HighLight News

Powered by Drupal

ရမ်းဗြဲမြို့နယ်၊ ခွဆုံကျေးရွာနှင့်ရွှေရွာဟောင်းကျေးရွာများမှ ဆောင်းမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် သွင်းကုန်အစားထိုးရန်၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရန်နှင့် အလားအလာကောင်းသည့် အမယ်သစ် သီးနှံတစ်မျိုးခြင်းအလိုက် သီးနှံဆိုင်ရာသတင်းအချက် အလက်များကို လေ့လာပြုစုတင်ပြလျက်ရှိပါသည်။

          ကျောက်ဖြူခရိုင်တွင် ဆီဝမ်းစာဖူလုံမှုမရှိ၍ နှစ်စဉ်စားသုံးဆီတန်ချိန် (၁၅၀၀)ကျော် တင်သွင်းနေရပါသည်။ သွင်းကုန်အစားထိုးနိုင်ရေးရည်ရွယ်၍ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ခွဆုံရွာနှင့် ရွှေရွာဟောင်းကျေးရွာများတွင် စိုက်ပျိုးလျှက်ရှိသော ဆောင်းမြေပဲသီးနှံဆိုင်ရာ သတင်း အချက်အလက်များကို ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့မှ ၂၁.၁.၂၀၂၂ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ယခုနှစ်ဆောင်းမြေပဲရာသီတွင် မြေပဲစိုက်ပျိုးနိုင်ရန်အတွက်  ခွဆုံရွာနှင့် ရွှေရွာဟောင်း ကျေးရွာမှ တောင်သူ(၁၅)ဦးသည် မိမိတို့ပိုင်ဆိုင်သည့် လယ်မြေဧက(၄၀)ကျော် ပေါ်တွင် မိုးကောင်း ရေသောက်ကောက်စောစပါးများ စိုက်ပျိုးကြသည်။ ကောက်စောစပါးများကို ရိတ်သိမ်းပြီး ရိုးပြတ် များကို ရှင်းလင်းကာ ကျန်နေသော မြေအစိုဓါတ်ပေါ်တွင် ထွန်(၅)စင်းစက်ဖြင့် ထိုးပြီး ဒီဇင်ဘာလ ပထမအပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ပါသည်။ စိုက်ဧကစုစုပေါင်း(၃၅)ဧကကျော် ရှိပြီး တစ်ဦးလျှင် အနည်းဆုံး (၀.၅၀)ဧကမှ အများဆုံး (၃.၀၀)ဧက စိုက်ပျိုးသည်အထိပါဝင်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့သည့် ပဲစိုက်တောင်သူ ဦးနီထွန်းအောင်ထံမှ သိရှိရပါသည်။ စိုက်ပျိုးသည့် မျိုးများအနေဖြင့် ဆင်းပဒေသာ (၅)၊(၆)နှင့်(၁၁)တို့ဖြစ်ပါသည်။ မျိုးတန်းဖိုးမှာ တစ်ဧကကျပ် (၁၀၀၀၀၀)ခန့် ကုန်ကျပါသည်။ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာ အီးအင်ဘိုကာချီနှင့် ဓာတ်မြေဩဇာများကို အချိုးကျသုံးစွဲပြီး ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးတို့ကိုပါ သုံးစွဲရသည့် အတွက်ကြောင်း တစ်ဧကကုန် ကျစရိတ် ကျပ်(၂၀၀၀၀၀)ကျော်ခန့် ကုန်ကျ မည် ဖြစ်ပါသည်။ စံပြစိုက်ကွက်ဖြစ်သည့်အားလျှော်စွာ  Good Agriturail Practice(GAP) စနစ်ဖြင့် စိုက်ပျိုးနေပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပညာပေးလျှက်ရှိပါသည်။ အပင်သက်တမ်းမှ ရက်(၁၀၀)မှ (၁၀၅)ရက်ဖြစ်ပြီး မတ်လကုန်တွင် ရိတ်သိမ်းရမည်ဖြစ်ပါသည်။ သီးထပ်စိုက်ပျိုး မြေဖြစ်၍ ရိတ်သိမ်းခြင်းမှ ကျန်ရှိ သော ပင်စည်ဟောင်းနှင့် အမြစ်ဟောင်းများကို လယ်ကွင်းတွင်ပြန်လည် ထည့်သွင်းပေးခြင်း အားဖြင့် လာမည့်မိုးရာသီတွင် သဘာဝမြေဩဇာ အဖြစ် ရရှိမည်ဖြစ်၍ များစွာအကျိုးရှိပါသည်။ ပန်တိုင်းအထွက်နှုန်းမှာ (၁)ဧက တင်း(၅၀) ထွက်ရှိလာပါက ကာလပေါက်ဈေးဖြင့် တွက်ချက်ပါက ကျပ်(၁၀)သိန်းခန့် ရရှိမည်ဖြစ်ပါသည်။ စိုက်ခင်း အောင်မြင်ပါက တောင်သူများအနေဖြင့်လည်း လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ပြီး ဒေသအတွက် လည်း အာဟာရတန်ဖိုးမြင့်မားသည့် မြေပဲဆီများကို စားသောက်ရမည်ဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။

DOCA(ရခိုင်)

စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်များ ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အများပြည်သူတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍  ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်တွင် ဇန်နဝါရီလ (၁၄)ရက်နေ့ ၌လည်းကောင်း ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နေ့၌လည်းကောင်းနှင့် သဲကုန်းမြို့နယ်တွင် ဇန်နဝါရီလ (၁၉)ရက်နေ့၌လည်းကောင်း  သက်ဆိုင်ရာမြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်များပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ  Talk Show များတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီ (၁၈)ရက်နေ့၌ ရတနာစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဇန်နဝါရီ(၁၉)ရက်နေ့၌ Petro-K စက်သုံးဆီဆိုင်သို့လည်းကောင်း၊ မြို့နယ်တာဝန်ခံမှဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ ဈေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည့်စုံစွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ ကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စားသုံးသူပြည်သူများသိရှိစေရန် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေဆောင်ရွက်ကြရန်၊ သတ်မှတ်အရည်အသွေးမပြည့်မီသော ကုန်စည်များအား အမျိုးအစားတူ ကုန်စည်နှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန်၊ မိမိရောင်းချမည့် ကုန်စည်အား အထူးဈေးနှုန်းဖြင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်အတွင်း မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ကုန်မျိုးစုံဆိုင်များရှိ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ပေါက်ခေါင်းမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေးသို့လည်းကောင်း၊ ပန်းတောင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးနှင့်မြို့ပေါ်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရေး၊ ကုန်စည်များတွင်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် သက်ဆိုင်ရာအစိုးရဌာနများမှ စားသုံးရန်နှင့် သုံးစွဲရန်မသင့်ဟု ကြေညာထားသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန် စားသုံးသူပြည်သူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များအား သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

        ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

            ယင်းအစည်းအဝေးတွင်စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စားသုံးဆီတင်သွင်းခွင့် Quota သတ်မှတ် ထားရှိမှု၊ သွင်းကုန်လိုင်စင်ထုတ်ပေးမှုနှင့် အမှန်တင်သွင်းရောက်ရှိမှု အခြေအနေ များနှင့် ကျန်းမာရေး ညီညွတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ ကို အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းချပြ ဆွေးနွေးခြင်း၊ စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၊ ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌက အကောင်ထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးခြင်း၊ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ ဒုတိယဥက္ကဌ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာက ဈေးကွက်အတွင်းဖြန့်ဖြူးမည့်ဆီများအား စစ်ဆေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ထို့နောက် တက် ရောက်လာသည့် ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ဖြည့်စွက်၍ ဆွေးနွေးခြင်း၊ တက်ရောက်လာသည့်ကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီ များ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အတည်ပြု ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေး တွင် ဖိတ်ကြားထားသောကော်မတီဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိ သူများစုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြံခင်းမြို့ရှိ၊ အုန်းကယေကယာလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးလုပ်ငန်းများကို စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ မုန့်လုပ်ငန်းရှင် (၇)ဦးအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ  စီးပွားရေးလုပ်ငန်းရှင်များ လေးစာလိုက်နာရမည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အကြောင်း သိကောင်းစရာများ၊ စားသုံးသူ၏အခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊  ပြစ်မှုပြစ်ဒဏ်များ အကြောင်း တို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင် များပေးဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့၊ ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် မုန့်ဆိုင်များအားစစ်ဆေး

         ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးဦးစီးဌာန ၊ ဟင်္သာတခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့နှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် မုန့်မျိုးစုံ ရောင်းချသောဆိုင်များအား ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

         စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်မျိုးစုံနှင့် မုန့်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ ၄၃အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၊၂/၂၀၁၉ နှင့် အညီ ဖော်ပြထားမှုရှိ/မရှိ ကိုစစ်ဆေးခြင်း၊ ညွှန်ကြားချက်နှင့် မကိုက်ညီသော ကုန်စည်များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် နှင့်  ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ အရေးယူခြင်းခံရနိုင်ကြောင်းဆိုင်ရှင်များ အားအသိပေးဆွေနွေးခဲ့ပြီး၊ ဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံအရောင်းဆိုင် (၆) ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ် ကုန်စည်ဒိုင်ဖြစ်မြောက်ရေး ပဏာမညှိနှိုင်းအစည်းအဝေးကျင်းပ

         (၂၁.၁.၂၀၂၂) ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ Perfect Hotel ၌ ကျင်းပပြုလုပ်သော ကရင်ပြည်နယ်ကုန်စည်ဒိုင်ဖြစ်မြောက်ရေး ပဏာမညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

        အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အခြား တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင်လည်း ကုန်စည်ဒိုင်များဖွင့်လှစ်ပြီး ကုန်သွယ်ရောင်းဝယ်မှု ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊  ကရင်ပြည်နယ်တွင်လည်း ကုန်စည်ဒိုင် ရှိသင့်ကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ဈေးနှုန်းဈေးကွက်များ မှန်ကန်ခိုင်မာပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကုန်စည်ဒိုင်ဖြစ်မြောက်ရေးအတွက် မိမိတို့လည်း တတ်အားသမျှ ဝိုင်းဝန်း ပူပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဇော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်က ဌာန၏ လုပ်ငန်းတာဝန်များ အကြောင်းရှင်းလင်းပြောကြားပြီး ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် အသေးစား စီးပွားရေးလုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းဆွေးနွေးပြောကြားပြီး မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန၊ တာဝန်ခံ ဦးခင်မောင်မောင်အုန်းက မိမိတို့ ဌာနသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက် ပေးနေကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ ပြုလုပ်နေမှုများအကြောင်းနှင့် ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးဖြစ်ထွန်းမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်းအား ရှင်းပြပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများဖြစ်သော စားသုံးသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များ၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက တိုင်းဒေကြီးနှင့် ပြည်နယ်များတွင် ၂၀၀၆ ခုနှစ်အထိ ကုန်စည်ဒိုင် (၉)ခုသာဖွင့်လှစ်ခဲ့ရာမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့၏ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ကုန်စည်ဒိုင် (၅၇)ခု ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း လက်ကား ကုန်စည်ဒိုင် (၆၆)ခုအား ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ဒေသထွက်ကုန်ပစ္စည်းများ ဈေးနှုန်း/ဈေးကွက် မှန်ကန်ခိုင်မာလာပြီး ရောင်းဝယ်ဖောက်ကား မှုလွယ်ကူအဆင်ပြေလာမည်ဖြစ်ပါကြောင်း၊ ကုန်စည်ဒိုင်ရှိခြင်းနှင့် မရှိခြင်း၏ အကျိုးတရား များလည်း တွေ့ရှိလာရမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင်လည်း ကုန်စည်ဒိုင်ဖြစ်မြောက် ရေးအတွက်အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရအဖွဲ့မှလည်းညွှန်ကြားထားပါကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစွာတင်ပို့နိုင်ရေးနှင့်ဈေးကွက်တည်ငြိမ်မှုရရှိရေးသည်လည်းလွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လက်ရှိတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း အဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကုန်စည်ဒိုင်များဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးခြင်းများ ဆောင်ရွက်နေကြောင်း အစရှိသည့် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားပြီး ကြွရောက်လာသော ညီနောင်အသင်းများမှ အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်း အဝေးသို့စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် (၁၄)ဦးနှင့် ညီနောင် အသင်းအဖွဲ့များနှင့် ကုန်သည်လုပ်ငန်းရှင်များ (၂၉)ဦးခန့် တက်ရောက် ခဲ့ကြပြီး အစည်း အဝေးကို ညနေ (၁၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောပွဲ ကျင်းပပြုလုပ်

          ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြဝတီခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု  စက် ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းခန်းမတွင် ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်း များသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ သင်တန်း တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ကလည်း အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ကြပါသည်။  

         မြဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးသိကောင်း စရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက နစ်နာမှုနှင့်စပ်လျဉ်း၍ အရေးဆိုတိုင်ကြားနိုင်သည့် ကိစ္စရပ်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းသူများမှလည်း သိလို သည်များကိုမေးမြန်းခဲ့၍ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို ၁၅း၃၀ နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

အိမ်တွင်းတစ်ပိုင်တစ်နိုင်ကြာချည်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိ

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဧက(၃၅၀)ခန့်ကျယ်ဝန်းသည့် ဝက်သည်းကန် အတွင်း သဘာဝအလျှောက် ပေါက်ရောက်နေသည့် ပဒုမ္မာကြာတောကြီးမှ ကန်ပတ်လည်ကျေးရွာများ ဖြစ်သည့် ရှမ်းရွာကုန်းကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ တမာချောင်းကျေးရွာ၊ ဆင်ကျုံးကျေးရွာနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ဒေသခံပြည်သူများ ကြာချည်အိမ်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် ဝင်ငွေများ ရရှိနေကြောင်း သိရှိရပါသည်။

            အခုလို ကြာချည်ထုတ်လုပ်နိုင်ရန်အတွက် ကန်အတွင်းပေါက်ရောက်နေသည့် လေးပေအရှည် ပဒုမ္မာကြာရိုးများကို လှေပေါ်မှတစဉ်ဖြင့်ချိတ်ယူခူးဖြတ်ပြီး သုံးလက်မခန့်အပိုင်းများပိုင်းကာ ကြာရိုးမှ ထွက်ရှိလာသည့်အစေးများကို သစ်သားခုံပေါ်တင်၍ လက်ဖြင့်လိမ့်ကျစ်ပြီး ကြာချည်မျှင်ထုတ်လုပ်ရပါ ကြောင်း၊ စလင်းဝက်သည်းကန်မှ ထုတ်လုပ်သည့် ကြာချည်မှာကုန်ကြမ်းအဆင့်သာဖြစ်ပြီး ကြာရိုးမှ ထွက်ရှိသည့် ကြာချည်များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအနေနဲ့ ယခင်နှစ်က တစ်ကျပ်သားကို (3000)ကျပ်ထိ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် တစ်ကျပ်သားကို (2700)ကျပ်ဈေးသာရရှိကြောင်း၊ တစ်ရက်လျှင် တစ်ဦးကို (2-3)ကျပ်သားထိ လုပ်ဆောင်သည့်အတွက် လုပ်သားတစ်ဦးအနေနဲ့ တစ်ရက်ပျှမ်းမျှ(6000-7000)ကျပ် ဝန်းကျင်ဝင်ငွေရရှိကြောင်း သိရှိရပြီး တချို့အိမ်ထောင်စုများအနေဖြင့် (5-6)ကျပ်သားထိ လုပ်ဆောင်နိုင်သည့်အတွက် တစ်ရက်လျှင် (14000-15000)ကျပ်ထိ ပျှမ်းမျှဝင်ငွေ ရရှိကြောင်း သိရှိရပါသည်။ 

         စလင်းဒေသမှတင်ပို့ရောင်းချသည့် ကြာချည်ကုန်ကြမ်းများကို ကုန်ချောအဖြစ် ကြာတဘတ်၊ ကြာလွယ်အိတ်၊ ကြာပုဆိုး၊ ကြာအင်္ကျီ၊  ကြာသင်္ကန်း ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ကြာချည်မှ ထုတ်လုပ်သည့် ကြာသင်္ကန်းမှာ ရဟန်းတော်များအတွက် ရာသီဥတုနှင့်အထူးသင့်လျှော်သည့်အတွက် ဈေးကြီးမြင့်ကြောင်း၊ ကြာရွက်များကိုလည်းခူး၍ ထုတ်ပိုးရန်ရောင်းချရသေးကြောင်း၊ ရွက်ရေ(၂၅)ကို ငွေကျပ် (၁၀၀)နှုန်းဖြင့် ရောင်းချရကြောင်း သိရပါသည်။ရှေးယခင်က အစားအသောက်များကို အင်ဖက်၊ ကြာဖက်များဖြင့် ထုတ်ပိုး၍ ရောင်းချ ခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိခဲ့သော်လည်း နည်းပညာတိုးတက်လာ၍ ပလပ်စတစ်များကို အစားထိုးသုံးစွဲလာရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု များဖြစ်ပေါ်လာရသည့်အတွက် ယခုအခါ သဘာဝပစ္စည်းများဖြင့် ပြန်လည်အသုံးပြုလာရာ စလင်း ဝက်သည်းကန်မှထွက်ရှိသည့် ကြာဖက်များ သည်လည်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။

         ကြာချည်ထုတ်လုပ်ရန် ကုန်ကြမ်းကြာရိုးအနေဖြင့် တစ်နှစ်ပတ်လုံးပြတ်လပ်မှုမရှိသော်လည်း နွေနှင့်ဆောင်းတွင် ကြာစေးထွက်နည်းပြီး မိုးတွင်းကာလတွင် ကန်ရေပြည့်၍ ကြာစေးအထွက်ကောင်း ကြောင်း၊ဝက်သည်ကန်ကိုမှီ၍ လှေပေါ်မှရေလုပ်ငန်းဖြင့် အသက်မွေးရသော်လည်း ကြာချည်ထုတ် လုပ်ငန်းမှာ ရဟန်းသံဃာများအတွက် ကြာသင်္ကန်းများယက်လုပ်ရန် ထုတ်လုပ်ရသည့် လုပ်ငန်းဖြစ်၍ ကုသိုလ်ရ ဝင်ငွေတိုးသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News