HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည်  ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးကွင်းတွင် (၂၆.၁.၂၀၂၆)ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာ အကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက် မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registrationစနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်  စားသောက်ကုန်လုပ်ငန်းနှင့် အလှကုန်လုပ်ငန်းများတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း၊ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆)ရက်နေ့တွင်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ခရီးသည်တင် ကားယာဉ်လိုင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဒေါ်မိုးမိုးကြည်က ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါစစ်ဆေးမှုများတွင် သတ်မှတ်ထား သောယာဉ်းခရီးခနှုန်းထားများကိုလိုက်နာမှုရှိ/ မရှိ၊ မိမိတို့ယာဉ်လိုင်းများမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့် အညီလုံခြုံစိတ်ချစွာပို့ဆောင်ပေးနေသည့် ခရီးသည်ပို့ဆောင်မှုအခြေအနေများတွင် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်မရှိဘဲ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သည့် ကုစားခွင့်ရရှိစေရန် သက်သေအထောက်အထားများနှင့်တကွ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

နတ်တလင်းမြို့နယ်၌ ဖြစ်ပေါ်နေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဈေးနှုန်းများ

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ဟိဏ်းထက်ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဆိုင်သို့ သွားရောက်၍  ၂၀၂၆ခုနှစ် ဇန်နဝါရီလ တတိယပါတ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းဈေးနှုန်းများ အတက်အကျရှိ/ မရှိ ဈေးနှုန်းစုံစမ်းခဲ့ပါသည်။

         ၂၀၂၆ ခုနှစ်    ဇန်နဝါရီလ  တတိယပတ်တွင် ရောင်းချနေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်း ဈေးနှုန်းများဖြစ်သော စုစံတံဆိပ်ယူရီးယားအလုံးကြီး ၅၀Kg ၁-အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါသံကွင်း ဓါတ်မြေဩဇာ ၅၀Kg ၁-အိတ် (၁၅၃၀၀၀)ကျပ်၊ ဂျာမနီ ထုတ်ပိုတက်ဓါတ်မြေဩဇာ ၅၀Kg ၁-အိတ် (၁၂၅၀၀၀)ကျပ်၊ အာမိုကွန်ပေါင်း-၁၅ပတ်လည် ၅၀Kg ၁-အိတ် (၁၃၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး အနေဖြင့် မင်းမဟော်ကုမ္ပဏီမှအီမာဒိုပိုးသတ်ဆေး ()လီတာ၁-ဗူး(၉၅၀၀၀)ကျပ်၊ မြန်မာဩဘာကုမ္ပဏီမှ ဇိုင်ကလုံ ပိုးသတ်ဆေး ()လီတာ၁-ဗူး ၆၈၀၀၀၊ မြန်မာ ဩဘာကုမ္ပဏီမှရှောင်လင် ပိုးသတ်ဆေး ()လီတာ၁-ဗူး (၃၀၀၀၀)ကျပ်၊ မာလာမြိုင်ကုမ္ပဏီမှအမ်လမ်ဒါပိုးသတ်ဆေး ()လီတာ၁-ဗူး (၃၇၀၀၀)ကျပ်၊ အာမိုမှငှက်ကြီးတောင် တံဆိပ်ပိုးသတ်ဆေး  ()လီတာ၁-ဗူး (၃၃၀၀၀)ကျပ်  ဈေးနှုန်း ဖြင့် အရောင်းအဝယ်ရှိပါကြောင်း သိရှိရပါသည်။

        ယခုအချိန်သည် မတ်ပဲရာသီချိန်ဖြစ်သောကြောင့် ပိုးသတ်ဆေးများ အရောင်းသွက်လျှက်ရှိပါကြောင်း၊ မြန်မာဩဘာမှ ရှောင်လင်နှင့် အာမိုမှငှက်ကြီးတောင်ပိုးသတ်ဆေးများအား တောင်သူများ ပိုမိုအဝယ်များကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့တွင် အလှကုန်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၆ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးသင်း၊ ထုတ်လုံတာဝန်ခံ ‌ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် နတ်တလင်းမြို့၊ တာပွန်လမ်းအတွင်းရှိ ထိပ်တန်းတော်ဝင်စတိုးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေးအပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ MSMEsလုပ်ငန်းရှင်များသို့ ချေးငွေများထုတ်ချေးပြီးစီး

          MSMEs ထွက်ကုန်များအရည်အသွေးမြှင့်တင် ထုတ်လုပ်နိုင်ရေး၊ ခရိုင်အလိုက်၊ ဒေသအလိုက်၊ ထွက်ကုန်အရောင်းစင်တာများဖွင့်လှစ်၍ ဈေးကွက်ရှာဖွေနိုင်ရေး ပြည်တွင်းထုတ်ကုန်အဆင့်မှ ပြည်ပပို့ကုန်အဆင့်ထိ ရောက်ရှိစေရေးအတွက် အရင်းအနှီးထောက်ပံ့ငွေများကို ထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီးပွားရေးလုပ်ငန်းရှင် ၆၈ဦးအတွက် ငွေကျပ် သိန်း(၂၂၀၀၀၀၀၀၀)ကျပ်၊လက်ပံတန်းမြို့နယ် စီးပွားရေးလုပ်ငန်းရှင်(၁၁) ဦးအတွက် ငွေကျပ်သိန်း (၃၉၀၀၀၀၀၀)ကျပ်၊မင်းလှမြို့နယ်စီးပွားရေးလုပ်ငန်းရှင် (၂)ဦးအတွက် ငွေကျပ်သိန်း ၂၀၀၀၀၀၀၀ ကျပ်၊အုတ်ဖိုမြို့နယ်လုပ်ငန်းရှင်(၄)ဦးအတွက် ငွေကျပ်သိန်း ၈၀၀၀၀၀၀ ကျပ်၊ ကြို့ပင်ကောက်မြို့နယ်လုပ်ငန်းရှင်(၂)ဦးအတွက် ငွေကျပ်သိန်း ၈၀၀၀၀၀၀၀ ကျပ်၊ စုစုပေါင်း လုပ်ငန်းရှင် (၈၇)ဦးအတွက် ငွေကျပ် ၃၆၇၀၀၀၀၀၀ သိန်းကို ထုတ်ချေးပြီးစီးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့အတွင်းရှိ မြို့နယ်များ၌အင်္ဂါနေ့တိုင်း  ဆေးနှင့် ဆေးပစ္စည်းရောင်းချနေသော မြို့မဈေးရှေ့ရှိ ဒီလှိုင်းဆေးဆိုင်အား ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းနှင့် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန် ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အခြားဌာန  ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ လက်လီကိုယ်စားလှယ် ဦးစိုးမင်းနောင်ဆိုင်အား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

အုတ်ဖိုမြို့တွင် ပြောင်းဖူးစိုက်တောင်သူနှင့်တွေ့ဆုံ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် အုတ်ဖိုမြို့နယ် စည်ပင်သာရွာမှ ပြောင်းဖူးစိုက်တောင်သူ ဦးသန်းဇော်နှင့် တွေ့ဆုံ၍ ဖူးစားပြောင်း စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေအားမေးမြန်းခဲ့ပါသည်။

          ပြောင်းဖူးစိုက်တောင်သူ ဦးသန်းဇော်၏ ပြောကြားချက်အရ ပြောင်းပင်သည် ပူးအိုက်စွတ်စို သောရာသီဥတုတွင် မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်ပါကြောင်း ပြောင်းစိုက်မည့်မြေအား  နွားချေးမြေဆွေးများထည့်၍ မြေပြုပြင်ရပါကြောင်း ထယ်တစ်စပ်နှင့် ထွန်နှစ်စက်ဖြင့် မြေပြုပြင်ပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် ပင်ကြား ၈လက်မနှင့် တန်းကြား ၂၄ လက်မထားပြီး ပေါင်းတင်စိုက်ပျိုးရပါကြောင်း တစ်ဧကလျှင် အပင် ၂၄၀၀၀ခန့် ဝင်အောင်စိုက်နိုင်ပြီး အပင်သက်တမ်းရက် ၂၀၊ ၄၀၊ ၆၀ များတွင် ရေစတင်သွင်းရပြီး ရေ (၆)ကြိမ်ခန့်သွင်းရကြောင်း အပင်အားဆေးအဖြစ် ကောမတ်နှင့် ကောမက်ဂျီ(၂၁) အား ရောစပ်၍ ၂ကြိမ်ကြွေးရကြောင်း မြောင်းကြားတန်းကြား ပေါင်းရှင်းခြင်းကို လုပ်သားအင်အားဖြင့် ဆောင်ရွက်ရပြီး တစ်ဧကကုန်ကျစရိတ် ၃၈ သိန်းကျပ်ရှိပြီး တစ်ဧကဝင်ငွေ ၉၆ သိန်းကျပ်ခန့် ရရှိနိုင်၍ အကျိုးအမြတ်အားဖြင့် ၅၈သိန်းခန့် ရရှိနိုင်ကြောင်း ပြောင်းဖူးစိုက်တောင်သူ တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မိုးညိုမြို့နယ်အတွင်းရှိ မြို့နယ်များ၌အင်္ဂါနေ့တိုင်း  ဆေးနှင့်ဆေး ပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းနှင့် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိတို့ကို စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

သာယာဝတီခရိုင်တွင် အွန်လိုင်းဈေးရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ ထုတ်လုံဌာနခွဲ တာဝန်ခံဦးချစ်ကိုကိုသည် လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်အတူ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့၊နေ့လည်(၁:၃၀)အချိန်တွင် လက်ပံတန်းမြို့၊မင်းရပ်ရပ်ကွက်၊ဆရာစံလမ်းရှိ ဦးကိုကိုဒွေး၏ KKD.Burma Digital Marketing အွန်လိုင်းကြော်ငြာဝန်ဆောင်မှု လုပ်ငန်းသို့ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ လိုက်နာရမည့် တာဝန်နှင့်အခွင့်အရေးများ တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - HighLight News