မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသဖြစ်သော်လည်း မြေဆီလွှာကောင်းမွန်သောကြောင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့်အခြားသောဆေးဖက်ဝင် အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။ ၎င်းတို့အနက် သခွပ်ပင်မှ သခွပ်ပွင့်သည် အညာဒေသများတွင် အလေ့ကျပေါက်ရောက်၍ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သည့် ရာသီစာစားသုံးလေ့ရှိကြသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။
သခွပ်ပွင့်များသည် ယခုလိုပူပြင်းသော ကာလများဖြစ်သည့် ဧပြီလနှင့်မေလများတွင် အများဆုံးပွင့်လေ့ရှိပါသည်။ သခွပ်ပွင့်ဖတ်သည် ငါးပိရည်နှင့်အလွန်လိုက်ဖက်သော အတို့အမြှုပ်ဖြစ်၍ အပွင့်အစိုကို ပြုတ်၍သော်လည်းကောင်း၊ နေလှမ်း၍သော်လည်းကောင်း၊ ငါးကျည်းခြောက်နှင့်ဟင်းချိုချက်၍ သော်လည်းကောင်း အညာဒေသဟင်းအဖြစ် စားလေ့ရှိကြပါသည်။ ထို့အပြင် သခွပ်ပွင့်ကိုစားခြင်းဖြင့် သလိပ်ကြေနိုင်ခြင်း၊ အစာကြေလွယ်ခြင်း၊ ခန္ဓာကိုယ်တွင်းအပူကင်းခြင်းနှင့်အသည်းရောဂါတို့အပြင် အညာဒေသများတွင် မြွေဆိပ်ဖြေရန်အတွက်လည်း အသုံးပြုကြကြောင်း ရှေးလူကြီးများ၏ ပြောကြားချက်အရသိရှိရပါသည်။ ပေါ်ဦးပေါ်စအချိန် ဈေးများတွင် (၁၀)ပွင့်လျှင် ကျပ်(၁၀၀)ရှိပြီး ယခုမေလနှင့် ဇွန်လ လှိုင်လှိုင်ပွင့်ချိန်တွင် (၂၀-၂၅)ပွင့်လျှင် ကျပ်(၁၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦး ထံမှသိရှိရပါသည်။ အညာဒေသ အလေ့ကျပေါက်ရောက်သည့် သခွပ်ပင်မှသခွပ်ပွင့်များကို ကောက်ယူ၍ ရောင်းချခြင်းဖြင့် မိသားစု တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေရရှိကြပါသည်။ ထို့ကြောင့် ရာသီစာဖြစ်သော သခွပ်ပွင့်များကို အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးသင့်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
DOCA(မကွေး)