“အသီးမှာသရက်” ဆိုသည့်အတိုင်း သရက်သီးသည် အရွက်နုပြီး သရက်ဖူးသည့်အချိန်မှစ၍ သရက်သီး မှည့်သည့်အချိန်ထိ အသုံးဝင်သောအသီး ဖြစ်ပါသည်။ သရက်သီးတွင် ပတ္တမြားငမောက်၊ စိန်တစ်လုံး၊ ထန်းကုန်း (ခေါ်) သကြား၊ ချစ်ထွန်း၊ ရင်ကွဲမျိုး စသည်ဖြင့် အမျိုးမျိုးရှိကြောင်း၊ သရက်ပင်စိုက်ပျိုးရာတွင် အသီးသီးရန် အချိန်(၃)နှစ်ကြာမြင့်ကြောင်း၊ သရက်သီးမှည့်ချိန်မရောက်မီ လေများတိုက်ခက်၍ ရာသီဉတုအခြေအနေကြောင့် အစေ့မယှက်ခင်နှင့် အစေ့ယှက်ပြီး အချိန်များတွင် အသီးကြွေကျတတ်ကြောင်း၊ သရက်ပင်ကိုင်း ပိုးကျ၍လည်း အသီးများ ကြွေတတ်ကြောင်း၊ ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် ကြွေကျသော သရက်သီးများကို အလေအလွင့်မဖြစ်စေရန် ဈေးထဲသို့ ရောင်းချခြင်း၊ အိမ်တွင် နှစ်ပေါက်စားသုံးရန် အသုံးပြုခြင်းများပြုလုပ်ကြပါသည်။
ရာသီစာဖြစ်သည့် သရက်သီးကင်းများကို အတို့အမြုပ်ဖြင့်သော်လည်းကောင်း၊ သရက်သီး အလုံးအတိုင်းဖြစ်သော်လည်းကောင်း၊ သရက်သီးအစိမ်းများကို အလုံးအကြီးအသေး ပေါ်မူတည်၍ (၁)လုံးလျှင် ၅၀ဝိ/-မှ ၇၀ဝိ/-ကျပ်ထိ ရောင်းချချကြောင်း၊ သရက်သီးများကို ခြစ်ဖြင့်ခြစ်၍ သရက်သီးခြစ်ဟူ၍လည်းကောင်း၊ ခြစ်ပြီးသော သရက်သီးများကို ဆားဖြင့်နယ်ကာ သရက်ချဉ်အဖြစ် သော်လည်းကောင်း ရောင်းချကြပါသည်။ သရက်သီးခြစ်၊ သရက်ချဉ်များကို အနည်းဆုံး ၃၀ဝိ/-ကျပ်မှ ၅၀ဝိ/-ကျပ်အထိ ဝယ်ယူ၍ရကြောင်း၊ ဆွမ်းချိုင့်ပို့ရာတွင် သရက်ချဉ်သုပ်အဖြစ် ထည့်၍ ပို့ကြကြောင်း သိရှိရပါသည်။ အိမ်တွင်လည်း သရက်သီးများကို အတို့အမှုန့်၊ ငရုတ်သီး၊ ငပိထည့်ကာ သရက်သီးသုပ်အဖြစ်လည်း စားသုံးကြပါသည်။
နှစ်ပေါက်စားသုံးရန် ကြွေကျလာသော သရက်သီးများကို အလေအလွင့်မဖြစ်စေရန် အခွံ သင်ပြီး ဓါးဖြင့် ပါးပါးလှီးကာ ပိုးမကျစေရန် ဆားအနည်းငယ်ထည့်နယ်၍ နေပူလှမ်းပြီး သရက်သီးခြောက်အဖြစ် အသုံးပြုကြကြောင်း၊ အချို့မှာ သရက်သီးအနေတော်အလုံးများကို ရေနွေး အအေးခံကာ ဆားထည့်၍ ဗူးဖြင့်ထည့်ကာ သရက်သီး ဆားရေစိမ်၍သော်လည်းကောင်း၊ အချို့မှာ သရက် သီးကို လေးစိတ်ခွဲ၍ ဆားရေဖြင့် ရေမြှပ်အောင်စိမ်ရကြောင်း၊ စိမ်ပြီးသော သရက်သီးများ ဝါလာပါ က (၁)ရက် နေလှမ်းကာ နုတ်နုတ်ကိုက်ပြီး ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားအနည်းငယ်၊ မဆလာ၊ သကြား၊ အရောင်တင်တို့ဖြင့် ဆီချက်ပြီး ဖန်ဗူးများဖြင့် ဆီမြုပ်အောင်ထည့်ကာ လေလုံအောင် ထား၍ သရက်သီးသနပ်အဖြစ် အသုံးပြုကြကြောင်း၊ ဆားရေစိမ်ပြီးသော သရက်သီးများကို နေပူတွင် လှမ်း၍ သရက်သီးခြောက်အဖြစ် သိမ်းဆည်းပြီး စားချင်သည့်အချိန်ရောက်မှ ရေနွေးဖြင့် ပြုတ်ကာ သရက်သီးကလည်တည်အဖြစ်အသုံးပြုကြကြောင်း သိရှိရပါသည်။ သရက်သီးခြောက်၊ သရက်သီး သနပ်၊ သရက်သီးဆားရေစိမ်၊ သရက်သီးကလည်တည်များ ပြုလုပ်ရာတွင် စိန်တစ်လုံး သရက်၊ ချစ်ထွန်း သရက်နှင့် ထန်းကုန်းသီးတို့ကို ပို၍ အသုံးများကြောင်း သိရှိရပါသည်။
သရက်သီးသည်ရာသီစာအဖြစ်သော်လည်းကောင်း၊ နှစ်ပေါက်စားရန်အတွက်သော်လည်းကောင်း မရှိမဖြစ်အရေးပါသော အသီးဖြစ်ပြီး အရွက်နုမှစ၍ အသီးမှည့်ချိန်ထိ ဝင်ငွေရသော အသီးဖြစ်ပါသည်။ ထိုသို့ ဝင်ငွေရသော အသီးများကို အလေအလွင့်မဖြစ်စေရန် ထိန်းသိမ်းရမည့်အပြင် ရာသီဥတုနှင့် ကိုက်ညီသောဒေသများတွင် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)