သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့တွင် ဆန်၊ ဆီစျေးနှုန်းများအား ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ မေလ(၁၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင်  မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များက မြိတ်မြို့၊ ကန်ကြီးရပ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ခရိုင်ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်ပြီး ဆန်နှင့်ဆီအရောင်းဆိုင်များကို သတ်မှတ်စျေးအတိုင်းရောင်းချရန်နှင့် ဒေသတွင်း ဖြစ်သင့်သောစျေးနှုန်းဖြင့်သာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ထားဝယ်စုရပ်၊ ကမ်းနားလမ်းရှိ “ဆိမ့်ဆိမ့်လေး” ငါးပိထောင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ မေလ(၁၅) ရက်နေ့၊နေ့လယ်ပိုင်းတွင် မြိတ်မြို့၊ ကမ်းနားလမ်း၊ ထားဝယ်စုရပ်ရှိ  "ဆိမ့်ဆိမ့်လေး" ငါးပိထောင်းလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်ထုတ်ကုန်ပစ္စည်းများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ဒဂုံမြို့နယ် ဗန္ဓုလအိမ်ရာရှိဈေးသူဈေသားများနှင့် စားအုန်းဆီရောင်းချသောလုပ်ငန်းရှင်များ အသိပညာပေးခြင်းများပြုလုပ်ခဲ့

      စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၆-၅-၂၀၂၄ )ရက်နေ့ နံနက်ပိုင်းအချိန်တွင်  ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ ဗန္ဓုလအိမ်ရာဝင်းအတွင်းရှိ စားအုန်းဆီ ရောင်းချမှုပြုလုပ်နေသော ဆီလုပ်ငန်းရှင်များနှင့် ဆီလက်လီလက်ကားရောင်းချနေသောကုန်စုံဆိုင်များသို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်းလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများထံသို့စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းရေးထားသည့်ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရရန်နှင့် ခွဲတမ်းရရှိသည့်ဆီပမာဏကိုလည်း ပြည်သူများထံအပြည့်အဝရောင်းချနိုင်ရေး၊ စားသုံးသူများကိုအလေးချိန်မှန်ကန်ပြည့်ဝစွာချိန်တွယ်ရောင်းချရန်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

          ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးဦးဇေမောင်မောင် တို့ပါဝင်သောအဖွဲ့များသည် (၁၆-၅-၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ(ယုဇန) ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော MT စန္ဒီ  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ အရက်၊ အထွေထွေစားသောက်ကုန်မျိုးစုံ၊ လူသုံးကုန်မျိုးစုံများကို တင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

           ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးဦးဇေမောင်မောင် တို့ပါဝင်သောအဖွဲ့များသည် (၁၆-၅-၂၀၂၄)ရက် နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MT ဝိသုကမ္မ ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဘုတ်ပြင်းမြို့သို့ဆန်၊ မြေဩဇာများ၊ ကရိန်းကား၊  စားသောက်ကုန်မျိုးစုံများကို တင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများသည် တောင်ဒဂုံဆီအုန်းကုမ္ပဏီလီမိတက်မှ   ဘုတ်ပြင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်အတွင်း မြို့နယ်စားသုံးဆီ စီစစ်ရေးအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ”

       ဒလမြို့နယ် စားသုံးဆီစီစစ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် စားသုံးဆီဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသုံးဆီကိုယ်စားလှယ်များဈေးအတွင်း/ အပြင် လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီဆိုင်များမှတာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးပွဲကို မေလ(၁၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရှိရပါသည်။

        အဆိုပါတွေ့ဆုံပွဲတွင် ဒလမြို့နယ်စားသုံးဆီစီစစ်ရေးအဖွဲ့ဥက္ကဌဦးစည်သူကျော်က စားသုံးဆီဖြန့်ဖြူးရောင်းချသည့် စားသုံးဆီကိုယ်စားလှယ်များနှင့် ဈေးအတွင်း/ အပြင် လက်လီဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသုံးဆီဆိုင်များမှ တာဝန်ခံများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ကြော်ငြာချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနအောက်ရှိစားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ မြို့နယ်အလိုက်စားသုံးဆီခွဲတမ်းရရှိမှု၊ ၎င်းရရှိသည့်ခွဲတမ်းများကိုပြန်လည်ဖြန့်ဝေမှု၊ တရားမဝင်သိုလှောင်ထားရှိမှု၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူကျော်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးဦးကျော်မင်းဦး၊ မြို့နယ်စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိဦးအောင်အောင်နှင့်ဝန်ထမ်းများ၊ စားသုံးဆီလက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချနေသည့် စားသုံးဆီကိုယ်စားလှယ်များ၊ ဈေးအတွင်း/ အပြင်လက်လီဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသုံးဆီဆိုင်များမှတာဝန်ခံများ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း လက်လီရောင်းချနေသော စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးပါ(၂) ဦးတို့သည် (၁၄-၅-၂၀၂၄)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ လက်လီရောင်းချနေသောစားအုန်းဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်းတွင် (၁၃-၅-၂၀၂၄) ရက်နေ့ထွက်ရှိသော ရည်ညွှန်းဈေး၅၂၂၀ကျပ်အပေါ်တွင် သယ်ယူစရိတ်+၂% အမြတ်တင်ရောင်းချမည်ဟု သတ်မှတ်ချက်များအတိုင်း လက်ကား၅၅၀၀ကျပ်ယူပြီး လက်လီ၅၇၀၀ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ စားသုံးသူ ပြည်သူများကိုလည်း မနက်ဈေးဝယ်လာတိုင်းလူတစ်ဦးလျှင်၅၀ကျပ်သားရောင်းချပေးပါကြောင်း၊ ယခုရက်ပိုင်းအတွင်းအဝယ်များပါကြောင်း၊ နေ့စဉ်လည်းဖြန့်ဖြူးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်းစားအုန်းဆီများကို ဝိသမလောဘဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင်မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချနေသောကုန်စုံဆိုင်များအားလုံး လိုက်နာဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးအပါ (၃)ဦး၊ အမှတ်(၅)၊ဈေးတာဝန်ခံအပါ (၂)ဦးတို့ပူးပေါင်း၍ (၁၄-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၀:၀၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၅)ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ဒေါ်ခိုင်မြတ်၊ ဒေါ်စန်းစန်းမြင့်၊ ဦးအောင်အောင်ဦး၊ ဒေါ်ခင်ယုမော်နှင့် ဦးကျော်နိုင်ဝင်းဆိုင်များ၌ ရောင်းချလျက်ရှိ Max, VeVe, Sinkist, M-150, Royal-D, Code, Fire-Dragon, Pepsi, Vito, Asia, Sport, Rocker, Stine, Sprite, Speed, V-Code နှင့် Coca အချိုရည်များတွင် တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အမျိုးအစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် FDA ထောက် ခံချက်များပါရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၁၄-၅-၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၂၀)နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးတာဝန်ခံပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်ဈေးအတွင်းရှိ ကုန်စုံဆိုင်များဖြစ်သော ဒေါ်အေးအေးခိုင်၊ ဒေါ်စန်းနွဲ့၊ ဒေါ်အေးအေး၊ ဒေါ်စန်းမြင့်နှင့် ကိုပိုင်ဇော်ဆိုင်များတွင် ဒီဒီ (မြေပဲဆီ၊ Goody (အဆင့်မြင့်သန့်စင်ပြီးသောစားအုန်းဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Meizan (အဆင့်မြင့်စားအုန်းဆီ)၊ Lotus (ဟင်းသီးဟင်းရွက်ဆီ)၊ Duck (ဟင်းသီးဟင်းရွက်ဆီ)၊ အမေထွား(မြေပဲဆီ)နှင့် Cook (နေကြာဆီ)များ အမှတ်တံဆိပ်အားလုံးတွင် ဥပဒေအခန်း(၁၈)တွင်ပြဌာန်းထားသော ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတိုင်းရေးသားထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မိမိတို့ဌာနမှလည်း အမှတ်တံဆိပ်/ ပြဌာန်းချက်များ သတ်မှတ်ချက်များပြည့်စုံသောကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အသင့်သောက်အချိုရည်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားရှိသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၅-၅-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသော အသင့်သောက်အချိုရည်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်သောက်အချိုရည်အမျိုးမျိုးတွင် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ