HighLight News

Powered by Drupal

ဘားအံမြို့ရှိ စံပြဈေးနှင့် စံပြမဲဘောင်ဈေးများတွင် စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ )နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်/ကျေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ၁၀.၂.၂၀၂၂ ရက်နေ့၊ နံနက် ၀၉ : ၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သည့် အေးခဲသားချောင်းထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်မှု ရှိ/ မရှိ နှင့် ရောင်းချဖြန့်ဖြူးနေခြင်း ရှိ/ မရှိ ကို ဘားအံမြို့ရှိ အမှတ်(၁) အဆင့်မြင့်စံပြရေပေါ်ဈေးနှင့် အမှတ်(၂)အဆင့်မြင့်စံပြမဲဘောင်ဈေးတို့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်ဖြိုးဖြိုးပြည့်စုံ(ဒု-ဦးစီးမှူး)က ထောက်ခံချက်မရှိပဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော   စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များကို ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်း မပြုရန်နှင့် ဈေးကွက်အတွင်းဝင်ရောက်မှုတွေ့ရှိပါက သက်ဆိုင်ရာဌာနကို ဆက်သွယ်အကြောင်းကြားပေးပါရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူများ လုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ခွင့်ပြုချက်ရရှိထားသည့် အသားချောင်းထုပ်များကိုသာ တင်သွင်းရောင်းချပေးပါရန်နှင့် စံသတ်မှတ်ချက်နှင့်အညီ ထားသို သိမ်းဆည်းရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ပါဝင်ရမည့်အချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘီးလင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဈေးကော်မတီ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၈.၂.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ နှင်းရတနာဈေး၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချနေသော ထုတ်ကုန်ပစ္စည်းများမှာ လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ ပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် လိပ်စာများဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းနှင့် ဝန်ထမ်းများသည် ၉.၂.၂၀၂၂ရက်နေ့တွင် ကုန်စည်များအား လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦး အား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ ကုန်အညွှန်း အမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြန့်ဖြူးရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ်တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ပြည့်စုံစွာပါဝင်ခြင်း ရှိမရှိ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှု ရှိမရှိ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များရောင်းချခြင်း ရှိမရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိမရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ငါးပေါက်ယိုလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး ရှင်းလင်းဆွေးနွေး

         ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ဦးစီးမှူး ဦးဝင်းသိန်းဦးနှင့် ဝန်ထမ်းများသည် ၉.၂.၂၀၂၂ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာရှိ “မွှေးမွှေးခင်” အမှတ်တံဆိပ် ငါးပေါက်ယိုလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အစားအသောက်များအုပ်စုတွင်ပါဝင်သည့် အချိုရည်နှင့် ယိုမျိုးစုံ အမျိုးအစားတွင် ကုန်ပစ္စည်းအမျိူးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြပေးရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ဖော်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်သည်မိမိကုန်စည်ကြောင့် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေး အာမခံရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်အကူအညီတောင်းခံနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

မိုးညှင်းမြို့ရှိ ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဝင်းသိန်းဦးနှင့်ဝန်ထမ်းများ သည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၈.၂.၂၀၂၂) ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ “ထူး” ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပါဝင်ပစ္စည်းများကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသား တင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ/ကျပ်သား တို့ဖြင့် ဖော်ပြရန်၊ ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှစ၍ (၆)လ ပြည့်မြောက်ပြီးသည့်နေ့တွင် အာဏာသက် ရောက်မည်ဖြစ်၍ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီမှု ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာနတွင် ‌လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်      

စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၇.၂.၂၀၂၂)ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ လမ်းဘေးဝဲ/ယာစတိုးဆိုင်များ၊ ကုန်စုံဆိုင်များမှရောင်းချဖြန့်ဖြူးသူ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက်များအား မြန်မာဘာသာဖြင့် သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်သော်လည်းကောင်း ဖော်ပြပါရှိရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့် လိပ်စာများအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဆိုင်ရှင်များမှ ယခင်က ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး မည့်ရက်စွဲများကိုသာကြည့်ရှုရောင်းချကြောင်း၊ ယခုကဲ့သို့ရှင်းလင်းဆွေးနွေးပေးပါသဖြင့် ပိုမိုသိရှိ လာရပါကြောင်း ပြန်လည်ဆွေးနွေးကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ် တာဝန်ခံ မှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

            ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         ယင်းနောက်စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယအဖွဲ့ ခေါင်းဆောင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဦးဆန်းလင်းမှဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခဲ့ပါသည်။

         ထို့နောက်ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဦးမြင့်လွင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။ အဆိုပါအစည်းအဝေးတွင် စုစုပေါင်း ( ၁၅  )ဦးခန့် တက်ရောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

လပွတ္တာမြို့နယ်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ဦးစီးမှူးဦးမြင့်ဌေးသည် (၇.၂.၂၀၂၂) ရက်နေ့တွင် လပွတ္တာမြို့ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေး အတွင်းရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။

          ထိုသို့စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသူလုပ်ငန်း ရှင်(၁၁)ဦးတက်ရောက်ခဲ့ပါသည်၊၊ လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ လုပ်ငန်းတာဝန်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်၊ မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှုရှိ/မရှိ စိစစ်ရောင်းချကြရန်နှင့် ယခုအချိန်သည် စားသုံးဆီဈေးနှုန်းများမြင့်တက်နေမှုအပေါ် ဆီစားသုံးမှုလျော့ချနိုင်ရေး၊ ဆီစားသုံး မှုများပြားပါက ကျန်းမာရေးထိခိုက်ပြီး ၎င်းနှင့်ဆက်စပ်သည့်ရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူ၏ အခွင့်အရေးများ ရယူနိုင်ကြပါစေ

          လူမှုဘဝတွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များသည် နေ့စဉ် ကြုံတွေ့ဖြေရှင်းနေရသော ကိစ္စရပ်များပင်ဖြစ်သည်။ မည်သည့်အရေးကိစ္စမဆို စားသုံးသူနှင့် လုပ်ငန်းရှင်တို့သည် ပတ်သက်နေကြရသည်။ စားသုံးသူများက တန်ဖိုးနှင့် ညီမျှသည့် ငွေကြေးပေးရ သလို လုပ်ငန်းရှင်များကလည်း ဝန်ဆောင်မှု (သို့မဟုတ်) ကုန်စည်ပေးရသည်။ စားသုံးသူနှင့် လုပ်ငန်းရှင်များသည် ရိုးသားဖြောင့်မတ်သောသူများရှိသလို မရိုးဖြောင့်သောသူများလည်း ရှိကြ သည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အငြင်းပွားမှုများတွင် အများအားဖြင့် စားသုံးသူများဘက်က နစ်နာမှုများရှိသည်ကို စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၏ စစ်တမ်းများအရ သိရသည်။

          စားသုံးသူနှင့် လုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများနှင့်ပတ်သက်၍ တရားမကြောင်းအရ တရားရုံးသို့ တိုင်ကြားနိုင်သော်လည်း စားသုံးသူများအနေဖြင့် တရားရုံးရောက်သည်အထိ မလိုလား ကြဘဲ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှုနှင့် နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိရန်လိုလားကြသည်။ လုပ်ငန်း ရှင်များသည် ငွေကြေးအဆင်ပြေကြသည့် အလွှာသီးသန့်ဖြစ်ပြီး စားသုံးသူများသည် ဆင်းရဲ၊ ချမ်းသာ လူတန်းစားများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ ငွေကြေးတတ်နိုင်သူများအတွက် အသေး အဖွဲဖြစ် သော်လည်း ငွေကြေးမတတ်နိုင်သူများအတွက် ကြီးကြီးမားမားဆုံးရှုံးမှုဖြစ်သည်။ မည်သို့ ပင်ဆိုစေ စားသုံးသူ၏ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးနှင့်ပိုင်ဆိုင်မှုတစ်ခုခုက်ုဖြစ်စေ ဆုံးရှုံးမှုသည် နစ်နာမှုပင်ဖြစ်သည်။ ထို့ကြောင့် စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် နှင့် လုပ်ငန်းရှင်များအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ထုတ်ကုန်လုံခြုံမှုရှိစေရေး ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေကိုပြဌာန်းခဲ့ခြင်းဖြစ်ပြီး စားသုံးသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးလျက်ရှိပါသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၉-ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီး လက်ရှိကျင့်သုံးလျက်ရှိသည်။ ဝန်ကြီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနကို စားသုံးသူကာကွယ်ရေးဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ပေးထားသည်။

          စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူအကျိုးစီးပွားအတွက် သီးခြားပြဌာန်းထားခြင်း မျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များအတွက်လည်း ဥပဒေအား လေးစားလိုက်နာခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရေးဆွဲထားကြောင်း သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်တိုးတက်မှုများ ရှိသည်ကိုတွေ့ရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဥပဒေပါ အကြောင်းအရာများအား နေရာဌာနအသီးသီးတွင် အသိပညာပေး ဟောပြောခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)မှ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဆက်စပ်ဌာနများ၊ ပူးပေါင်းဌာနများနှင့် ကြိုးပမ်းဆောင်ရွက်မှု များကြောင့်ဖြစ်သည်။

          ယနေ့ဈေးကွက်တွင် Mini Market မှအစ ကျေးရွာကုန်စုံဆိုင်များအဆုံး ဈေးဆိုင်များရှိ ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်များမှာ ယခင်က နိုင်ငံခြားဘာသာအမျိုးမျိုးဖြင့် စားသုံးသူများ နားမလည်သော ကုန်အမှတ်တံဆိပ်များ ဖော်ပြကြရာမှ ယခုဆိုလျှင် မြန်မာဘာသာပူးတွဲဖော်ပြလာ သည်ကို တွေ့ရသည်။ ထုတ်လုပ်မှုရက်စွဲ/ကုန်ဆုံးမှုရက်စွဲများ ထည့်လာကြသည်။ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါရှိလာသည်ကို တွေ့ရသည်မှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုအပိုင်းတွင် တိုးတက်လာမှုများပင်ဖြစ်သည်။

          စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေများ အသေးစိပ်သိရှိရန် မလေ့လာနိုင် သော်မှ ဥပဒေအခန်း(၉) ပုဒ်မ-၁၉ (က)မှ (ဇ)အထိ ဖော်ပြထားသည့် စားသုံးသူ၏အခွင့်အရေး (၈)ချက်နှင့် ပုဒ်မ-၂၀ (က)မှ(ဃ)အထိ ဖော်ပြထားသည့် စားသုံးသူ၏တာဝန်များအား သိရှိရန် လို အပ်သည်။ ပုဒ်မ-၁၉ တွင်ပါရှိသော စားသုံးသူ၏ အခွင့်အရေးများမှာ (က) စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရှိခြင်း။ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့် ရှိခြင်း၊ (ဃ) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ (င) စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ (စ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့် ရှိခြင်း၊ (ဆ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိ ပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (ဇ) ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်သည်။

          ဥပဒေ ပုဒ်မ-၂၀ တွင် ဖော်ပြထားသည့် စားသုံးသူ၏တာဝန်များမှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီ ထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ (ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ (ဃ) အငြင်းပွားမှုကို ညှိနှိုင်း ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသား ခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။

          ဥပဒေဆိုသည်မှာ ခုခံကာကွယ်နိုင်ခွင့်နှင့် အခွင့်အရေးရယူခွင့်ဖြစ်သည်ဟု မှတ်သားဖူးသည်။ စားသုံးသူများအနေဖြင့် နေ့စဉ်ရယူအသုံးပြုနေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက် ပြီး အခွင့်အရေးများရှိကြောင်းနှင့် ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊ စိတ်ကျေ နပ်မှုရှိခွင့်၊ ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် သတင်းအချက်အလက်၊ ပြေစာ၊ ဘောက်ချာကဲ့သို့သော အထောက်အထားများ တောင်းယူခွင့် စသည့်အခွင့်အရေးများကို ရယူနိုင်ခွင့် ရှိကြောင်း စားသုံးသူကာကွယ်ရေးဥပဒေက ကျောထောက်နောက်ခံပြုထားကြောင်း သိရှိရန် လိုအပ်ပါသည်။

          နစ်နာဆုံးရှုံးမှုတွင် ရုပ်ပိုင်းဆိုင်ရာနစ်နာမှုနှင့် စိတ်ပိုင်းဆိုင်ရာနစ်နာမှုဟူ၍ နှစ်မျိုးရှိသည်။ နစ်နာမှုတိုင်းတွင် စိတ်မကျေနပ်မှုကို ဖြစ်စေသည်။ အသေးအဖွဲနစ်နာမှုများတွင် ဥပမာ၊ သစ်ကြားသီး တစ်ထောင်ဖိုး သုံးလုံးဖြင့် ဝယ်ခဲ့သည်။ အိမ်တွင် ခွဲစားသောအခါ နှစ်လုံးမှာ မကောင်းဘဲ အပုပ်ဖြစ်နေသည်။ ငွေတစ်ထောင်နှင့် မပြောတော့ဘူး နေပါစေဆိုသော်လည်း စိတ် ထဲတွင် မကျေမနပ်တော့ ဖြစ်ရသည်။ ငွေကြေး၊ ရုပ်ပိုင်းရော စိတ်ပိုင်းပါ နစ်နာဆုံးရှုံးမှုဖြစ်သည်။ နစ်နာဆုံးရှုံးမှုအား တောင်းဆိုခွင့်ရှိသည်ကို သိရှိရန်လိုအပ်သည်။ ကြီးကြီးမားမားနစ်နာဆုံးရှုံးမှုများ သည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။

          ဥပဒေတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဟု အတိအလင်းဖော်ပြထားသည်။ ဝန်ဆောင်မှု ပိုင်းတွင် အခြေအတင်မဖြစ်လို၍ စားသုံးသူဘက်က လျှော့ပေးရသည့်ကိစ္စရပ်များစွာရှိသည်။ အလျှော့ပေးလေ ကမ်းတက်လေဆိုသလို ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်လာကြသည် များ လည်းရှိသည်။ ထိုသို့သော ဖြစ်စဉ်များကြောင့် ပတ်ဝန်းကျင်တွင် စားသုံးသူနှင့်လုပ်ငန်းရှင်တို့ကြား အငြင်းပွားဖွယ်ကိစ္စများ ရှိသော်လည်း Complaint Center သို့ တင်ပြတိုင်ကြားမှုနည်းပါးကြောင်း လေ့လာသိရှိရသည်။ တနည်းအားဖြင့် စားသုံးသူများသည်၎င်းတို့၏အခွင့်အရေးများရှိသည်ကို သိရှိမှု အားနည်းနေသေးကြောင်း ဖြစ်နိုင်သည် ဟုလည်း စဉ်းစားစရာဖြစ်သည်။

အချုပ်အားဖြင့် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲရန်အတွက်သော် လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူ ခြင်း၊ ကုန်စည်ချေးငှားခြင်း၊ ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများဖြစ်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ထို့ကြောင့် မိမိသည် စားသုံးသူ ဟူသော စကားရပ်တွင်အကျုံးဝင်ခြင်း ရှိမရှိ သိရှိရန်လည်း လိုအပ်သည်။

စားသုံးသူများသည် နေ့စဉ်ကြုံတွေ့နေရသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား ရယူ အသုံးပြုနေခြင်းနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးများ၊ တာဝန်များကို သိရှိလိုက်နာခြင်း ဖြင့် စားသုံးသူအခွင့်အရေး(၈)ချက်၏ နောက်ဆုံးအချက်ဖြစ်သော ပစ္စုပ္ပန်တွင် သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေပြီး စည်းကမ်းပြည့်ဝသော အကျင့်ဓလေ့ကောင်းများ ရှင်သန်ပေါက်ဖွားကာ သက် ရှည်ကျန်းမာလျက် နိုင်ငံအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေကြောင်း ရည်ရွယ်လျက် တင်ပြ လိုက်ပါသည်။

DOCA(စစ်ကိုင်း)

ညောင်လေးပင်မြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းရှင်များ သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည်         (၃.၂.၂၀၂၂) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဉပဒေ ၂၀၁၉ ၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ပြနိုင်စေရေး ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ စက်ရုံလမ်းရှိ (ရွှေခေတ်)မုန့်မျိုးစုံလုပ်ငန်း၊ မြို့မ(၂)ရပ်ကွက်၊ ငုချယ်ရီလမ်းရှိ (မြင့်မိုရ်မေမေ)မုန့်မျိုးစုံလုပ်ငန်းနှင့် (ACT)သဘာဝသစ်သီးကုန်ထုတ်လုပ်ငန်း၊ သောက်ရေသန့် လုပ်ငန်းအမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံလုပ်ငန်းအစရှိသည့်စီးပွားရေးလုပ်ငန်းရှင်(၁၇)ဦးနှင့် သွား‌ရောက် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စု(က)ရှိ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံတို့တွင် မြန်မာဘာသာဖြင့်ထည့်သွင်းရမည့်အချက်များအားလည်းကောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဉပ‌ဒေပါစီးပွားရေး   လုပ်ငန်းရှင်များ     လိုက်နာရမည့်   တာဝန်များနှင့်တားမြစ်ချက်များ၊     ပြစ်မှု၊ပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News