ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ယခုနှစ်တွင် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဈေးနှုန်းကျဆင်းမှုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ထုတ်လုပ်သူများအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr. Trương Đình Hòe က ပြောကြားခဲ့ပါသည်။
၂ဝ၂၃ ခုနှစ် ပထမသုံးလပတ်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ၄ဝ% ကျဆင်းလျက် ဒေါ်လာ ၅၇၇ သန်းသို့ ရောက်ရှိခဲ့သည်။ ၂ဝ၂၂ ခုနှစ်အကုန်ပိုင်းမှ စတင်၍ ကမ္ဘာ့ဈေးကွက်တွင် ပုစွန်ဈေးနှုန်းများမှာ တဖြည်းဖြည်းကျဆင်းလာပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအကုန်ပိုင်း၌ အိန္ဒိယပုစွန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင်ငွေ ၁၁ဝဝဝဝ (၄.၅၃ အမေရိကန်ဒေါ်လာ) သို့ ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ့ပုစွန်ရောင်းလိုအား တန်ချိန် ၆ သန်းခန့် ရှိလာသည့်အချိန်တွင် ပုစွန် ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ပုစွန်ကုန်ကြမ်းဈေးနှုန်းမှာမြင့်တက်လာသဖြင့် ပြည်ပပို့ကုန်ပြုပြင်ထုတ်လုပ်သောလုပ်ငန်းများအတွက် အခက်အခဲဖြစ်ပေါ်စေခဲ့ပါသည်။ မဲခေါင်မြစ်ဝှမ်းဒေသတွင် ပုစွန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇ဝဝဝဝ နီးပါးသို့ ရောက်ရှိခဲ့ပါသည်။ ပုစွန်အစာဈေးနှုန်းမှာ မွေးမြူရေးစရိတ်တွင် ၆၅% ကျော်ပါဝင်နေခြင်းကြောင့် ပုစွန်မွေးမြူထုတ်လုပ်မှုစရိတ်မှာ မြင့်မားလျက်ရှိကြောင်း၊ ထို့အပြင် မျိုးပုစွန်အများစုမှာလည်း ပြည်ပမှ တင်သွင်းနေရသဖြင့် ပုစွန်သားပေါက်မျိုးဈေးနှုန်း မြင့်မားနေကြောင်းနှင့် ထုတ်လုပ်သူများအနေဖြင့် ပုစွန်မွေးမြူရေးကန်များ၏ ရေထုညစ်ညမ်းမှုအတွက်လည်း စရိတ်ပိုမိုကျခံနေရကြောင်းဖြင့် ကျွမ်းကျင်သူများက ပြောဆိုပါသည်။
လတ်တလောနှစ်ကာလများတွင် ပုစွန်သားပေါက်ထုတ်လုပ်ရေးစီမံကွပ်ကဲမှုမှာ အရည်အသွေးအကဲဖြတ်မှုစံချိန်စံညွှန်းများနှင့် စံသတ်မှတ်ချက်များလျော့ရဲနေပြီး ပုစွန်ထုတ်လုပ်မှုကိုစစ်ဆေးထိန်းသိမ်းနိုင်မှုမရှိကြောင်း၊ ထို့အပြင် အရည်အသွေး ပြည့်မီသည့် ပုစွန်သားပေါက်များ လုံလောက်မှုမရှိသဖြင့် ပုစွန်အရည်အသွေး မြှင့်တင်နိုင်မှုမရှိပဲ နိမ့်ကျလျက်ရှိကြောင်း၊ အီကွေဒေါနှင့် အိန္ဒိယတို့ကဲ့သို့သော ပြိုင်ဖက်နိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင် လုပ်ကိုင်ရာတွင် ဗီယက်နမ် ပုစွန်လုပ်ငန်း အနေဖြင့် ဤသို့သောအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်းဖြင့် Mr. Hòe က ပြောကြားပါသည်။
ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် ပုစွန်မွေးမြူထုတ်လုပ်မှုစရိတ်ကို လျော့နည်းစေရန်နှင့် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင်ဆံ့ကာ ဈေးကောင်းရရှိနိုင်သော ပုစွန်များကို ထုတ်လုပ်နိုင်ရန် စီမံကွပ်ကဲခြင်း၊ ရောဂါကင်းစင်ပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိမည့် အရည်အသွေးကောင်းမွန်သော ပုစွန်သားပေါက်များကို ထုတ်လုပ်ခြင်းနှင့် ရှေးရိုးစဉ်လာဈေးကွက်ကို ဆက်လက်ထိန်းသိမ်းပြီး ထိုးဖောက်ရလွယ်ကူသည့်ဈေးကွက်များသို့ ချဲ့ထွင်တင်ပို့ခြင်းတို့ကို လုပ် ဆောင်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ပုစွန်လုပ်ငန်းကဏ္ဍ၌ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပြီး လျာထားသည့် မွေးမြူရေးဧရိယာဟက်တာ ၇၅ဝဝဝဝ မှ ပုစွန်တန်ချိန် ၁.ဝ၈ သန်း ထုတ်လုပ်တင်ပို့လျက် ပို့ကုန်ရငွေ ဒေါ်လာ ၄.၃ ဘီလီယံ ရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ဗီယက်နမ် ငါးပုစွန်မွေးမြူရေး ပညာရှင်များက ပြောဆိုလျက်ရှိကြပါသည်။
ဗီယက်နမ်နိုင်ငံသည် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုးရီးယားနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်သို့ ပုစွန်တင်ပို့လျက်ရှိကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ် ၂ ခု အတွင်း ပုစွန်လုပ်ငန်းကဏ္ဍသည် နှစ်အလိုက် ပျမ်းမျှအားဖြင့် ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၄ဝ%-၄၅% ခန့် ရှိခဲ့ကြောင်းနှင့် ဗီယက်နမ်၏ပုစွန်တင်ပို့မှုသည် ကမ္ဘာ့ပုစွန် ဈေးကွက်တွင် တန်ဖိုးစုစုပေါင်း၏ ၁၃%-၁၄% ရှိကြောင်း သိရှိရပါသည်။
Source: Vietnam News, 17 Apr 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)