အွန်လိုင်းဈေးကွက်မှ ဝယ်ယူစရာ သစ်သီးဝလံ ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

  အွန်လိုင်းပေါ်တွင်ဈေးရောင်းချခြင်းသည် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အတွက် အချိန်ကုန်သက်သာစေပြီး ကိုယ်လိုချင်သောပစ္စည်းကို အချိန်အခါမရွေး ဝယ်ယူစားသောက်နိုင်မှာဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း ကိုယ်ရောင်းချသောပစ္စည်းကို အွန်လိုင်းပေါ်တွင် တင်၍ရောင်းချ ခြင်းကြောင့် ဆိုင်နေရာရှာစရာမလိုဘဲ မိမိအိမ်မှာ နေရင်းပင် ဝင်ငွေရသောလုပ်ငန်းဖြစ်ပါသည်။ ပြည်မြို့ပေါ်တွင် အွန်လိုင်းပေါ်မှ ဈေးရောင်းချသော လုပ်ငန်းရှင် အများအပြားရှိပါသည်။ ယခုကဲ့သို့ ရောင်းချခြင်းကြောင့် ယခင်ကမြို့များကို အလည်သွားရောက်မှသာ ဝယ်ယူရရှိသော အသီးအနှံများ လူအသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှတဆင့် ဝယ်ယူ၍ ရရှိနိုင်နေပြီဖြစ်ပါသည်။ ယခုအခါ မည်သည့် နေရာဒေသကိုမှ သွားစရာမလိုဘဲ မိမိတို့နေရာဒေသတွင် နေထိုင်ရင်း ဒေသမျိုးစုံမှ ထွက်ရှိသော အသီးအနှံများကို ပေါ်ဦးပေါ်ဖျား စားသောက်နေကြရပြီ ဖြစ်ပါသည်။ အွန်လိုင်းဈေးကွက် များစွာရှိသည့်အနက် သစ်သီးဝလံ ဈေးနှုန်းများကို ဖေါ်ပြရလျှင် ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ဒေသမှ ထွက်သော အိတ်စွပ်ဆေးမတို့ စိန်တစ်လုံးသရက်သီး (၁၀)လုံး (၁၂၀၀၀)ကျပ်၊ ချွန်းစပျစ်သီး တစ်ပိသာလျှင် (၇၅၀၀)ကျပ်၊ ဝူခုန်းသခွါးသီး ရှယ်ကြွပ်ချို တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ယိုးဒယား ပျားကျွဲကော တစ်လုံး (၅၀၀၀)ကျပ်၊ ဒညင်းသီး (ယိုးဒယား)အစေးသီး အလုံး(၁၀၀)လျှင် (၁၀၀၀၀)ကျပ်၊ Hass ထောပတ်သီး တစ်ကီလိုလျှင် (၈၅၀၀)ကျပ်၊ တောင်ငူရွှေဝါငှက်ပျောသီး အကြီးတစ်ဖီးလျှင် (၃၀၀၀)ကျပ်၊ သီပေါ နာနတ်သီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ယိုးဒယား ကိုင်းဆက်ဒူးရင်းသီး တစ်ကီလိုလျှင် (၁၄၀၀၀)ကျပ်၊ မင်းကွတ်သီး (၁၀)လုံးလျှင် (၅၀၀၀)ကျပ်၊ ယိုးဒယား ကြက်မောက် သီးရှယ် (၁၀)လုံးလျှင် (၃၀၀၀)ကျပ်၊ လိမ္မော်သီး (အော်ဂဲနစ်) တစ်ပိသာလျှင် (၈၀၀၀)ကျပ်၊ ထိုင်ဝမ်ကျောက်စိမ်းဖရဲ (ခေါ်) ဗာဟုဗလီသီး တစ်လုံးလျှင်(၃၅၀၀) ကျပ်၊ ဘေဘီနာနတ်သီး (ထိုင်းသီး) ပျားရည်ဆမ်းကြွပ်ချိုသီး တစ်ကီလိုလျှင် (၅၅၀၀)ကျပ်၊ ယိုးဒယား ပျားကျွဲကောအမွှာကြီးအချို တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ရေးဒေသထွက် ကနစိုးသီး (ယိုးဒယား ကိုင်းဆက်)တစ်တွဲလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ဤသို့အွန်လိုင်းပေါ်မှ ရောင်းချခြင်းကြောင့် စားသုံးသူများအနေဖြင့် မိမိတို့စားသောက်လိုသော အသီးအနှံများကို ခရီးစရိတ်မကုန် အချိန်မကုန်ဘဲ အွန်လိုင်မက်ဆေ့မှ မှာယူ၍ ဝယ်ယူရခြင်းကြောင့် ကောင်းမွန်တိုးတက်သော နည်းပညာသစ်တစ်ခု ဖြစ်သလို အိမ်အရောက် စနစ်ဖြင့် ရောင်းချသောကြောင့် ဆိုင်ကယ်ကယ်ရီသမားများ အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော နည်းစနစ်ကောင်းဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)