သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့နယ်တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် (၆-၃-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကံမမြို့ ရေနံ့သာကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင် မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာ ဘာသာ ဖြင့်ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြရ မည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကိုအသေးစိပ်ရှင်းလင်း ပြောကြားခဲ့ပြီးဥပဒေနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနမကွေးတိုင်းဒေသကြီးသရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၃.၂၀၂၄)ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန် မှုဖြင့် ခရိုင်/မြို့နယ် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း ဆေးဝါး ပစ္စည်းများဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားခြင်းနှင့် ဆေး၀ါးပစ္စည်းများ ပြတ်လတ်မှု ရှိ၊ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများထက် ပိုမိုရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလေ့လာ ခဲ့ပါသည်။

     သရက်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၆)ဆိုင်တို့ကို ကွင်းဆင်းစစ်ဆေး လေ့လာရာတွင် ကျန်းမာရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဆေးဆိုင်ပိုင်ရှင်များအား ဆေးများအား စနစ်တကျ ထားရှိရန်၊ သန့်ရှင်းမှုကိုအလေးထားရန်၊ တိုင်းရင်း ဆေးနှင့် နိုင်ငံခြားဆေးများကို အတူတကွထားရှိခြင်းမပြုရန် စစ်ဆေးပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးနှင့်‌ဆေးပစ္စည်း များသိုလှောင်ထားရှိ ခြင်းမရှိစေရန်နှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးနှင့်ဆေးပစ္စည်းများအား ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှ သက်တမ်းလွန်ဆေးဝါးများ သုံးစွဲပါက စားသုံးသူများဘေးအန္တရာယ်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ မတ်လ (၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို (၇.၃.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “စားသုံးသူအခွင့်အရေးနှင့်တာဝန်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ‌ ဒေါ်ဆုဆုဇင်က “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရန်လိုအပ်သည့် အကြောင်းအရင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

   ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့ပေါ်ရှိ လုပ်ငန်း/စက်ရုံများသို့ကုန်ကြမ်းပစ္စည်းများအား ကွင်းဆင်းစုံစမ်း

       ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းလည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျှက်ရှိသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့နှင့် (၁၂)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများနှင့် မုန့်တိုက်များသို့သွားရောက်၍ လုပ်ငန်းနှင့်စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ သွားရောက်ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်း စုံစမ်းချက်အရ မြိတ်မြို့ရှိသောက်ရေသန့်သုံး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်းနှင့် မုန့်လုပ်ငန်းများအတွက်လည်း ပစ္စည်းများ ပြတ်လပ်မှုမရှိသေးကြောင်း သိရှိခဲ့ရပြီး ကောင်းမွန်သောကျင့်စဉ်နှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိရေးတို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

 

အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၃.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ စစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများ ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက တားမြစ်ထားသော ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ အသိပညာပေး Talk Show ကျင်းပ

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၁.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် သက်ဆိုင်ရာဦးစီးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ website မှ ဖြစ်စေ၊ call center 1535    ကို ဖုန်းခေါ်ဆို၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလာမှုအပေါ်  စိစစ်ဆောင်ရွက်သည့်နည်းလမ်းများအကြောင်း၊ တိုင်ကြားမှုတစ်ခုအပေါ် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကော့သောင်းခရိုင်အတွင်း စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် (၁၁.၃.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် ရွှေမွန်မုန့်လုပ်ငန်းနှင့် စိုးစံမုန့်လုပ်ငန်းများဖြစ်သည့်  လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

နှစ် (၅၀) ပြည့် မွန်ပြည်နယ်နေ့ ပြခန်းများတွင် ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

     ၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးခန်း၌ နှစ် (၅၀) ပြည့် မွန်ပြည်နယ်နေ့ ပြခန်းများတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဒုပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး၊ ကွမ်းသီးလုပ်ငန်းရှင်များနှင့် ဝဥလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

     အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းပြသမည့်အပြင် ပြည်ပပို့ကုန်အလားအလာရှိသော ကွမ်းသီးနှင့် ဝဥများကို ပြခန်းတွင် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပြီး ပြခန်းများ ပြင်ဆင်မည့်ကိစ္စရပ်များ၊ ကုန်ပစ္စည်းများ ခင်းကျင်းမည့်ကိစ္စများ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမည့်ကိစ္စများ၊ ပြခန်းတာဝန်ချထားမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးမှ အအေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ် ဦးစီးမှူးရုံး၌ အအေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက အအေးခန်းလုပ်ငန်းရှင်အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နေမှုအခြေအနေ၊ အအေးခန်းတွင် လက်ရှိသိုလှောင်ထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ရာ အအေးခန်းလုပ်ငန်းရှင်က နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် အအေးခန်းစက်ရုံ၌ ဆိုလာစနစ်တပ်ဆင်နေကြောင်း၊ လက်ရှိတွင် အအေးခန်း၌ ရာသီပေါ် သစ်သီးဝလံများ၊ ငါးခြောက်များ၊ ငရုတ်သီးခြောက်များ၊ အေးခဲအသားငါးများကို သိုလှောင်လျက်ရှိကြောင်း ၊ သိုလှောင်ထားသိုမှုနှုန်းထားများမှာ တစ်ပိဿာလျှင် တစ်နေ့ထားသိုခ (၃) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူး မှ မွန်ပြည်နယ်ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး

     ၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကွမ်းသီးများ ပြည်တွင်း၌ ရောင်းချမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေ၊ ဈေးနှုန်းအခြေအနေ၊ ပြည်ပတင်ပို့မှုအခြေအနေများအား ဆွေးနွေးခဲ့ရာ ကွမ်းသီးများအား ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်တို့မှ ဝယ်ယူရရှိပြီး လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ရေးကွမ်းသီး (၃၀၀၀) ကျပ်၊ မော်လမြိုင်ကွမ်းသီး   (၂၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် မွန်ပြည်နယ်အတွင်းနှင့်  ရန်ကုန်၊ မန္တလေး၊ မုံရွာ ဒေသများသို့ တင်ပို့ရကြောင်း၊ ပြည်ပတင်ပို့မှုအနေဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ကွမ်းသီးနုများကို ကွမ်းသီးနုပေါင်းအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်ပြီး  တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးစားလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ