သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ ထားဝယ်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်သိပ္ပံများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများ၊ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်စေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများမရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၁၀-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများစုစုပေါင်း (၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်က အစားအသောက်နှင့်ဆိုးဆေးများအကြောင်းတို့ကို ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

      ဆွေးနွေးရာတွင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊  စီးပွား‌ရေးလုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ဖြစ်ပေါ်လာသောပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ တိုင်ကြားနိုင်သောနည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာသူများအား အမေး၊ အဖြေများပြုလုပ်၍ အဖြေမှန်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၀၉း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

                                                           

ဓာတ်မြေဩဇာအရောင်းဆိုင်သို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၉-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတိမ်မြောက်ရပ်ကွက်ရှိ “ရွှေဘရားသား” စိုက်ပျိုးရေးသုံးပစ္စည်းမျိုးစုံအရောင်းဆိုင်သို့သွားရောက်၍ မြန်မာစာကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာပါဝင်သော ကုန်ပစ္စည်းများရောင်းချမှုရှိစေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

        ဟောပြောဆွေးနွေးပွဲတွင် သီပေါမြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပါ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သတင်းအချက်အလက်များပြည့်စုံစွာထည့်သွင်း ဖော်ပြမှသာလျှင် စားသုံးသူများစိတ်ချစွာအသုံးပြုလာနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) တွင် မြန်မာဘာသာဖြင့်မဖြစ်မနေ ကုန်ညွှန်းအမှတ်အသားများကိုထည့်သွင်းဖော်ပြရမည်ဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်ဖြစ်ကြောင်းနှင့် ဥပဒေတွင်ပြဋ္ဌာန်းထားသည့် တားမြစ်ချက်များ၊ စီမံခန့်ခွဲရေး အရေးယူခြင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဧပြီလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် ရွှေတောင်ပုလဲ (၄၆.၀%) မှာ (၈၅,၀၀၀)ကျပ်၊ မြှားကမ္ဘာ(၁၅:၉:၈) မှာ  (၉၁,၀၀၀) ကျပ်၊ စီပီဆင်ဖြူတော်တစ်အိတ်လျှင် (၉၅,၀၀၀) ကျပ်၊ စိုးမိုးမိုင်မူလလက်ဟောင်းတစ်အိတ်လျှင် (၈၁,၀၀၀) ကျပ်နှင့် ဒို့တောင်သူ ယူရီးယားတစ်အိတ်လျှင် (၈၉,၅၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း တည်ငြိမ်လျက်ရှိပြီး စိုက်ပျိုးရာသီဖြစ်သော်လည်း တောင်သူများ၏ ဓာတ်မြေဩဇာဝယ်ယူမှုနည်းပါးသောကြောင့်  အရောင်းအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှု‌လျော့ချရေး Campaign အား  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့ တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

       (၈.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မကွေးမြို့ ကန်သာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး Campaign အား စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဈေးကော်မတီများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးဝယ်လာသူများအား ပလတ်စတစ်အစား စက္ကူအိတ်၊ အင်ဖက်များနှင့် အစားထိုး လဲလှယ်ပေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအနေဖြင့် တနင်္လာနေ့တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ထားသဖြင့် ပလတ်စတစ်အိတ်များ အသုံးမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ၊ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အင်္ဂလိပ်စာ(4 Skills)နှင့် ပန်းချီသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကွန်မြူနတီခန်းမ၌ ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ( 4 Skills)သင်တန်းနှင့် ပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)အရ အခန်း(၁၈)တွင်ပါဝင်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် (၂/၂၀၁၉)ဥ‌ပဒေအရ ကုန်စည်များတွင် ပါဝင်ရမည့်အချက်များကို အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

     တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို အသိပညာ၊ ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပျက်ဖြန့်ဝေခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့မစျေး၌ ပလတ်စတစ်လျော့ချရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေးအတွင်း ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စစ်‌ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့် အပြင်တွင် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၅-၄-၂၀၂၄) ရက်နေ့၌ စားသုံးသူကာကွယ်​​ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာ‌ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ တိုင်ကြားနိုင်မှုနည်းလမ်းများ၊ အရေးယူဆောင်ရွက်မှုအခြေအနေများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်‌။

DOCA(မွန်)

 

တနင်္သာရီတိုင်း‌‌ဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန်(DSEZ) လစဉ်ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

   တနင်္သာရီတိုင်း‌‌ဒေသကြီးထားဝယ်အထူးစီးပွားရေးဇုန်(DSEZ)လစဉ်ကော်မတီအစည်းအဝေး  ၁/၂၀၂၄-၂၀၂၅ကို ၉.၄.၂၀၂၄ နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ထားဝယ်အထူးစီပွားရေးဇုန်စီမံခန့်ခွဲမှု‌ကော်မတီရုံး ရန်ကုန်မြို့တွင် online video conferencing ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာတိုင်းဉီးစီးမှူး၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုတိုင်းဉီးစီးမှူးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် ကော်မတီဥက္ကဌမှ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ရှေးဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပြီး တက် ရောက်လာသူများမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၂း၀၀)နာရီတွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်မြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များအား ဟောပြော

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၉) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်၌ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  စားသောက်ကုန်နှင့် အလှကုန်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်‌ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာကျင့် သုံးရမည့်အချက်များ၊ မြန်မာစာဖြင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိစေရေးတို့ကို ဟောပြော ဆွေးနွေးခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထောက်ခံချက်ရရှိထားသော စားသောက်ကုန်/အလှကုန်များသာ‌ရောင်းချစေရေးနှင့် တရားမဝင်/ဘေးအန္တရာယ်ရှိသော ကုန်စည် များရောင်းချမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဌာနသို့ တနင်္သာရီတိုင်းအတွင်း ကြိတ်ခွဲလျက်ရှိသောဆီစက်များစာရင်းအား သွားရောက်မေးမြန်းစုံစမ်း

      နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်ပြီး စာသုံးဆီဖူလုံရေးကို အ‌လေးပေးဆောင်ရွက်လျက်ရှိရာ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၈-၄-၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းအတွင်း ကြိတ်ခွဲလျက်ရှိသောနှမ်းဆီ၊ ဆီအုန်းကြမ်း၊ အုန်းပျိုဆီကြီးငယ်လတ် (၁၂)စက်တို့၏ အသေးစိတ်စာရင်းများကို တနင်္သာရီတိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး‌ရေးဦးစီးဌာနသို့ သွားရောက်မေးမြန်းခဲ့ပြီး မြိတ်ခရိုင်၊ နဝရတ်လမ်းအထက် ရေပုံးလမ်း စက်ရုံပိုင်ရှင်ဦးမျိုးအောင်၏ သဘာဝအုန်းပျိုဆီလုပ်ငန်းစက်ရုံသို့ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။  

DOCA(တနင်္သာရီ)

 

                                               

ချောင်းဆုံမြို့နယ်တာဝန်ခံသည် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာရှိ သဘာဝမြေဩဇာထုတ်လုပ်သော လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခဲ့သည်။

     ထိုသို့သွားရောက်တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား သဘာဝမြေဩဇာလုပ်ငန်းစတင်တည်ထောင်သောခုနှစ်၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ တစ်အိတ်ထုတ်လုပ်မှုကုန်ကျစရိတ်၊  တစ်နေ့တာထုတ်လုပ်မှု၊ ဖြန့်ဖြူးသောဈေးကွက်၊ တစ်အိတ်ဈေးနှုန်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုအခြေအနေတို့ကို ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က သဘာဝမြေဩဇာလုပ်ငန်းကို ၂၀၂၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ တစ်နေ့ကို အိတ်၅၀ခန့် ထုတ်လုပ်ကြောင်း၊ တစ်အိတ်လျှင် ဈေးနှုန်း ၁၈၀၀၀ကျပ်ဖြင့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကော့နှပ်ကျေးရွာ၊ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်အထိ ဖြန့်ဖြူးကြောင်းသိရှိရသည်။ ကုန်ကြမ်းကို ချောင်းဆုံမြို့နယ်အတွင်းသာဝယ်ယူရရှိပြီး တစ်အိတ်ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၄၀၀၀ကျပ်ခန့်ရှိပြီး၊ တစ်အိတ်လျှင် အမြတ် ၄၀၀၀ကျပ်ခန့်ကျန်ရှိသဖြင့် တွက်ချေကိုက်မှုရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုအနေဖြင့် အလုပ်သမားဦးရေ ၇ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ