ပခုက္ကူခရိုင်၏ ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက် ဖြင့် (၁၀-၅-၂၀၂၃) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာမှ တောင်သူဦးအောင်ကျော်ထူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများမှ ငရုတ်သီးကို အဓိကစိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် (၃)သောင်းကျော်ရှိပါသည်။ ငရုတ်သီးကို ပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဘောင်လျှင် ကျပ်(၅)သောင်းပေးရကြောင်း၊ တစ်ဧကလျှင် (၅)ဘောင်မှ (၆)ဘောင်ထိစိုက်ပျိုးရကြောင်း ငရုတ်စိုက်တောင်သူများ၏ပြောကြားချက်အရ သိရှိရပါသည်။ ငရုတ်သီးမျိုးအနေဖြင့် မျှားနီ၊ ပန်းရဲ၊ အစပ်သီးအမျိုးအစားများအား အဓိကစိုက်ပျိုးကြပါသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့၊ စည်ပင်သာယာဈေးတွင် ရောင်းချသောငရုတ်သီးခြောက်ဈေးနှုန်းများမှာ အမျိုးအစားကိုလိုက်၍ ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီးခြောက်(ကျွန်းခြောက်)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်ခြောက်(ပု)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ သန့်စင်ပြီးသောငရုတ်သီးခြောက်(ခွဲခြမ်း)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီး(အနုမှုန့်)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မဈေးရှိ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

      နန်းတော်ရပ်အုပ်စု၊ ဘဲကြီးကျေးရွာမှစိုက်ပျိုးထွက်ရှိသောငရုတ်သီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၅၀၀)ဖြင့် ရောင်းချရကြောင်း၊ တောင်သူလက်ကျန်အနေဖြင့် ငရုတ်သီးခြောက်ပိဿာချိန် (၉၀၀၀၀)ခန့် ကျန်ရှိကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် အကျိုးအမြတ်မှာ ထိုက်သင့်သလောက်ရရှိကြောင်း သိရှိရပါသည်။ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ မိတ္ထီလာနှင့် ပြည်ပအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံသို့ တင်ပို့နေရကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)