ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး စားသုံးဆီများဖြန့်ဖြူးပေး

Powered by Drupal

     စားသုံးသူပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာသောနှုန်းထားများဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရေးရည်ရွယ်လျက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား (၁၆-၁၂-၂၀၂၁) ရက်နေ့တွင် အဖွဲ့ဝင် (၁၄ )ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့အနေဖြင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီသည့် စားသုံးဆီများတင်သွင်းရန်ကြီးကြပ်ခြင်း၊ စားသုံးဆီသင်္ဘော (In bulk) ဖြင့် တင်သွင်းခြင်းအပြင် ကွန်တိန်နာဖြင့် တင်သွင်းခြင်းတို့အား စိစစ်ကြီးကြပ်ခြင်း၊ ပြည်ပမှတင်သွင်းလာသည့်ဆီသင်္ဘောများ ဆိပ်ကမ်းတွင်မကြန့်ကြာစေရေး ကြီးကြပ်ခြင်း၊ ဆီထည့်သွင်းမည့်သိုလှောင်ကန်များ သန့်ရှင်းစိတ်ချရမှုရှိ/မရှိကြိုတင်စိစစ်ခြင်း၊ လက်ခံချယူခြင်းမပြုလုပ်မီ ဆီသင်္ဘောမှ နမူနာရယူခြင်း၊ ပေးပို့ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရေး ကြပ်မတ်ပေးခြင်း၊ ဆီသိုလှောင်ကန်သို့ထည့်သွင်းနေစဉ် (၁) နာရီလျှင် တစ်ကြိမ် နမူနာရယူခြင်းနှင့် မျက်မြင်စစ်ဆေးခြင်း၊ ဆီအရည်အသွေးပိုင်းနှင့် ထူးခြားမှုရှိပါက သတင်းပို့တင်ပြခြင်း၊ FDA ထောက်ခံချက်ရရှိပြီးမှသာ ဆီသိုလှောင်ကန်မှ ဈေးကွက်သို့ဖြန့်ဖြူးထုတ်ပေးမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း၊ သိုလှောင်ကန်မှ ထုတ်ယူဖြန့်ဖြူးနေချိန်အတွင်း အရည်အသွေးပိုင်းကို အခါအားလျော်စွာစိစစ်ပေးခြင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသောစားသုံးဆီများ FDA ကအသိအမှတ်ပြုသော စားသုံးဆီဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ပြည်ပမှစားသုံးဆီသင်္ဘောဝင်ရောက်မှုကို တင်သွင်းကုမ္ပဏီ၊ နိုင်ငံ၊ တန်ချိန်၊ လိုင်စင်ရက်စွဲဖော်ပြ၍ လစဉ်တင်ပြခြင်း၊ စားသုံးဆီသိုလှောင်ကန်တွင် သိုလှောင်ထားသောဆီပမာဏကို အပတ်စဉ်တင်ပြ၍ လိုအပ်ပါက စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းဝယ်မှုလုပ်ငန်းစဉ်တွင် မသမာသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများရှိလာပါက အရေးယူဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင် းစသည့်လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

      ထပ်မံ၍ (၂၈-၁-၂၀၂၂) ရက်နေ့တွင် “ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး လုပ်ငန်းတာဝန်(၆)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလွှဲနှုန်းဖြင့် နိုင်ငံခြားငွေရရှိ၍ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီမှ Quota အလိုက် တင်သွင်းလာမှုများကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏စီမံခန့်ခွဲမှုဖြင့် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

    ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ကြီးကြပ်မှုဖြင့် ဆီကန်များမှ ဆီထုတ်ယူရာတွင် Food Grade အဆင့်ရှိ အဝါရောင်ပေပါများအသုံးပြု၍ ဆီထုတ်ယူခြင်းများကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ စားသုံးဆီသိုလှောင်ကန်မှ ဆီများထုတ်ယူရာတွင် (၁)ရက်လျှင် တန်(၁၄၀၀)ထက်မပိုသောပမာဏဖြင့် ထုတ်ယူခွင့်ပြုထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များသို့ ရောင်းချနိုင်ရေးအား (၁၇-၂-၂၀၂၂) ရက်နေ့မှ (၅-၄-၂၀၂၂) ရက်နေ့ထိ ကုမ္ပဏီ (၁၈) ခုက မြို့နယ် (၂၉) မြို့နယ်သို့ အရောင်းဈေးကား (၇၁) စီးဖြင့် ဖြန့်ဖြူးရောင်းချပေးစေခြင်း၊ အခြားတိုင်းဒေသကြီး ပြည်နယ်များအတွင်း နေ့စဉ်ဈေးကားဖြင့် ရောင်းချနိုင်ရေးအတွက် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

      ပြည်သူများသို့ စားသုံးဆီဖြန့်ဖြူးရန် စားသုံးဆီများထုတ်ယူရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် ကုမ္ပဏီပိုင်စက်ရုံများ၊ သိုလှောင်ရုံများသို့ ဆီသယ်ယူရာတွင် Food Grade ဆီသယ်ယာဉ်များဖြင့်သာသယ်ယူစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ဖြန့်ဖြူးရာတွင်လည်း New Drum, Clean Drum, Yellow Drum များကိုအသုံးပြုစေရေး ကြပ်မတ်ပေးခြင်း၊ Drum နှင့် ထုပ်ပိုးပစ္စည်းများတွင်လည်း သက်ဆိုင်ရာကုမ္ပဏီ၏ Logo ပါဝင်သည့် Cap Seal အသုံးပြုစေခြင်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

      တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများသို့ (၁၁၉၀၈၅) ပိဿာအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် (၄၄) မြို့နယ်ရှိ အခြေခံစားသုံးသူပြည်သူများကို ပထမအကြိမ်၌ စားသုံးဆီ (၆၈၆.၅) တန်နှင့် ဒုတိယအကြိမ်၌ (၉၈) တန်အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ တစ်ရက်လျှင် (၄၄) ပေပါနှင့် တစ်ပတ်လျှင် (၂၂၀)ပေပါနှုန်းဖြင့် အများပြည်သူများသက်သာသောနှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆက်လက်၍ရောင်းချပေးလျက်ရှိပါကြောင်းနှင့် “စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများဝယ်ယူရရှိစေရေးနှင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းစဉ်များဖြင့် စနစ်တကျဆောင်ရွက်စေရေး” ဟူသော ရည်ရွယ်ချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)