သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်လမ်းရှိ ဆေးမျိုးစုံ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက် ရန်၊ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၄)ဆိုင် အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီများသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင်စုများအား ဆီဖြန့်ဝေမှု ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများ၊ မြန်အောင်ခရိုင်ဆီကိုယ်စားလှယ်အသင်း ဥက္ကဌ နှင့်ပူးပေါင်း၍ (၇.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၄၅)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုနှင့် ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ်မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ၊ ခွဲတမ်းရ ကုန်စုံဆိုင်များအနေဖြင့် အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး ၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်အလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် အိမ်ထောင်စုများအား ဖြန့်ဝေရောင်းချပေးနေမှုကိုလည်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိစားသောက်ဆိုင်များနှင့်အစားအသောက်ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရေးအတွက် (၇.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့ ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ရာ အစား အသောက် ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထား ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ဆက်လက်၍စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမြင့်အောင် က စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေ ရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန် မှာ ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၇.၇.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် မြန်အောင်မြို့၊ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါ ရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည် ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးနှင့်ရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၌ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဆိုင်(၅)ဆိုင်အား အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ဥပဒေ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတိုင်း ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အမှတ်တံဆိပ်ပြဌာန်းချက်များ၊ ထောက်ခံချက်များ ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးသူအောင်ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များ၌ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

မကွေးတိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ GAPစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော နှမ်းသီးနှံအား Export တိုက်ရိုက်ရောင်းချတင်ပို့ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံလှကျေးရွာရှိ Good Brothers Company အစည်း အဝေးခန်းမ၌ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော နှမ်းသီးနှံအား Export တိုက်ရိုက်ရောင်းချတင်ပို့ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ မကွေးကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ၊ မကွေးတိုင်း တိုင်းတောင်သူအကျိုးဆောင်များ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တောင်သူစုစုပေါင်းလူဦးရေ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ တက်ရောက်လာသော တောင်သူများမှ ရှင်းလင်းပြောကြားရာတွင် GAP စနစ်ဖြင့် စိုက်ပျိုးခဲ့ရာ (၅)နှစ်ကျော် (၆)နှစ်ထဲ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် နည်းပညာ တိုးတက်လာ၍ နှမ်းအထွက်များလည်း ပိုမိုထွက်ရှိလာပါကြောင်း၊ မိမိတို့တောင်သူများမှာ ယခုလို စုပေါင်းရောင်းချရ၍ ဈေးနှိမ်မခံရခြင်း၊ ဈေးကွက်ဈေးနှုန်းလည်း မိမိတို့နှမ်းအရည်အသွေးပေါ်လိုက်၍ ဈေးနှုန်းရရှိပါကြောင်း၊ ကုမ္ပဏီမှလည်း ယနေ့တွင်ပင် ကွန်တိန်နာ(၅)လုံးဖြင့် နိုင်ငံခြားသို့ Export တင်ပို့မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများ၏ မေးမြန်းချက် များကို အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။ DOCA(မကွေး)

ချောက်မြို့၊ အခြေခံပညာမူလတန်းလွန်(ပတ္တမြား)ကျောင်း၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အခြေခံပညာမူလတန်းလွန်(ပတ္တမြား)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သောအစားအစာများနှင့် ကုန်အညွှန်းအမှတ်သားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရေးနှင့် Online လိမ်လည်မှု များ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ က “ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ် ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲ လယ်တင့်” စသည့် စာပေဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေး အန္တရာယ်ဆိုင်ရာသိကောင်းစရာ”များအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များနှင့် ကလေးလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အခြေခံပညာမူလတန်းလွန် (ပတ္တမြား)ကျောင်းအတွင်းရှိ ရောင်းချလျက်ရှိသော မုန့်ဆိုင်များအား စားသုံးသူ အန္တရာယ်ကင်းရှင်း စေရေး စစ်‌ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)

ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ ပဲကြော်၊ အာလူးကြော်၊ မရွေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် ခွင့်ပြုပေးထားသည့်လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲ ခြင်းရှိ/မရှိ၊ စားသုံးသူမိဘပြည်သူ များဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲမှုရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ DOCA(မကွေး)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၈.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဉီးတို့သည် အင်းစိန်မြို့နယ်ရှိ ကော့စမိုပရီမီယံ ကလိုသင်း အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(ခ/၅၅၂)၊ မင်းစေတီလမ်းသွယ်(၁)၊ ရွာမအနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “ကော့စမိုပရီမီယံကလိုသင်း”အမည်ဖြင့် Online စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။ DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ