တောင်ငူမြို့မှ ဈေးကွက်အဝယ်လိုက်သည့် ငုသီး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ငွေလှံအိုးကုန်းရပ်ကွက်၊ နိုင်နိုင်ကျော် ပွဲရုံတွင် ငုသီးအတောင့် အမှည့် တစ်ပိဿာလျှင် ၈၀၀ ကျပ်ဖြင့် ဝယ်ယူနေပါသည်။ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် အလေ့ကျပေါက်သော ငုပင်များရှိသကဲ့သို့ သီးသန့်စိုက်ပျိုးထားသည့် ငုပင် များလည်း ရှိပါသည်။ နိုင်နိုင်ကျော်ပွဲရုံသို့ ဒေသအနှံမှ တင်ပို့ရောင်းချရာ တစ်ရက်လျှင် ပိဿာ ၄၀၀ ခန့် ဝယ်ယူ ရကြောင်း ၊ ဖေဖော်ဝါရီလမှစ၍ မေလအထိ ပုံမှန်ဝယ်ယူရကြောင်း သိရပါသည်။

       ပွဲရုံသို့ ဝင်ရောက်လာသော ငုသီးများကို လုပ်သားများဖြင့် အခွံခွာကြပါသည်။ အခွံများ ခွာပြီး သွားလျှင် အသီးအတွင်းမှ အစေ့ရောနှောလျက် အနှစ်များထွက်ရှိလာပါသည်။ လုပ်သား တစ်ဦး တစ်ရက်လျှင် ပိဿာ ၂၀ ခန့် အခွံခွာနိုင်ပါသည်။ ငုသီးကုန်ကြမ်း တစ်ပိဿာ အခွံခွာပြီးလျှင် လုပ်သားခ ၄၀၀ ရသဖြင့် လုပ်သားတစ်ဦး တစ်နေ့ လုပ်ခ ၈၀၀၀ ကျပ်ရပါသည်။ အစေ့ အနှစ်ရော များကို ကုန်ချောအဖြစ်ရရှိအောင် အစေ့များဖယ်ထုတ်ခြင်း၊ အလုံးလိုက်ဖြစ်နေသည့် အနှစ်များကို တစ်ဖတ်ခြင်းခွာခြင်း၊ ရရှိလာသည်များကို နေလှန်းခြင်းများ ပြုလုပ်ရပါသည်။

    ငုသီးအတောင့် တစ်ပိဿာလျှင် ကုန်ချော ၃၅ ကျပ်သားခန့် ပြန်လည်ရရှိပါသည်။ သန့် စင်ပြီး ငုသီးအနှစ်ဖတ်များကို တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရပါသည်။ ရန်ကုန် မြို့နှင့် မန္တလေးမြို့များမှ ကုန်သည်များက ဝယ်ယူပါသည်။ ရန်ကုန်မြို့မှ လာရောက်ဝယ်ယူသည့် ကုန်သည်များသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့လည်းကောင်း၊ မန္တလေးမြို့မှ လာရောက် ဝယ်ယူသည့် ကုန်သည်များသည် တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချကြောင်း၊ ပြည်ပ နိုင်ငံများတွင် ငုသီးအနှစ်အဖတ်များကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း ပွဲရုံပိုင်ရှင် ဦးနိုင်နိုင်ကျော်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)