သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် အလှကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၅.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အမှတ်(၃) ရပ်ကွက်၊ ဘုရားလမ်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အလှကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်းသိကောင်းစရာများနှင့် စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့် ဖော်ပြရမည့်အကြောင်း စသည့်တို့ကိုဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီးစားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်နှင့်  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များပေး းဝေခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့နယ်တွင် ငါးမုန့်ကြော်၊ အာလူးကြော်လုပ်ငန်းရှင်များအား စားသုံးကာကွယ်ရေးအသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇.၂.၂၀၂၂) နေ့ ၊ နံက် (၁၀:၀၀) တွင် ကြံခင်းမြို့ပေါ်ရှိ ငါးမုန့် ကြော်၊ အာလူးကြော်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြာခဲ့ပါ သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စီစစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ လုပ်ငန်းရှင်များမှလည်း ကုန်အညွှန်းအမှတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကာ၊ တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်မျာကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

စက်သုံးဆီဆိုင်၏ အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီ၊း စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံး၏မအူပင်မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦးသည် (၁၀.၂.၂၀၂၂)နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး မအူပင်မြို့ရှောင်လမ်းရှိ DENKO စက်သုံးဆီဆိုင်တွင် HSDနှင့်PHSDတို့အား အထူးဈေးနှုန်းဖြင့် ရောင်းချမှုအခြေအနေနှင့် စက်သုံးဆီများအား (၂၀)Liter စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံဖော်ပြစေရေး တွေ့ဆုံဆွေးနွေး

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်း(၁)ရပ်ကွက်၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော ပေါင်မုန့်/ကိတ်မုန့် ပိုင်ရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၂၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးမှုအရ ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းတွင် မုန့်အမျိုးအစား (၉)မျိုး ပြုလုပ်ကြောင်း၊ ထောပတ် မုန့်ကြွပ်၊ ကြက်သားကိတ်လိတ်၊ ဆီသန့်ကိတ်မုန့်၊ စက်လှီးပေါင်မုန့်၊နို့ပေါင်မုန့် ၊ကြက်သားလိတ်ပေါင်မုန့်၊ ပဲပေါင်မုန့်၊ ငှက်ပျောယို ပေါင်မုန့်၊ မုန့်ကြွပ် စသည့်မုန့်များကို မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်သောလုပ်ငန်းဖြစ်ပြီး မိတ္ထီလာမြို့အတွင်းသာ (၃)ရက်တစ်ခါ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက မုန့်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာ ဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

       ယင်းသို့ ဌာနနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုများထံ ဘေးကင်းလုံခြုံသောထုတ်ကုန်များကို ရောင်းချလာနိုင်မည်ဖြစ်ပြီး စားသုံးသူများအနေဖြင့်လည်း ထုတ်ကုန်များ ဝယ်ယူရာတွင် မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များကို ရရှိကာ ရွေးချယ်ဝယ်ယူလာနိုင်မည်ဖြစ်ပါသည်။

DOCA (မန္တလေး)

စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူအသိပညာတိုးပွားရေး အသိပညာပေး

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်(၈.၂.၂၀၂၂)ရက်နေ့(၁၀:၃၀မှ၁၁:၃၀)နာရီထိ ဓနုဖြူမြို့နယ်ရှိ စားသုံးသူရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအကာကွယ်ပေးရေးနှင့်ပတ်သက်၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်၊ ဝတ္တရားများနှင့် ရပိုင်ခွင့်များကိုဆွေးနွေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း ပြန်လည်မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွှေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၉:၀၀)တွင် ထားဝယ်မြို့ ပေါ်ရှိ ကမ်းနားဈေးသို့ သွားရောက်ပြီး စားအုန်းဆီနှင့် ယိုးဒယားအသားလုံးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသောကုန်ပစ္စည်းများကို ရောင်းချမှုရှိစေရေးနှင့် ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများကို ရောင်းချနိုင်စေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း စားသုံးသူများစားသုံးရန် အာမခံချက်မရှိသော/ လုံခြုံစိတ်ချရမှုမရှိသော အစားအသောက်ကုန်များကို မရောင်းချနိုင်စေရေး အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စားသုံးသူများ ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းစေရေး ဌာနပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးအောင်သည် မိတ်ဖက်ဌာနများ ဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဝက်လက်မြို့အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါဆောင်ရွက်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ဝက်လက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၁၀) ဆိုင်သို့ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆေးဝါးရောင်းချခွင့် လိုင်စင်ပြုလုပ်ရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအား ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်(၁၀)ဆိုင်အနက်မှ မြို့မဈေးမြောက်ဘက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သည် ဆေးဝါးရောင်းချခွင့် လိုင်စင်သက်တမ်း ကျော်လွန်နေသဖြင့် လိုင်စင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ဆေးဆိုင်များအနေဖြင့် သက်တမ်းလွန် ဆေးဝါးများ ဈေးကွက်အတွင်းသို့ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

          ဝက်လက်မြို့နယ်အနေဖြင့် မိတ်ဖက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဆေးနှင့်ဆေးပစ္စည်း ရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်မှုသည် ယခုအခါ ဒုတိယအကြိမ်မြောက်အဖြစ် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဆီစက်အသင်း၊ ကုန်သည်အသင်း တို့နှင့်တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၆.၂.၂၀၂၂နေ့ နံနက်ပိုင်းတွင် မုံရွာမြို့စက်မှု့ဇုံရှိ စိုးမိုးထွန်းဆီစက်၌ စစ်ကိုင်းတိုင်းဒေသကြီးဆီကုန်သည် နှင့်ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းဦးနှင့်တွေ့ဆုံ၍ ဒေသတွင်းထွက်ရှိသည့် မြေပဲဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို ဆွေးနွေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆီစက်ပိုင်လုပ်ငန်းရှင် ဦးထွန်းထွန်းဦး၏ ပြောကြားမှုအရ စားသုံးသူများအနေဖြင့် ဒေသထွက်ဆီများ၏ ဈေးနှုန်းမှာ ယခင်က စားအုန်းဆီဈေးနှုန်းနှင့် ကွာဟချက်ကြီးမားလာသဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကို ပိုမိုသုံးစွဲလာကြောင်း၊ ယခုအခါ ဒေသထွက်ဆီများ၏ ဈေးနှုန်းနှင့် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ခန့်သာ ကွာခြားပါကြောင်း၊  သို့ပါ၍ စားသုံးသူများအနေဖြင့် စားအုန်းဆီသုံးစွဲမှုလျှော့ချပြီး ဒေသထွက်ကုန် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပိစပ်ဆီများ စားသုံးသူများ ပိုမို သုံးစွဲလာကြကြောင်း၊ ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးကလည်း ဆီစက်လုပ်ငန်းရှင်များ၏ ကုန်ကြမ်းဝယ်ယူရရှိမှု အ‌ခြေအနေများ၊ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းရေးဝန်ကြီးဌာနက ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်(၁/၂၀၂၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်းပမာဏနှင့် အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြန်ရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ပြန့်သည့်နေ့မှစ၍ (၆)လပြည့်သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်၍ ဆီစက်လုပ်ငန်းရှင်များနှင့် စားသုံးဆီ‌ရောင်းချသူများပါ သိရှိလိုက်နာဆောင်ရွက်စေရန် ပူးပေါင်းဆောင် ရွက်စေလိုကြောင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(WCRD)ကို ကြိုဆိုနေပါသည်

          စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံများတွင် ၁၉၆၀ ခုနှစ် နောက်ပိုင်း အရေးဆိုဆောင်ရွက်လာမှုများအပေါ် အမေရိကန်ပြည်ထောင်စုသမ္မတ ဂျွန်အက်(ဖ်)ကနေဒီမှ စတင်၍ စားသုံးသူအခွင့်အရေးများနေ့ကို ၁၉၆၂ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ကို သတ်မှတ်ပေးခဲ့ ပါသည်။ စားသုံးသူအခွင့်အရေးဖြစ်ပေါ်လာပုံမှ ဂျွန်အက်(ဖ်)ကနေဒီ ပြောကြားချက်မှာ                 “ စားသုံးသူ တွေထဲမှာလည်း ကျွန်တော်တို့အားလုံးပါဝင်ပါတယ်၊ အဲဒီ စားသုံးသူတွေဆိုတာဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အင်အားအကြီးဆုံးအုပ်စုတစ်ခု အစိုးရဘက်ကရော ပုဂ္ဂလိဘက်ကပါ စီးပွားရေးနှင့် ပတ်သက်လို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှရဲ့ ကောင်းမွေ ဆိုးမွေကို ခံစားရတဲ့သူတွေပါ၊ အဲဒီစားသုံးသူတွေဟာ အဲသလောက်ကို အရေးကြီးတဲ့အုပ်စုပေါ့၊ သို့ပေမယ့် အဲဒီလူတွေရဲ့ အသံကိုကျတော့ နားမထောင်ဘဲငေးနေကြပါတယ်” လို့ပြောကြားခဲ့သည်။ စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Consumer International)မှ ဦးဆောင်၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ ရောက်တိုင်းစားသုံးသူများ၏ အခွင့်အရေးများကို အလေးထား ဂရုပြုမြင့်တင်သည့်အနေဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          ASEAN Economic Community –AEC Blueprint အရ အာဆီယံနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပြဌာန်းနိုင်ရေး ဦးစားပေးရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပထမဆုံးအကြိမ် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို ၂၀၁၆ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လည်း ကောင်း၊ ဒုတိယအကြိမ် ၂၀၁၇ခုနှစ် မတ်လ(၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ တတိယအကြိမ် ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Horzion Lake View Resort Hotel တွင်လည်းကောင်း၊ စတုတ္တအကြိမ်၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်လည်းကောင်း၊    အလှည့်ကျ

စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပဉ္စမအကြိမ် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့ တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day )ကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ သော်လည်းယင်းအချိန်အခါတွင်ကမ္ဘာ့နိုင်ငံပေါင်း (၁၀၁)နိုင်ငံ၌ ပြန့်ပွားလျက်ရှိသော Coronavirus Disease  (COVID-19)ကြောင့် လူစုလူဝေးဖြင့် ပွဲလမ်းသဘင်များ ရှောင်ကြည်ကြရန်အတွက် နှိုးဆော်မှုများကြောင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။

          သို့သော် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မတ်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၄၆)ကြိမ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန ပြခန်းများ ဖွင့်လှစ်ဆောင်ရွက်သည့်အပြင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ Campaign အဖြစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း အစီအစဉ်များပြုလုပ်ခဲ့သည်။ တခြားတိုင်းဒေသကြီးနှင့်ပြည်နယ် များတို့တွင်လည်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ( World Consumer Rights Day ) အထိမ်းအမှတ်အဖြစ်ဖြင့် ကျင်းပခဲ့ကြပါသည်။

          ၂၀၂၁ခုနှစ် မတ်လ (၁၅) ရက်နေ့တွင်လည်း Coronavirus Disease (COVID-19)ကြောင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းမရှိခဲ့ပါ။ စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား၍ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံစားသုံးသူများ အတွက်  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၏ ရည်မှန်းချက်များအတိုင်း စားသုံးသူကာကွယ် ရေးနှင့်စားသုံးသူအကျိုးစီးပွားကာကွယ်ခြင်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၁၉ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) ဆောင်ပုဒ်မှာ “စိတ်ချယုံကြည်ဒီဂျစ်တယ်ထုတ်ကုန်များဆီ” (Trusted Smart Products) ဖြင့် လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့စားသုံးသူအခွင့်များနေ့ (World Consumer Rights Day) ဆောင်ပုဒ်မှာ “စားသုံးသူအရေးစဉ်ဆက်မပြတ်ဆောင်ရွက်ပေး” (The Sustainable Consumer) ဖြင့်လည်းကောင်းသိရှိခဲ့ရသည်။ ယခုနှစ်၂၀၂၂ခုနှစ်တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေး

များနေ့ (World Consumer Rights Day)ဆောင်ပုဒ်နှင့်အတူ မတ်လ(၁၅)ရက်နေ့ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ (World Consumer Rights Day) နေ့အား ကြိုဆိုရင်း စားသုံးသူများ စားသုံးသူအခွင့်အရေးနှင့်အညီ ကုန်စည်/ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

DOCA(မွန်)

အခြေခံပညာကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင် က အသိပညာပေးရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ချိုမြတ်မြတ်ထွေး၊ ဦးစီးအရာရှိက (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာနှင့် စာဖတ်သည့် အကျိုးကျေးဇူးများအကြောင်း ပညာပေးဆွေးနွေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်ကြည်၊ ဒုတိယဦးစီးမှူးက စားသုံးသူကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာမှုရှိလျှင် တိုင်ကြားခွင့်ရယူနိုင်မည့်အကြောင်းများနှင့် စိတ်ချလုံခြုံမှုရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ မှန်ကန်စွာ ရွေးချယ်ဝယ်ယူသုံးစွဲရန် စသည့် အကြောင်းအရာတို့အား ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်က ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ပေးအပ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က ဌာနမှ အသိပညာပေးဆောင်ရွက်မှုအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းအုပ် ဆရာမကြီးနှင့်အတူ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ (၉၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ