သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများ သိရှိစေရန် အသိပညာပေး Talk Show ဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၃-၅-၂၀၂၄)ရက်နေ့၊  နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများသိရှိစေရန်  အသိပညာပေး  Talk Show ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို(၂၁-၇-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဤအမိန့်ကြော်ငြာစာကိုထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ် မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူ ခြင်းခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များမှာ ရောင်းချသော ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ဆောင်ရွက်ရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံ ချက်များပေးအပ်ရန်၊ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရန်၊ ရောင်းချသောကုန်စည်နှင့်စပ်လျဉ်း၍ သတင်း အချက်အလက်(သို့) အာမခံချက်များနှင့်ကိုက်ညီ မှုမရှိခြင်းကြောင့် စားသုံးသူကပြန်လည် အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံနိုင်သည့် ကာလတို့ကို သတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ မှတ်ပုံတင်လျှောက် ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည် (သို့)ဝန်ဆောင်မှု ရောင်းချခြင်းကို ရှောင်ကြဉ်ရန်၊  ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချရာတွင် စားသုံး သူကို မထီမဲ့မြင်ပြုခြင်း၊ ဂုဏ်သိက္ခာကိုထိခိုက်စေသော ပြုမူပြောဆိုခြင်းကိုရှောင်ကြဉ်ရန်၊ စားသုံးသူက ငွေပေးချေရန်နည်းလမ်းများ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပေးရန်၊ စားသုံးသူထံ ကုန်စည် ပို့ဆောင်မည့်နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်း၊ ရွေးချယ်ခွင့်ပေးခြင်းနှင့်အညီ ကုန်စည်ပို့ဆောင်ပေးခြင်းဆောင်ရွက်ရန်၊ စားသုံးသူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်(သို့)စားသုံးသူကမဖော်ပြလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အစိုးရဌာန၏ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ယင်းတို့ ကို ထုတ်ဖော်ခြင်းမပြုပဲ ထိန်းသိမ်းရန်၊ အွန်လိုင်းစနစ်‌ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊ လုံခြုံရေးကို ပျက်ပြားစေရန်လှုံ့ ဆောင်ခြင်း၊ ဟောပြောခြင်း၊ စည်းရုံးခြင်း၊ အားပေးခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းမှုများ ရှောင်ကြဉ်ရန်၊ မှတ်ပုံ တင်လက်မှတ်ကို အခြားသူများသို့ လွှဲပြောင်းခြင်းမှရှောင်ကြဉ်ရန်၊ ပွင့်လင်းမြင်သာစွာရောင်းချရန်၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းက ချမှတ်သောစည်းကမ်းများ တိကျစွာလိုက်နာရန်၊ ဝန်ကြီးဌာန၊ ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းများလိုက်နာရန် စသည့်အချက်များကို ဟောပြောခြင်းများ၊ မည်သူမဆို မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပ‌ဒေ ပုဒ်မ၅ အရ အနည်းဆုံးထောင်ဒဏ် ခြောက်လမှအများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ပါကြောင်း အသိပညာပေး (TalkShow)ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ မွန်းလွဲပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီရောင်းချသည့် ကုန်သည်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တောင်ငူခရိုင်အတွက်ရရှိသည့် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးကျော်သိန်းက ရရှိသည့်ဆီခွဲတမ်းများအား စနစ်တကျဖြန့်ဖြူးရောင်းချနေသည့် အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များကို ခရိုင်ဦးစီးမှူးနှင့် ခရိုင်အသင်းဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    အခမ်းအနားသို့ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       တောင်ငူခရိုင်အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် သက်ဆိုင် ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       တောင်ငူခရိုင်အတွင်းရှိ ဆန်ရောင်းချမှုမှာ ပုံမှန်အနေအထားအတိုင်းရှိကြောင်း၊ ဆန်စက်များအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် သိုလှောင်ရုံများတွင် ဆန်မြောက်များစွာသိုလှောင်ထားမှုမရှိကြောင်း၊ လက်ကျန်ဆန်များကို ဈေးကွက်သို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့၊ နတ်ကန်ကျေးရွာနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

      စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းသော အစားအ‌သောက်နှင့်ကုန်စည်များအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

       ယခုအခါ နွေကျောင်းပိတ်ကာလဖြစ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၁၅.၅.၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ နတ်ကန်ကျေးရွာရှိ ပြည်သူ(၁၃၀)ဦးအား လည်းကောင်း၊ (၁၆.၅.၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ယူသော သမန်းတောကျေးရွာ အုပ်စုမှ တောင်သူ (၅၀)ဦးတို့အားလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရေတာရှည်မြို့နယ် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ရေတာရှည်မြို့နယ်အတွက်ရရှိသည့် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်များကို မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့မှ စားအုန်းဆီလက်လီ/လက်ကားရောင်းချသူ ၉ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ မြို့လှကော်ဖီလုပ်ငန်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေး

    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House (အလင်းအိမ်) ကော်ဖီလုပ်ငန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းပိုမိုတိုးတက်အောင်မြင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

       ရှေးဦးစွာ လုပ်ငန်းရှင် ဦးဇေယျာမင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသဖြင့် ကော်ဖီလှော်စက်ဝယ်ယူနိုင်မှုနှင့် လုပ်ငန်းတိုးချဲ့နိုင်မှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ၎င်း၏ကော်ဖီလုပ်ငန်းသို့ ဝင်ရောက်နိုင်မည့်လမ်းအား အဆင့်မြှင့်ပြုပြင်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုသည်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

     ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခေတ်မီသေသပ်လှပသည့် ထုပ်ပိုးပစ္စည်းများဖြင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေးကိုဆောင်ရွက်ရန်၊ အောင်မြင်ဖြစ်ထွန်းနေသည့် လုပ်ငန်းဖြစ်သဖြင့် ကိုယ်ပိုင်ကော်ဖီစိုက်ဧကတိုးချဲ့နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းအတွက်လိုအပ်သော ချေးငွေများရရှိရေး၊ စက်ရုံအဝင်လမ်း အဆင့်မြှင့်ပြုပြင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ 

       Light House ကော်ဖီလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်ခြံဖြင့် ကော်ဖီများကိုစိုက်ပျိုးပြီး ၎င်းကော်ဖီခြံမှထွက်ရှိသော ကော်ဖီစေ့များကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် အခြောက်လှန်း၍ ကိုယ်ပိုင်ကော်ဖီလှော်စက်၊ ကော်ဖီမှုန့်ကြိတ်စက်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ လက်ရှိပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ နေပြည်တော်မြို့များသို့ ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံမှလည်း မှာယူမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆန်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၆-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ပဲခူးမြို့အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များသို့ ဆန်အမျိုးအစားများ၊ လက်လီ/လက်ကားရောင်းချမှုအခြေအနေ၊ ဝယ်ယူရောင်းချသည့် ကုန်စည်စီးဆင်းမှုအခြေအနေ၊ ဆန်အမျိုးအစားအလိုက် သိုလှောင်မှုလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး၍ ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန် သက်ဆိုင်ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီဈေးနှုန်းများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

     ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ မေ လ ၁၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူများအတွက် ရောင်းချလျက်ရှိသည့် အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့် စားသုံးဆီ ဈေးနှုန်းများသည် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ခွဲတမ်းရရှိသည့် စားအုန်းဆီများရောင်းချနေမှုအပေါ် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့အတွင်းရှိ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချမှုပြုလုပ်နေသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ခွဲတမ်းရရှိသောစားအုန်းဆီများကို ပြည်သူများလက်ဝယ်သို့ရောက်ရှိရန် ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနိုင်ရေးနှင့် ရောင်းချမည့်သတ်မှတ်ဈေးနှုန်းများကို ဗီနိုင်းဖြင့် မြင်သာအောင် ချိတ်ဆွဲရောင်းချနိုင်ရေးတို့ကို ခွဲတမ်းရရှိသည့် စားအုန်းဆီရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၄ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းဖြန့် ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ဘေးန္တာ ရယ်ဖြစ်နိုင်သည့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်း ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ စစ်ဆေးရေးအဖွဲ့ဝင်များမှ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ