တောင်ငူမြို့ ညောင်ပင်ဈေးတွင် တညင်းသီးများရောင်းချနေပြီဖြစ်ရာ တောင်ငူမြို့ အရှေ့ဘက် သံတောင်ဒေသထွက် တညင်းသီးများကို တောင်ငူမြို့တွင်လာရောက် ရောင်းချကြခြင်း ဖြစ်ပါသည်။ သံတောင်ဒေသထွက် တညင်းသီးများသည် မတ်လကုန်လောက်တွင်စတင်ပေါ်ပါသည်။ ပေါ်ခါစ တညင်းသီးများမှာ အသီးသေး၍ မရင့်ပါ။ တညင်းသီးရာသီချိန်တွင် မြန်မာလူမျိုးအများစု၏ ထမင်းစားပွဲတွင် ငါးပိရည်နှင့်တွဲဖက်၍ တညင်းသီးကို အတို့အဖြစ် စားသုံးကြပါသည်။ တညင်းသီး ကို ပြုတ်၍လည်းကောင်း၊ ဆားရေစိမ်၍ သော်လည်းကောင်း၊ အစိမ်းစား၍သော်လည်းကောင်း စားကြပါသည်။ တညင်းဝက်ပြုလုပ်၍သော်လည်းကောင်း ချက်စား၍ စားသုံးကြပါသည်။
တညင်းသီးတွင် ကာဗိုဟိုက်ဒြိုတ်၊ ပရိုတင်းနှင့် အဆီဓါတ်များပါဝင်ပါသည်။ သို့သော် တန်ဆေးလွန်ဘေးဆိုသကဲ့သို့ တညင်းသီးအား အလွန်အကျွံစားသုံးပါက ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်ပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးတွင် တညင်းသီးမှာ အလုံးသေး (၁၀) လုံးလျှင် ၁၀၀၀ကျပ် နှင့် အလုံးကြီး (၁၀) လုံးလျှင် ၂၀၀၀ကျပ် အသီးသီးဈေးနှုန်း ဖြစ်ပေါ်လျက်ရှိပါသည်။ ရှေ့မိုးဦးကျရာသီတွင် တောင်ငူဒေသထွက် တညင်းသီးများ လှိုင်လှိုင်ပေါ်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)