ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်က ဆန်တင်သွင်းမှုဆိုင်းငံ့ခဲ့သဖြင့် အစိုးရက ကူညီပေးရန် ဗီယက်နမ်ကုန်သည်များ တောင်းဆို

     ပြည်တွင်းတောင်သူများကို ကာကွယ်ပေးရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြည်ပမှ ဆန်တင်သွင်းမှုကို နှစ်လခန့်ဆိုင်းငံ့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့ပြီး နောက် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ် ပေးရန် ဗီယက်နမ်ကုန်သည်များက တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

    ဗီယက်နမ်၏ နှစ်စဉ် ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်သို့ တင်ပို့မှုသည် ၄၀-၄၅ ရာခိုင်နှုန်းရှိခြင်း ကြောင့် ယခုကဲ့သို့ ဆိုင်းငံ့မည့်ကြေညာချက်ထွက်ပေါ်လာခြင်းသည် ဗီယက်နမ်လယ်သမားများ၏ ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေရုံသာမက ချုပ်ဆိုထားသည့်အရောင်းအဝယ် စာချုပ်များပျက်ပျယ် နိုင်ခြင်း၊ ကုန်လက်ကျန်ပမာဏများ မြင့်တက်လာနိုင်ခြင်း၊ တင်ပို့သူများအတွက် ငွေဖြစ်လွယ်မှု ဆိုင်ရာ ဖိအားဖြစ်စေနိုင်ခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ကြောင်း ဗီယက်နမ်စားသောက်ကုန် အသင်း ဥက္ကဋ္ဌ Đỗ Hà Nam က ပြောကြားခဲ့ပါသည်။

    ဩဂုတ်လတွင် ချုပ်ဆိုခဲ့သည့် အရောင်းအဝယ်စာချုပ်များသည် နှစ်လခန့် နှောင့်နှေး ကြန့်ကြာသွားနိုင်ကြောင်း၊ ထို့အပြင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပြည်ပပို့ကုန်များအပေါ် အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည်လည်း တင်ပို့သူများ၏ လုပ်ငန်းလည်ပတ်မှု အရင်းအနှီး အပေါ် ထပ်မံဝန်ပိစေကြောင်း ၎င်းက ပြောဆိုခဲ့သည်။

  ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းကို ဖယ်ရှားပေးသည့် အချိန်အထိ ပို့ကုန် လုပ်ငန်းရှင်များ၏ ဆန်သိုလှောင်ထားရှိမှုကို ကူညီနိုင်ရန်အတွက် ဗီယက်နမ်အစိုးရအနေဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေ အစီအစဉ်နှင့် ချေးငွေသက်တမ်း တိုးမြှင့်ပေးသည့် အစီအမံများ ကို ဆောင်ရွက်ပေးရန် ဗီယက်နမ်စားသောက်ကုန်အသင်းက အဆိုပြုထားပါသည်။

 ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ချုပ်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ် ကုန်ပိုင်းအထိ သက်ရောက် မှုရှိသည့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုစာချုပ်အရ ဆန်တင်သွင်းမှု ရပ်ဆိုင်းထားချိန်အတွင်း တစ်စိတ် တစ်ပိုင်းတင်ပို့မှုများကို ထိန်းသိမ်းထားနိုင်ရန်အတွက် မည်သည့် ဆန်အမျိုးအစားများကို ယာယီ ကန့်သတ်သွားမည်ဆိုသည့် လမ်းညွှန်ချက်ရရှိရေး ဗီယက်နမ် အစိုးရအနေဖြင့် ဖိလစ်ပိုင် အာဏာပိုင်များနှင့် ပူးတွဲလုပ်ဆောင်ရန်လည်း အဆိုပြုထားသည်။

    ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်း အစီအစဉ်ကို ကြေညာပြီးနောက် ဩဂုတ်လအတွင်း ဖိလစ်ပိုင်ကုန်သည်များက ဆန်ဝယ်ယူမှု တိုးမြှင့်ခဲ့ရာ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည်လည်း မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ်တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၃၉၁ ဖြင့်အာရှတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ထိုင်းနှင့် ပါကစ္စတန်တို့ထက် ဈေးနှုန်းမြင့်မားလျက် အိန္ဒိယဆန်ထက် ၁၁ ဒေါ်လာ ပိုမိုခဲ့ကြောင်း၊ ရနံ့မွှေး ဆန်တစ်တန်လျှင် ဒေါ်လာ ၅၀၀ မှ ၅၁၀ အကြား ပေါက်ဈေးရှိပြီး၊ ပုံမှန်ထက် ၁၀-၁၂ ဒေါ်လာမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

  ဗီယက်နမ်နိုင်ငံ၌ နွေရာသီမှ ဆောင်းဦးရာသီကာလအတွင်း ရိတ်သိမ်းထွက်ရှိခဲ့သည့် ဆန်စပါး အများစုကို ရောင်းချခဲ့ပြီးဖြစ်ခြင်း၊ ရှေ့လာမည့်သီးနှံမှာလည်း ပြည်တွင်းစားသုံးရန် အတွက် အဓိကအထူးပြု စိုက်ပျိုးထုတ်လုပ်မှုသာဖြစ်ခြင်းတို့ကြောင့်  ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းသည် ဗီယက်နမ်ဆန်ဈေးကွက်အပေါ် သိသာသည့် သက်ရောက်မှုမဖြစ်ပေါ်နိုင်ဟု ကုန်သည်များက ပြောကြားထားပါသည်။

   ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် ပြည်ပမှတင်သွင်းမှုအပေါ် ကာလကြာ မှီခိုနေရဦးမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်၌ ဒေါ်လာ ၂.၄၄ ဘီလီယံ တန်ဖိုးရှိသော ဆန်တန်ချိန် ၄.၇ သန်း တင်ပို့ခဲ့ရာ ပမာဏအားဖြင့် ၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့မှုသည် ပမာဏအားဖြင့် ၄၄.၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၂.၆ ရာခိုင်နှုန်းပါဝင်လျက် ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူသူအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။

Source : Vietnam News, Aug 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့

မဟာရဋ္ဌပြည်နယ်၌ မိုးသည်းထန်မှုက သီးနှံစိုက်ဧက သိန်း ၂၀ ကျော် ထိခိုက်ပျက်စီးစေ

   အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မဟာရဋ္ဌပြည်နယ်တွင် ဩဂုတ် ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရိုင်ပေါင်း ၁၉ ခု၌ စိုက်ပျိုးထားသော မိုးသီးနှံစိုက်ဧရိယာ ဧကသိန်း ၂၀ ကျော်ကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေခဲ့သည်ဟု အဆိုပါပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနက ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

    မဟာရဋ္ဌပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Dattatreya Bharne က ပြည်နယ်အတွင်း မိုးသည်း ထန်မှုကြောင့် သီးနှံစိုက်ဧက ၂၀.၁ သိန်း ထိခိုက်ပျက်စီးခဲ့ရာတွင် Marathwada ဒေသရှိ Nanded ခရိုင်သည် ဟက်တာ ၂.၅ သိန်း (ဧက ၇.၁ သိန်း) ဖြင့် ထိခိုက်မှုအများဆုံးဖြစ်ကြောင်း၊ ၎င်း၏ နောက်၌ Vidarbha ဒေသရှိ Washim ခရိုင်သည် သီးနှံဟက်တာ ၁.၆ သိန်း (ဧက ၄.၁ သိန်း) ထိခိုက်မှုရှိကြောင်း၊ မည်သည့်သီးနှံများ မည်မျှထိခိုက်ပျက်စီးသည်ကို ဆန်းစစ်မှုများ လုပ်ဆောင် နေဆဲဖြစ်ပြီး အစီရင်ခံတင်ပြချက်များ လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် နစ်နာဆုံးရှုံးမှုအပေါ် ထောက်ပံ့မှုများ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဒေသများ၌ အဓိက ထိခိုက်ပျက်စီးသော သီးနှံများမှာ ဝါ၊ ပဲပုပ်၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပြောင်းတို့ဖြစ်ကြသည်။ Marathwada ဒေသအတွင်း Hingoli ခရိုင်တွင် သီးနှံစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၀၀၀၊ Dharashiv ခရိုင်၌ ဟက်တာ ၂၈၅၀၀ နှင့် Parbhani ခရိုင်တွင် ၂၀၂၂၅ ဟက် တာ အသီးသီး ထိခိုက်မှုရှိကြောင်း၊ Vidarbha ဒေသ၌ မိုးသီးနှံများစိုက်ပျိုးထားရှိမှုမှ Yavatmal ခရိုင်တွင် ၈၀၉၆၉ ဟက်တာ၊ Buldhana ခရိုင်၌ ၇၄၄၀၅ ဟက်တာနှင့် Akola ခရိုင်တွင် ၄၃၇၀၃ ဟက်တာ အသီးသီး ပျက်စီးမှုရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မဟာရဋ္ဌပြည်နယ် အနောက်ပိုင်းရှိ Solapur ခရိုင်တွင် သီးနှံ ၄၁၄၇၂ ဟက်တာနှင့် ပြည်နယ်မြောက်ပိုင်းရှိ Jalgaon ခရိုင်၌ ၁၂၃၂၇ ဟက်တာတို့သည်လည်း ရေလွှမ်းမိုးနစ်မြုပ်မှုဒဏ်ခံခဲ့ရကြောင်း သိရှိရသည်။

   Vidarbha ဒေသ လူမှုကူညီရေးအသင်း (Vidarbha Jan Andolan Samiti) မှ လယ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သော Kishor Tiwari က ဝါနှင့် ပဲပုပ် သီးနှံစိုက်ခင်းများတွင် အဖူးအပွင့်များ ထွက်ရှိပြီး အပင်ကြီးထွားသည့်အချိန်၌ မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုများကြောင့် အထူးသဖြင့် လယ်ယာလုပ်ငန်း အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရသည့် Vidarbha နှင့် Marathwada ဒေသများရှိ တောင်သူများသည် ကြီးစွာသော ပျက်စီးဆုံးရှုံးမှုကို ကြုံတွေ့နေရကြောင်း၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့်အစီအစဉ်ကြောင့် အိန္ဒိယပို့ကုန်များအပေါ် သက်ရောက်မှုက ဒေသခံ ဝါစိုက်တောင်သူများအတွက် အကျပ်အတည်းဖြစ်စေခဲ့ကြောင်း၊ ယခုအခါ ဗဟိုအစိုးရသည် ဝါသွင်းကုန်အပေါ် အခွန် ၁၁ ရာခိုင်နှုန်း လျှော့ချခဲ့ရာ ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ၏ ထုတ်ကုန်အပေါ် ဝယ်လိုအား လျော့ကျမှုဖြစ်စေပြီး ဘူးလေးရာဖရုံဆင့် ဖြစ်ပေါ်စေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

Source: The Times of India, 20 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန်ထံမှ ပြောင်းများ တင်သွင်းခွင့်ပြုခြင်းအပေါ် နစ်နာကြေးပေးအပ်ရန် ထိုင်းတောင်သူ များ တောင်းဆို

  အမေရိကန်နိုင်ငံထံမှ မျိုးဗီဇပြုပြင်ထားသော ပြောင်းများကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ် ခဲ့ခြင်းသည် ပြည်တွင်းဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းမှုကို ဖြစ်စေနိုင်သဖြင့် အစိုးရအနေဖြင့် နစ်နာကြေးများ ထောက်ပံ့ပေးအပ်ရန် ထိုင်းနိုင်ငံ Phetchabun ပြည်နယ်ရှိ ရာနှင့်ချီသော ပြောင်းစိုက် တောင်သူများက ဩဂုတ် ၁၅ ရက်နေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

     အမေရိကန်မှ မျိုးဗီဇပြုပြင်ထားသော ပြောင်းတန်ချိန် ၃ သန်းကို တင်သွင်းခွင့်ပြုရန် အစိုးရက သဘောတူညီခဲ့ပြီးနောက် ပြည်တွင်းရှိ တိရစ္ဆာန်မွေးမြူရေး အစာစပ်စက်ရုံများသည် ထိုင်းပြောင်းများကို ဝယ်ယူရန်ငြင်းဆိုခြင်း သို့မဟုတ် ဈေးနှုန်းနှိမ့်ချ၍ ဝယ်ယူခြင်းတို့ကို လုပ်ဆောင် လာကြသဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝအပေါ် ဆိုးကျိုးကြီးမားစွာ သက်ရောက်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဆွေးနွေးတိုင်ပင်မှုမရှိပဲ ချမှတ်ခဲ့သော အဆိုပါမူဝါဒသည် လယ်သမားမိသားစုပေါင်း ၄၅၀၀၀၀ ကျော်အပေါ် ထိခိုက်မှုရှိကြောင်း၊ ထိုင်း မွေးမြူရေးအစာစပ်စက်ရုံအသင်းသည် အစိုဓာတ် ၁၄.၅ ရာခိုင်နှုန်းရှိသော အစေ့ထုတ်ပြောင်း ၁ ကီလိုဂရမ်လျှင် ဘတ်ငွေ ၉.၈၀ နှုန်းဖြင့် ဝယ်ယူမည်ဟု ယခင်က ကတိပြုထားခဲ့ကြောင်း၊ သို့သော် ယခုအခါ စက်ရုံများသည် ၁ ကီလိုဂရမ်လျှင် ၉ ဘတ်အောက် နိမ့်ကျသောနှုန်းဖြင့်သာ ပေးချေ လျက်ရှိပြီး ‌ဒေသထွက်ပြောင်းများ နေ့စဉ်ဝယ်ယူမည့် ပမာဏကို ခွဲတမ်းသတ်မှတ်ချက်များ ချမှတ် လုပ်ဆောင်လာကြကြောင်း စသည်ဖြင့် အဆိုပါပြောင်းစိုက်တောင်သူများက ပြောဆိုခဲ့ကြသည်။

   အမေရိကန်‌ပြောင်းများ တင်သွင်းမှုကို ချိန်ညှိဆောင်ရွက်နိုင်ရန် လုံလောက်သော အချိန် ကာလအဖြစ် ၃ နှစ်တာကာလအထိ အစိုဓာတ် ၃၀ ရာခိုင်နှုန်းရှိသော ပြောင်း ၁ ကီလိုဂရမ်လျှင် ၇.၅၀ ဘတ်နှုန်းဖြင့် ပြောင်းစိုက်ပျိုးမှု မှတ်ပုံတင်ထားသည့် ဧရိယာအပေါ် အခြေခံလျက် အစိုးရမှ နစ်နာကြေး ထောက်ပံ့ပေးအပ်သွားရန် ပြောင်းစိုက်တောင်သူများက တောင်းဆိုထားသည်ဟု The Nation သတင်းဌာနက ဖော်ပြပါသည်။ 

Source: The Nation Thailand, August 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စက်တင်ဘာလအတွက် စားအုန်းဆီကြမ်းရည်ညွှန်းဈေးနှုန်း မလေးရှား တိုးမြှင့်

       မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို မြှင့်တင်ခဲ့ရာ ပို့ကုန်အခွန်နှုန်းထားသည်လည်း ၁၀ ရာခိုင်နှုန်းအထိ လိုက်ပါမြင့်တက်လာသည် ဟု မလေးရှားစားအုန်း ဆီဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် အမိန့်စာအရ သိရှိရကြောင်း The Edge Malaysia သတင်းဌာနက ဩဂုတ်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဖော်ပြထားသည်။

   ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီတင်ပို့သူ မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် စားအုန်းဆီ ရည်ညွှန်းစျေးနှုန်းကို တစ်တန်လျှင် ရင်းဂစ် ၄၀၅၃.၄၃ (အမေရိကန်ဒေါ်လာ ၉၆၂.၁၂) သို့ တွက်ချက်ပြင်ဆင်ခဲ့သည်။ ဩဂုတ်လ ရည်ညွှန်းဈေးမှာ တစ်တန်လျှင် ရင်းဂစ် ၃၈၆၄.၁၂ ဖြစ် ရာ စားအုန်းဆီတင်ပို့မှုအတွက် ကျသင့် အကောက်ခွန်နှုန်းထားမှာ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

   မလေးရှားနိုင်ငံတွင် စားအုန်းဆီကြမ်းအတွက် ပို့ကုန်အခွန် ကောက်ခံမှုပုံစံသည် တစ်တန်လျှင် ဈေးနှုန်း ရင်းဂစ် ၂၂၅၀ မှ ရင်းဂစ် ၂၄၀၀ အတွင်းဖြစ်ပါက အခွန် ၃ ရာခိုင်နှုန်းမှ စတင်ကြောင်း နှင့် ဈေးနှုန်း တစ်တန်လျှင် ရင်းဂစ် ၄၀၅၀ ထက်ကျော်လွန်ပါက အမြင့်ဆုံးအခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားရှိကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 13 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထုတ်လုပ်မှုနည်းပါးလာမှုနှင့်အတူ ရှေ့လာမည့်ကာလ၌ စားအုန်းဆီတစ်တန်ဈေးနှုန်း ရင်းဂစ် ၄၃၀၀ အထက်တွင်ရှိမည်ဟု MPOC ခန့်မှန်း

      ရှေ့လာမည့် အနီးကပ်ကာလတွင် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု နှေးကွေးကျဆင်းလာမှုနှင့် အတူ ဇီဝဒီဇယ်ဆီထုတ်လုပ်နိုင်ရန် ဝယ်လိုအားကြောင့် ပဲပုပ်ဆီများ ဈေးကွက်အတွင်း ရရှိလွယ်မှု  နည်းပါးခြင်းတို့အရ စားအုန်းဆီဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၃၀၀ (အမေရိကန် ဒေါ်လာ ၁၀၁၈) အထက်၌ တည်ရှိနိုင်ဖွယ်ရှိကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ပါသည်။

   စားအုန်းဆီကြမ်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (အင်္ဂါနေ့) ဂရင်းနစ် စံတော်ချိန် ၆ နာရီအထိ တစ်တန်လျှင် ရင်းဂစ် ၄၆၀၇ နှုန်း ရှိနေခဲ့သည်။ စားအုန်းဆီဈေးနှုန်း တည်တံ့ခိုင်မာမှုသည် ပြည်ပပို့ကုန်ဈေးကွက်တွင် ပဲပုပ်ဆီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုအပေါ် မူတည် မည်ဖြစ်ကြောင်း MPOC က ပြောကြားခဲ့သည်။ စားအုန်းဆီသည် ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်မှုရှိနေသောကြောင့် ပြိုင်ဖက်စားသုံးဆီများ၏ ဈေးနှုန်း အတက် အကျအပေါ် မူတည်လျက်ရှိသည်။

    အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဌာနသည် ပဲပုပ်ဆီထုတ်လုပ်မှု၏ ထက်ဝက်ကျော်ကို ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ် ထုတ်လုပ်ခြင်းအတွက် ပြည်တွင်း၌ အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း၊ အမေရိကန်၏ ပဲပုပ်ဆီ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၁၅ သန်းရှိခဲ့ရာ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၃၁၀,၀၀၀ သာရှိနိုင်ပြီး တင်ပို့မှုကျဆင်းနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ဘရာဇီးနိုင်ငံသည် ဇီဝဒီဇယ်ထုတ်လုပ်ရာတွင် ပဲပုပ်ဆီကို ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုမှု တိုးလာသောကြောင့် ပဲပုပ်ဆီတင်ပို့မှု တိုးမြှင့်ရန် ရုန်းကန်ရနိုင်ကြောင်း၊ ရလဒ်အားဖြင့် ကမ္ဘာ့ ဈေးကွက်သည် ပဲပုပ်ဆီရှားပါးမှုကို ကာမိစေရေး အာဂျင်တီးနား၏ ပဲပုပ်ဆီ ရောင်းလိုအားအပေါ် ပိုမို မှီခိုလာရနိုင်ဖွယ်ရှိကြောင်းနှင့် ပို့ကုန်ရရှိနိုင်မှု တင်းကျပ်လာခြင်းက ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများကို အထောက်အကူဖြစ်စေကြောင်း MPOC ကပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ်၌ စားအုန်းဆီ ရောစပ်ပါဝင်မှုကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည့်အတွက် လက်ရှိ ၂၀၂၅ ခုနှစ်၌ ဇီဝဒီဇယ်အတွက်  ဆီအုန်းလိုအပ်ချက်သည် တန်ချိန် ၁၃ သန်းရှိရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁၆ သန်းအထိ မြင့် တက်လာမည်ဖြစ်သဖြင့် စားအုန်းဆီရောင်းလိုအားကို ပိုမိုတင်းကျပ်စေမည်ဖြစ်ကြောင်း MPOC က ထပ်လောင်းပြောကြားခဲ့သည်။

   မလေးရှားကျွန်းဆွယ်၌ ထုတ်လုပ်မှုကျဆင်းခြင်းသည် ယခုနှစ် လက်ကျန်ကာလအတွင်း တစ်နိုင်ငံလုံး ထုတ်လုပ်မှု တိုးတက်ခြင်းကို အကန့်အသတ်ဖြစ်စေနိုင်သဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စားအုန်းဆီသိုလှောင်မှု ကြီးမားစွာတိုးတက်လာဖွယ်မရှိဟု MPOC က ခန့်မှန်းလျက်ရှိသည်။

    အိန္ဒိယနိုင်ငံရှိ စားသုံးဆီတင်သွင်းသူများသည် ဒီပါဝလီပွဲတော်မတိုင်မီ သိုလှောင်မှုကို မြှင့်တင်လျက်ရှိသဖြင့် ၀ယ်လိုအားခိုင်မာနေမည်ဟု မျှော်လင့်ရပြီး အာဖရိကဒေသမှ ဝယ်လိုအား သည်လည်း တည်ငြိမ်နေမည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 19 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သစ်သီးဝလံကုန်သွယ်မှုအတွက် စစ်ဆေးရေးဂိတ်အသစ် ၅ ခုတိုးချဲ့ဖွင့်လှစ်ရန် ထိုင်းနှင့် တရုတ် သဘောတူ

       ထိုင်းနှင့်တရုတ်နိုင်ငံတို့သည် တတိယနိုင်ငံ သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် (Third Country Fruit Transport Protocol) အောက်တွင် ပို့ကုန်သွင်းကုန် စစ်ဆေးရေးဂိတ်အသစ် ၅ ခု ဖွင့်လှစ်ရန် အရေးပါသော သဘောတူညီမှုတစ်ရပ်ကို ရယူခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်အာဏာ သက်ရောက်မည့် အဆိုပါ သဘောတူညီချက်သည် သယ်ယူပို့ဆောင်မှုစရိတ်များ လျှော့ချနိုင်ရန်၊ လက်ရှိစစ်ဆေးရေးဂိတ်များတွင် ဝန်ထုပ်ဝန်ပိုးဖြစ် နေမှုကို သက်သာစေရန်နှင့် ထိုင်းသစ်သီးဝလံများကို တရုတ်နိုင်ငံ၏ ပြည်နယ်များသို့ မြန်မြန် ဆန်ဆန် ဖြန့်ဖြူးနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

          ထိုင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Artthakorn Sirilatthayakorn က နှစ်နိုင်ငံ အနေ ဖြင့် တတိယနိုင်ငံများမှတစ်ဆင့် ဖြတ်သန်း၍ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရာတွင် ကူးစက် ရောဂါကာကွယ်ရေးနှင့် စစ်ဆေးရေး အစီအမံများ ပါဝင်သည့် သဘောတူညီချက်၏ နောက် ဆက်တွဲအပိုဒ်များကို အဆင့်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် စိုက်ပျိုးရေးထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးကို ပိုမိုချောမွေ့စေ ရန်နှင့် ဈေးကွက်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်စွာ ရရှိစေရန် ရည်ရွယ်သည်။

 ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနသည် အမျိုးသားစိုက်ပျိုးထုတ်ကုန်နှင့် အစားအသောက် စံချိန်စံညွှန်းများဗျူရို (ACFS)မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးဌာန (GACC) နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ခဲ့ရာ စစ်ဆေးရေးဂိတ်အသစ် ၅ ခု ထပ်မံဖွင့်လှစ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းဘက် မှ ဖွင့်လှစ်မည့် စစ်ဆေးရေးဂိတ် ၃ ခုမှာ Nan ပြည်နယ်၌ Thung Chang စစ်ဆေးရေးဂိတ်၊ Phayao ပြည်နယ်တွင် Ban Huak စစ်ဆေးရေးဂိတ်နှင့် Uttaradit ပြည်နယ်၌ Phu Du စစ်ဆေး ရေးဂိတ်တို့ဖြစ်ကြောင်း၊ တရုတ်ဘက်မှ ယူနန်ပြည်နယ်တွင် Mengkang နှင့် Taluo ဟူ၍ စစ်ဆေး ရေးဂိတ် ၂ ခုကို ထပ်တိုးသွားမည်ဖြစ်ကြောင်း၊ လတ်ဆတ်သော သစ်သီးဝလံများ တင်ပို့ရန် အတွက် စစ်ဆေးရေးဂိတ်စုစုပေါင်းမှာ ထိုင်းနိုင်ငံတွင် ၉ ခုနှင့် တရုတ်နိုင်ငံ၌ ၁၂ ခုအထိ ရှိလာ မည်ဖြစ်ကြောင်း သိရှိရသည်။

   Mr. Artthakorn က စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ခြင်းသည် အရေးပါသော တိုးတက် မှုတစ်ရပ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်များ ဖန်တီးပေးခြင်းဖြင့် လယ်သမား များနှင့် လုပ်ငန်းရှင်များအတွက် သယ်ယူပို့ဆောင်မှုစရိတ်လျှော့ချနိုင်ရန်၊ သစ်သီးရာသီချိန်ကာလ များတွင် ဝန်ထုပ်ဝန်ပိုးလျှော့ချနိုင်ရန်နှင့် ထိုင်းသစ်သီးများကို တရုတ်နိုင်ငံ၏ ပြည်နယ်အသီးသီး သို့ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးနိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်းတို့သည် ထိုင်းသစ်သီး ဝလံများ၏ တရုတ်ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

          ACFS ၏ အထွေထွေအတွင်းရေးမှူး Chaiwat Yothakol က သဘောတူညီချက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနနှင့် GACC တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် တတိယနိုင်ငံများမှတစ်ဆင့် သစ်သီးဝလံများ သယ်ယူပို့ဆောင်ရာတွင် လမ်းကြောင်းကန့်သတ် ချက်မရှိဘဲ ပို့ဆောင်ခွင့်ပြုထားပြီး နှစ်နိုင်ငံသဘောတူညီပါက စစ်ဆေးဂိတ်အသစ်များ ထပ်မံဖွင့် လှစ်နိုင်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။

    တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကသစ်သီးဝလံဈေးကွက်နှင့် အဓိကစိုက်ပျိုးရေး ပို့ ကုန်များ တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ဖြစ်တည်နေမှုနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောသစ်သီးဝလံများကို တင်ပို့မှုများသည် ဘတ် ၁၈၀ ဘီလီယံထက် ကျော်လွန်သွားမည်ဟု မျှော်မှန်းထားကြောင်း၊ စစ်ဆေးရေးဂိတ်အသစ် ၅ ခု ထပ်မံဖွင့်လှစ်ခြင်း သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ထိုင်းစိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးမြင့်တက်လာပြီး ဈေးကွက်ပိုမိုရရှိလာ မည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, August 14, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

လာအိုနိုင်ငံနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး တိုးမြှင့်ရန် ဆွေးနွေး

  ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများမြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုများခိုင်မာစေရန်အတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနို်ငငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Buakeo Phumvongsay တို့ တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ်တွင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အရ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရန်နှင့် တိုးချဲ့ရန် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ခရီးသွား နေရာများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးမြှင့်ကာ နှစ်နိုင်ငံနယ်စပ်ရှိ ခရီးသွားများလာရောက်လည်ပတ်ရန် အထူးသဖြင့် နယ်စပ်ဒေသရှိ ခရီးသွားများ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စေရန် အတွက် အဓိကထားဆွေးနွေးခဲ့ကြသည်။

DOCA(ရန်ကုန်)

နယူးဇီလန်နိုင်ငံသည် နို့ထွက်ပစ္စည်း၊ အသားများကြောင့် စားသောက်ကုန်စျေးနှုန်းများဖောင်းပွမှု မြင့်မားလာ

   နယူးဇီလန်နိုင်ငံ၏ စားသောက်ကုန်စျေးနှုန်းများသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ၄.၆ ရာခိုင် နှုန်း မြင့်တက်လာခဲ့ပြီး မေလတွင်လည်း ၄.၄ ရာခိုင်နှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း နယူးဇီလန် စာရင်းအင်းဌာန Stat NZ က ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ ထိုမြင့်တက်မှုအတွက် အဓိကတွန်းအားမှာ ကုန်ခြောက်ပစ္စည်းများအပြင် အသား၊ကြက်ဥနှင့် ငါးနှစ်မျိုးစလုံးတို့၏ ကုန်ကျ စရိတ်များ ၄.၇ ရာခိုင်နှုန်းနှင့် ၆.၄ ရာခိုင်နှုန်း အသီးသီးမြင့်တက် လာသောကြောင့် ဖြစ်ကြောင်း Stat Nz မှပြောကြားချက်အရသိရသည်။ နို့စျေးနှုန်း ၁၄.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထောပတ်စျေးနှုန်း ၄၆.၅ ရာခိုင်နှုန်းနှင့် ဒိန်ခဲစျေးနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာသောကြောင့် နို့ထွက်ပစ္စည်းစျေးနှုန်း များမြင့်တက်လာကြောင်း သိရသည်။ ထောပတ်စျေးနှုန်းများသည် လွန်ခဲ့သည့်  ၁၀ နှစ်ကထက် ၅ ဒေါ်လာမြင့်တက်လာပြီး ရာခိုင်နှုန်း အားဖြင့်  ၁၂၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း Stat Nz မှ ပြေားရေးဆိုခွင့်ရှိသူ Nicola Growden မှပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမေရိကန်ဒေါ်လာ ၁၈၄ သန်း အထောက်အပံ့ရရှိမည့် ဇမ်ဘီယာနိုင်ငံ

   ဇမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန် ဒေါ်လာ ၁၈၄ သန်းခန့်အား ကမ္ဘာလုံးဆိုင်ရာ ငွေချေးသူမှ ပံ့ပိုးပေးသည့် Extended Credit Facility (ECF) အောက်တွင် အ‌ထောက်အပံ့ရရှိမည်ဖြစ်ကြောင်းသိရသည်။ ဇမ်ဘီယာအစိုးရသည် စီးပွားရေးစီမံကိန်းခန့်ခွဲမှုနှင့်ပက်သက်၍ တက်ကြွလျှက်ရှိကြောင်း IMF က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ ဇမ်ဘီယာနိုင်ငံသည် ၎င်း၏စီးပွားရေးပစ်မှတ်အများစုကို ပြည့်မှီအောင် ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်း၊ အဓိကကဏ္ဍများတွင် ကောင်းမွန်သော ဘဏ္ဍာရေးနှင့် အသုံးစရိတ်များကို ကောင်းစွာ ပြသနိုင်ရန်လုပ်ဆောင်နေကြောင်း ကြေညာချက် တွင်ဖော်ပြထားသည်။ ကြေညာချက် အရ IMF အစီအစဉ်ဖြင့် ဇမ်ဘီယာနိုင်ငံသို့ ‌‌ထောက်ပံ့ထား သည့် စုစုပေါင်းငွေကြေးပမာဏသည် ၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်မှတာဂျီကီစတန်သို့ ပထမဆုံးငါးအစာ တင်ပို့မှုအားစတင်

  အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း Balkh ပြည်နယ်မှ တာဂျစ်ကစ္စတန်နိုင်ငံသို့ ငါးအစာတန် ချိန် ၅၀ အား ပထမဆုံးအကြိမ်တင်ပို့ခဲ့ပြီး နိုင်ငံ၏ ကြီးထွားလာသော ဒေသအတွင်း ကုန်သွယ်မှု ရည် မှန်းချက်များကို အလေးပေးဖော်ပြသည်။ လှုပ်ရှားမှုတစ်ခုဖြစ်လာကြောင်း နိုင်ငံပိုင် Bakhtar သတင်း အေဂျင်စီ၏ ဇူလိုင်လ ၂၆ ရက်နေ့ဖော်ပြချက်အရသိရသည်။ အရည်အသွေးအာမခံချက်နှင့် စံချိန်စံ ညွှန်းပြည့်မီအောင် စီမံဆောင်ရွက်ပြီး နောက်ငါးအစာများ အား တာဂျစ်စျေးကွက်သို့ ပို့ဆောင်ခဲ့ကြောင်း စက်မှုလက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန အကြီးအကဲ Hafiz Amir Mohammad Muttaqi ၏ ပြောကြားချက်အရသိရသည်။ ၎င်းသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကိုကွဲ ပြားစေရန်နှင့် ဒေသတွင်းစျေးကွက်များတွင် ၎င်း၏တည်ရှိမှုတိုးချဲ့ရန် သိသာထင်ရှားသော ခြေလှမ်း တစ်ခုဖြစ်သည်ဟု Muttaqi က ပြော ကြားခဲ့သည်။ ယခုလအစောပိုင်းတွင် Balkh ပြည်နယ်မှ United Kingdom သို့ လျှော်ဖွတ်ရေး ထုတ်ကုန်အများအပြား တင်ပို့ခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍတိုးတက်မှုကို လွယ်ကူချောမွေ့စေပြီး ဒေသဆိုင်ရာ စျေးကွက်များသို့ လက်လှမ်းရှိနိုင်စေခြင်းဖြင့် အာဖဂန်ကြား ဖြတ်အစိုးရသည် ပို့ကုန်များတိုးချဲ့ခြင်း၊ အမျိုးသားစီးပွားရေးကို အားကောင်းစေခြင်းနှင့် နယ်စပ်ဖြတ် ကျော် ကုန်သွယ်မှုခြေရာကို မြှင့်တင်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိကြောင်းသိရ သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ