ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ မန်ကျည်းသီးရောင်းဝယ်ရေးပွဲရုံဖြစ်သည့်နီလာပွဲရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ မန်ကျည်းသီးထွက်ရှိမှုများသော ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့နှင့် ကမ္မ၊ မြစ်ခြေမြို့များမှထွက်ရှိသောမန်ကျည်းသီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ မန်ကျည်းလုံးတည်း(အစေ့ပါ)များ ဧပြီလ(တတိယပတ်)တွင် တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၂)သောင်း၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၁)သိန်းခွဲခန့်ဝင်ရောက်လျက်ရှိကြောင်း၊ မန်ကျည်းလုံးတည်း(အစေ့ပါ)တစ်ပိဿာလျှင် ကျပ်(၁၀၀၀/၁၁၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးများကို မန္တလေးမြို့သို့ ပြန်လည်တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ပွဲရုံရောက်လာသောမန်ကျည်းသီးများကို ကုန်တင်ကုန်ချအလုပ်သမားငှားရမ်း၍ ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားတစ်ဦးလျှင် ပိဿာ(၄၀)ဝင်တစ်အိတ်လျှင် ကုန်တင်ကုန်ချလုပ်သားခ (၇၀)ကျပ်နှင့် မန်ကျည်းသီးများပြန်လည်ထုတ်ပိုးပြုပြင်ပြီး တစ်အိတ်လျှင် ကုန်တင်ခ(၃၅၀)ကျပ်ခန့်ရရှိ၍ ပွဲရုံလုပ်ငန်းဖြစ်ခြင်းကြောင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိကြောင်း နီလာပွဲရုံလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)