ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ငရုတ်သီးစိမ်းကို ဦးစားပေးစိုက်ပျိုးကြရာ ငရုတ်သီးစိမ်း စိုက်ဧကမှာ (၇၆၃)ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှပိဿာ (၁၃၀၀)ကျော်ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးခြောက်စိုက်ဧကမှာ (၄၅၀)ဧကရှိကြောင်း သိရပါသည်။ ငရုတ်သီးကို ချဉ်လွန်းသော မြေတွင် စိုက်ပျိုးရန်မသင့်လျော်ဘဲ သဲဆန်သောမြေနှင့် မြေဆွေးမြေများတွင်သာ ကောင်းစွာ ဖြစ်ထွန်းပါသည်။ စောစီးစွာစိုက်ပျိုးခြင်းသည် ငရုတ်သီးကိုကောင်းစွာရင့်မှည့်ချိန် ပေးပြီးသားဖြစ်၍ ရောင်းဝယ်ရာတွင် ရောင်းပန်းလှ၍ အရောင်းအဝယ်မှာလည်း သွက်ပါသည်။ နေရောင်ကိုကောင်းစွာကြိုက်၍ အပူကြိုက်သော အသီးဖြစ်သောကြောင့် နေရောင်ကောင်းစွာရရှိရန် လိုအပ်ပါသည်။ ငရုတ်သီးစိမ်းပင်ကို စိုက်ပျိုးပြီး (၂/၃) လအကြာတွင် ငရုတ်သီးများစတင်ခူးဆွတ်ရပြီး (၅)ရက်တစ်ကြိမ် ခူးဆွတ်ကြောင်း သိရပါသည်။
ပြည်မြို့တွင် ငရုတ်သီးစိမ်းကို ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာများအပြင် အချို့သော ကျေးရွာများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ထွက်ရှိ လာသောငရုတ်သီးစိမ်းများကို ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ပီနန်ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၈၀၀၀ မှ ၁၀၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချရပြီး၊ ကျောက်စိမ်းငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀ -၈၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။ ငရုတ်စိုက်ပျိုးသူတောင်သူများအနေဖြင့် ငရုတ်သီးဈေးနှုန်းမှာ ယခင်ကထက် ပိုမို၍ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလာကြသကဲ့သို့ အမြတ်အစွန်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)