မတ်ပဲစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သဲတန်းကျေးရွာရှိ မတ်ပဲပွဲရုံပိုင်ရှင် ဦးမောင်ဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ယခုနှစ်တွင် တောင်သူများအနေဖြင့် ဆောင်းသီးနှံများစိုက်ပျိုးရာတွင် မတ်ပဲကိုလည်း အများအပြားစိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ခုနှစ်တွင် မင်းပြားမြို့နယ်အတွင်း မတ်ပဲစုစုပေါင်း စိုက်ဧကမှာ (၃၅၉၉)ဧက ခန့် စိုက်ပျိုးကြောင်း သိရှိရပြီး ၎င်းမတ်ပဲများကို စမ္ဘလေကျေးရွာအုပ်စု၊ ဆပ်ကျာကျေးရွာအုပ်စု၊ နာဂရာကျေးရွာအုပ်စု၊ အဝရွာကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု၊ ရွှေတမာကျေးရွာအုပ်စုနှင့် ပန်းမြောင်းကျေးရွာအုပ်စုတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ မတ်ပဲ စိုက်ပျိုးတောင်သူများသည် မတ်ပဲများကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းကြပြီး တစ်ဧက အထွက်နှုန်းမှာ (၁၆.၉၄) တင်းခန့်ဖြစ်ပြီး ယခုနှစ်မတ်ပဲပေါ်ချိန်တွင် ပိဿာ (၃၀)၊ တစ်အိတ်လျှင် ကျပ် (၈၀၀၀၀ မှ ၈၁၀၀၀)အတွင်း ဈေးနှုန်းဖြင့် ရောင်းချကြရသဖြင့်  ယခင်နှစ် မတ်ပဲပေါ်ချိန်တွင် ပိဿာ (၃၀) တစ်အိတ်လျှင် (၅၉၀၀၀ မှ ၆၀၀၀၀)ဈေးနှုန်းဖြင့်သာ အရောင်း အဝယ်ဖြစ်ပေါ်ခဲ့ပါသဖြင့် ယခုနှစ်တွင် ပိဿာ (၃၀) တစ်အိတ်လျှင် ကျပ် (၂၀၀၀၀) ဝန်းကျင်ထိ ကွာဟမှုရှိပါသည်။ ယခုကဲ့သို့ မတ်ပဲစိုက်ပျိုးတောင်သူများ မတ်ပဲဈေးကောင်းရရှိခြင်းမှာ မတ်ပဲများကို ဒေသတွင်း စားသုံးရန် ဟင်းအဖြစ် အပင်ပေါက်လုပ်ပြီး ရောင်းချခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးသို့ မတ်ပဲကုန်သည်များ ကုန်းလမ်းဖြင့် တင်ပို့ရောင်းချနေခြင်းကြောင့် မတ်ပဲစိုက်ပျိုးတောင်သူများ ယခင်နှစ်ထက် ဈေးကောင်းရရှိနေပြီး ဝင်ငွေတိုးပွားလျက်ရှိကြောင်း မတ်ပဲပွဲရုံလုပ်ကိုင်နေသည့် ဦးမောင်ဝင်းထံမှ သိရှိရပါသည်။

DOCA(ရခိုင်)