ကန့်ဘလူ၊ ကျွန်းလှဒေသတို့၌ ရာသီစာ မန်ကျည်းရွက်ဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

     မန်ကျည်းပင်ကို နေရာဒေသမရွေးစိုက်ပျိုးထားကြပြီး အရိပ်ရအပင်အဖြစ် တစ်မျိုး၊ စားပင်/သီးပင်အဖြစ်တစ်သွယ်၊ ထင်းအဖြစ်တလဲ အသုံးပြုရန်အတွက် အိမ်တိုင်းနီးပါးစိုက်ပျိုးထားရှိကြပါသည်။ မန်ကျည်းပင်သည် အရွက်နုမှအစ အသီးမှည့်ချိန်အထိအသုံးဝင်ကာ ဝင်ငွေတစ်မျိုးရရှိနေသောအပင်တစ်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်းရွက်နုနုလေးများကို အချည်ရည်အဖြစ် ကျိုချက်၍သော်လည်းကောင်း၊ အရွက်နုကို ဆားနှင့်နယ်၍ ခရမ်းချဉ်သီးပြုတ်ရည်၊ ပုစွန်ခြောက်နှင့် မြေပဲဆံတောင်းတို့ကိုထည့်ကာ ရေအေးထည့်ပြီး ဟင်းချိုဖောက်သောက်၍သော်လည်းကောင်း၊ အရွက်နုကို ရေနွေးဖျောကာ သုပ်စား၍သော် လည်းကောင်း၊ ရှားပါသောရာသီတွင်စားသုံးရန် ဘူးများဖြင့်အချဉ်သိပ်ကာ မန်ကျည်းချဉ်အဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ထို့ပြင် မန်ကျည်းအပွင့်များကိုလည်း ပြုတ်၍သုပ်စားခြင်း၊ မန်ကျည်းသီးစိမ်းအနုလေးများကို ထောင်း/ချက်စားခြင်း၊ မန်ကျည်းသီးများကြီးလာလျှင်လည်း ပြုတ်၍ချဉ်ရည်ကျိုခြင်းနှင့် အသုပ်မျိုးစုံရောင်းချသူများသည် မန်ကျည်းသီးအမှည့်ကိုမူ အကြော်၊ စမူစာ၊ ကော်ပြန့်ကြော်၊ အကင်မျိုးစုံနှင့် အချဉ်ဖော်စပ်ခြင်းတို့အတွက် အသုံးပြုကြပါသည်။ ယခုအခါ မန်ကျည်းရွက်နုများသည် ဧပြီလ၊ လဝက်လောက်မှစတင်ပေါပြီး သင့်တော်ရုံတစ်ပုံလျှင် (၃၀၀)ကျပ်၊ နှစ်ပုံလျှင် (၅၀၀)ကျပ်တို့ဖြင့် စတင်ရောင်းချကာ ယခုမေလ(ပထမပတ်)တွင်မူ မန်ကျည်းရွက်နုအပုံများသည် များလာသည့်အပြင် ဈေးနှုန်းများမှာလည်း တစ်ပုံလျှင် (၂၀၀)ကျပ်၊ နှစ်ပုံလျှင် (၃၀၀)ကျပ်တို့ဖြင့်ရောင်းချနေရပါသဖြင့်  မိသားစုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  အရောင်းအဝယ်လုပ်နေသောကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)