“ပေါ်ဦးပေါ်စ စိန်တစ်လုံးသရက်သီး စျေးနှုန်းအခြေအနေ”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအဓိကထား လုပ်ကိုင်ကြသော်လည်း ကျေးလက်နေတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကို ယာမြေနှင့် ဉယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။သရက်စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီးအရည်အသွေးကောင်းမွန်သောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိပြီး တောင်သူ အများစုသည် စိန်တစ်လုံးသရက်ကိုသာ အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် အများဆုံးစိုက်ပျိုးလာကြကြောင်း ၊ သရက်စိုက်ပျိုးရာတွင် ယခင်က အစေ့ပျိုးပင်များကိုသာ စိုက်ပျိုးကြပြီး  ယခုအချိန်တွင် ခေတ်သစ်နည်းစနစ်ဖြင့် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း ၊ ကိုင်းကူးပျိုးပင်စျေးနှုန်းအနေဖြင့် (၁)ပေမှ(၂)ပေအမြင့်ရှိသော ပျိုးပင်တစ်ပင်လျှင်(၂၀၀၀/-)ကျပ်နှင့် (၂)ပေ မှ (၃)ပေ အမြင့်ရှိသော ပျိုးပင်တစ်ပင်လျှင် (၃၀၀၀/-)ကျပ် စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ ကိုင်းကူးပျိုးပင်များ စိုက်ပျိုးခြင်းဖြင့် အသီးသီးမြန်ခြင်း ၊ သရက်သီးများအလုံးလှ၍ စျေးကောင်းရရှိခြင်း ၊ အသေအပျောက်နည်းပါးပြီး ကုန်ကျစရိတ် သက်သာသောကြောင့် သရက်စိုက် တောင်သူများသည် ကိုင်းကူးပျိုးပင်များကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ အထွက်နှုန်းအနေဖြင့် စိုက်ပျိုးပြီး အပင်သက်တမ်းပေါ်မူတည်၍ အပင်သက်တမ်း(၂-၃)နှစ်သား တစ်ပင်လျှင်သရက်သီးအရေအတွက်(၂၀၀)လုံးခန့်ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် သရက်သီးရာသီချိန်တွင် ဆေးဖြန်းခြင်း၊မြေသြဇာကျွေးခြင်းနှင့်အိတ်စွပ်ခ၊အသီးခူးဆွတ်ခ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ သရက်သီးကို အိတ်စွပ်ခြင်းဖြင့် အရောင်အသွေးကောင်းမွန်ခြင်း၊ ပိုးမွှာအန္တရာယ်ကာကွယ်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် စျေးကွက်ကောင်းများ ရရှိကြောင်း ၊ စိန်တလုံးသရက် စျေးကွက်အနေဖြင့် ယခင်က အထွက်နှုန်းကောင်းသော်လည်း စျေးနှုန်းရရှိမှု နည်းပါးပြီး ယခုနှစ်တွင် အထွက်နှုန်းနည်းပြီး စျေးကောင်းရရှိသောကြောင့် သရက်သီး ပေါ်ဦးပေါ်စထွက်ပေါ်ချိန်တွင် ပြည်ပစျေးကွက်သို့တင်ပို့ရောင်းချခြင်းမရှိသေးသော်လည်း ပြည်တွင်း စျေးကွက်ကိုသာရောင်းချလျက်ရှိကြောင်း၊ စိန်တစ်လုံးသရက်သီး တစ်လုံးလျှင် အကြီး ၊ အသေးပေါ်မူတည်ပြီး (၆၀၀-၈၀၀)ကျပ်စျေးအထိ ရောင်းချရပြီး အိတ်စွပ်သရက်သီးတစ်လုံးလျှင် (၁၀၀၀-၁၂၀၀)ကျပ်အထိ စျေးနှုန်းများရရှိကြောင်း သိရှိရပါသည် ။ “အရွက်မှာလက်ဖက်၊အသီးမှာသရက်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း စိန်တစ်လုံးသရက်သီးကို စားသုံးခြင်းဖြင့် အနံ့အရသာ ချိုမွှေးပြီး အသားနုညံ့၍ အမျှင်ကင်းပြီး သီးလုံးပြင်ပအရောင်မှာ ဝင်းဝါတောက်ပပြီး အထားခံခြင်းစသည့် ကောင်းခြင်းလက္ခဏာများရှိခြင်းတို့ကြောင့် ပြည်တွင်းစားသုံးမှုတွင်သာမက ပြည်ပနိုင်ငံများကပါ အကြိုက်များသောကြောင့် စိန်တစ်လုံးသရက်သီးနှံကို  ပိုမိုတွင်တွင်ကျယ်ကျယ် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)