ရာသီပေါ်သရက်သီးများ အရောင်းအဝယ်သွက်၍ ဈေးကောင်းရရှိ

Powered by Drupal

     မြန်မာနိုင်ငံတွင် သရက်ပင်ကို အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ သရက်သီးအမျိုးပေါင်းများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုးအရသာမတူညီကြသော်လည်း ခန္ဓာကိုယ်အတွက် ကျန်းမာရေးအထောက်အကူပြုရာတွင် အတူတူဖြစ်ပါသည်။ စိုက်ပျိုးရာတွင် စိန်တစ်လုံးသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ ဘဲလေး သရက်၊ သရက်သခွားနှင့် ပတ္တမြားငမောက်သရက်များကို အများဆုံးစိုက်ပျိုးကြသည်။

  သရက်သီးအမျိုးပေါင်းများစွာထဲမှ စိန်တစ်လုံးသရက်သီးမှာ အရသာအရှိဆုံးဖြစ်ပြီး အမျှင်နည်းပါး၍ အရသာချိုလေး၍ ကောင်းမွန်သောကြောင့် ဈေးကွက်ကောင်းပြီး ဝယ်ယူစားသုံးသူများ၍ ဒေသအလိုက် စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင်လည်း သရက် သီးများကို စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးကြသည်။ မြို့ပေါ်ရှိ သရက်ခြံပိုင်ရှင် ဒေါ်မိုးမိုးနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် သရက်ခြံကို စီးပွားဖြစ် စိုက်ပျိုးခဲ့သည်မှာ (၁၀)နှစ် ကြပြီဖြစ်ကြောင်း၊ စိန်တစ်လုံးသရက်မျိုးအပင်(၅၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် သရက်ပင်တစ်ပင်လျှင် အလုံး(၁၀၀)ခန့် အသီးတင်ရှိကြောင်း၊ ယခင်နှစ်ထက် အသီးလျော့နည်းသွားကြောင်း၊ သရက်ဖူး ဖူးချိန်တွင် လေပြင်းတိုက်၍ သရက်ပွင့်များပွင့်ခြောက်ကပ်ပြီး အသီးနည်းသွားကြောင်း သိရှိရသည်။

   သရက်သီးဈေးကွက်အနေဖြင့် ယခုနှစ်တွင် စိန်တစ်လုံးသရက်သီး အရွယ်အစားလိုက်၍ သီးနှံပေါ်စ ဒေသတွင်းဈေးကွက်တွင် တစ်လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ သုံးလုံး(၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ် သရက်သီးပေါ်ချိန်တွင် သုံးလုံး(၁၀၀၀)ကျပ်ဈေးဖြင့် ရောင်းချခဲ့ရ၍ ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်း သရက်ပင်စိုက်ပျိုးပြီး သရက်သီးများ ရာသီပေါ်ရောင်းချရ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း သရက်ခြံပိုင်ရှင် ဒေါ်မိုးမိုးထံမှ သိရှိရပါ သည်။

DOCA(မကွေး)