မူတည်၍ အနည်းဆုံး ကျပ်(၅၀၀-၇၀၀)မှ အများဆုံး ကျပ်(၉၀၀-၁၀၀၀)ထိသာရှိခဲ့ပြီး ယခုဧပြီလဆန်းပိုင်းနှင့် သင်္ကြန်ကျော်ကာလများတွင် အသေးတစ်လုံးကို ကျပ်(၁၂၀၀-၁၃၀၀)နှုန်းရှိ၍ အကြီးတစ်လုံးကို ကျပ်(၁၈၀၀ မှ ၂၂၀၀)ထိ နှုန်းများဖြင့် အသီးသီးဈေးကွက်ထဲတွင် ရောင်းချနေကြကြောင်း သိရပါသည်။

       ဘူးသီးကို မုန့်နှစ်လေးနဲ့ကြော်စားစား၊ ကြက်သားဘူးသီးဟင်းခါးလေးဘဲချက်စားစား၊ ချဉ်ရည်ဟင်းထဲ ဘဲထည့်ချက်စားစား၊ ဟင်းချိုချက်လျှင်လည်းထည့်သွင်း၍ အမျိုးမျိုးချက်ပြုတ် စားသုံးကြသဖြင့် လူတိုင်း ကြိုက်နှစ်သက်သည့် သီးနှံဖြစ်ပါသည်။ ဘူးသီးတွင်ရေဓါတ် (၉၂%) ပါဝင်ပြီး၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ နှင့် သံဓါတ် ဖောလိတ်ဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်ဆီယမ် နှင့်ပရိုတင်းဓါတ်တို့ ပြည့်ပြည့်စုံစုံ ပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ဆုံး သီးနှံတစ်မျိုးဖြစ်ပြီး ထွေထွေထူးထူး သတိထားစရာ မလိုပေမယ့် ဘူးသီးသည် အအေးစာဖြစ်သည့်အတွက် အလွန်အကျွံမစားမိဖို့တော့ သတိထား ရှောင်ရှားရန်လိုအပ်ပါသည်။

       ဘူးသီးသည် စားသုံးသူများနှစ်လည်ခါပတ် စားသုံးသည့် သီးနှံဖြစ်ပြီး စိုက်ပျိုးသူများမှ စိုက်ပျိုးရလွယ်ကူသော၊ ရင်းနှီးစိုက်ထုတ်ရငွေနည်းပါးသော မိမိတို့အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေရရှိနိုင်စေသည့် သီးနှံဖြစ်သည့်အတွက် ယခုလိုရှားပါးချိန်တွင် စိုက်ပျိုးသူများမှ ဈေးကောင်းရ အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း  သိရပါသည်။

DOCA(ပဲခူး)