“မာယာ”ဟူသည်ပရိယာယ်ကြွယ်ဝစွာဖြင့် ဟန်ဆောင်တတ်ခြင်းဖြစ်ပါသည်။ တစ်နည်း အားဖြင့် တစ်ပါးသူမရိတ်စားမိလောက်အောင် ပိရိသေသပ်စွာဖြင့် လှည့်စားတတ်သောအတတ် ပညာကို -မာယာ- ဟုခေါ်ဆိုနိုင်ပါသည်။ ဤလောကတွင် သက်ရှိလူသားများသည်သာ မာယာ များတတ်ကြသည်မဟုတ်ဘဲ စားသုံးဆီများကလည်း မာယာများတတ်သည်ဟုဆိုလျှင် အံ့သြကြ ပေလိမ့်မည်။
စားသုံးဆီအရည်အသွေးစစ်ဆေးရသော ဓါတ်ခွဲခန်းမှူးတစ်ဦးအနေဖြင့် စားသုံးဆီတို့၏ အခြေခံသဘောသဘာဝများကို စာအုပ်စာတမ်းများဖတ်ရှုလေ့လာခဲ့ရာမှ အတော်အတန်သိရှိခဲ့ရ ပါသည်။ ထို့အပြင် ဓါတ်ခွဲခန်းအတွင်း စားသုံးဆီမျိုးစုံကိုစစ်ဆေးပေးခဲ့ရသည့် အတွေ့အကြုံများ အရ စားသုံးဆီတို့၏မာယာမျိုးစုံအဖုံဖုံကို သိမြင်ခဲ့ရခြင်းဖြစ်ပါသည်။
စားသုံးဆီကို အခန်းအပူချိန်၌အရည်အခြေအနေရှိပါက ဆီ(oil) ၊ ပျစ်ခဲခဲအခြေအနေရှိ ပါက အဆီ(fat) ဟုသတ်မှတ်ကြပါသည်။ ဤကဲ့သို့အရည်ဖြစ်ခြင်း ၊ အခဲဖြစ်ခြင်းသည် ၎င်း၏ ဓါတုဗေဒဖွဲ့စည်းပုံတွင် ပါဝင်သော အဆီအက်စစ်အမျိုးအစားများနှင့် ပါဝင်မှုအချိုးအစားများ ပေါ်တွင် မူတည်လေ့ရှိပါသည်။
စားသုံးဆီတွင်ပါဝင်သောအဆီအက်စစ်များ (fatty acid) တွင်လည်း ပြည့်ဝအဆီအက်စစ် (Saturated fatty Acid) နှင့် မပြည့်ဝဆီအက်စစ် (Unsaturated fatty Acid) ဟူ၍နှစ်မျိုးခွဲခြား ထားသည့်အပြင် မပြည့်ဝမှုတစ်ခုသာပါသော အဆီအက်စစ် (Mono Unsaturated fatty Acid) နှင့် မပြည့်ဝမှုတစ်ခုထက်ပိုပါသော အဆီအက်စစ် (Poly Unsaturated fatty Acid) ဟူ၍လည်း ထပ်ဆင့်ခွဲခြားထားပြန်းပါသည်။ ထိုအဆီအက်စစ်များ၏ ပါဝင်မှုအချိုးအစားများပေါ်မူတည်၍ စားသုံးဆီအမျိူးမျိုးတို့၏ ဂုဏ်အရည်အသွေးများ ကွဲပြားသွားရသကဲ့သို့ ဆီသားတည်မြဲမှုတို့၌ လည်းမတူညီကြတော့သည်ဖြစ်ပေရာ ဓါတ်ခွဲခန်း၌အိုင်အိုဒင်းတန်ဖိုး (Iodine Value) ၊ ပါရောက်ဆိုဒ်တန်ဖိုး (Peroxide Value) နှင့် ဆီသားပျက်ဆီးမှု ရှိ/မရှိ (Rancidity) တို့ကိုစစ်ဆေး သည့်အခါ အထက်ဖော်ပြပါအခြေခံသဘောတရားများက အသုံးဝင်လှပေသည်။
အိုင်အိုဒင်းတန်ဖိုး (Iodine Value) စစ်ဆေးခြင်းသည်စားသုံးဆီ၏ပြည့်ဝမှု ၊ မပြည့်ဝမှု တို့နှင့်အတူ ဆီအမျိုးအစားမှန်ကန်မှု (Authenticity) ကိုပါစစ်ဆေးခြင်းဖြစ်ပေရာ စားသုံးဆီ အမျိုးအစားအလိုက်တန်ဖိုးသတ်မှတ်ချက်များ ရှိကြပါသည်။ ဥပမာအားဖြင့်မြေပဲဆီတွင် Iodine Valve(LV) သတ်မှတ်ချက်သည်(၈၀မှ၁၀၆) ၊ နေကြာဆီတွင် (၁၁၀မှ၁၄၃) ၊ ပဲပုတ်ဆီတွင် (၁၂၀မှ၁၄၃) ၊ ပုံမှန်စားအုန်းဆီ (Palm oil) တွင် (၅၀မှ၅၅) နှင့် အဆင့်မြင့်စားအုန်းဆီ (Palm olein)တွင် (၅၆မှအထက်) စသည်ဖြင့် အတိုင်းအတာဘောင်များသတ်မှတ်ထားပါသည်။ ပုံမှန်သမားရိုးကျ စားသုံးဆီမှန်သမျှသည် ၎င်းတို့အတွက် သတ်မှတ်ထားသော Iodine Vale သတ်မှတ်ဘောင်အတွင်းရှိကြကြောင်းစစ်ဆေးမှုများအရ သိရှိနိုင်ပါသည်။ သို့သော်လည်းတစ်ခါ တစ်ရံ ပဉ္စလက်ဆန်သောစားသုံးဆီများကို စစ်ဆေးရသည့်အခါ ဓါတ်ခွဲခန်းမှူးမျက်စေ့လည်ရပါ တော့သည်။ -မြေပဲဆီသန့်-ဟုအညွှန်းတပ်ထားသောစားသုံးဆီနမူနာ၏ အိုင်အိုဒင်းတန်ဖိုး (Iodine Value) စစ်ဆေးချက်ရလဒ်သည် အဆင့်မြင့်စားအုန်းဆီ၏ တန်ဖိုးဘောင်အတွင်း ရောက်နေပြီး ဆီနမူနာ၏ ရနံ့အနေဖြင့် မြေပဲလှော်နံ့တသင်းသင်းရှိနေသောအခါ ဓါတ်ခွဲခန်း ထုံးစံအရဒုတိယအကြိမ်(Duplicate) ပြန်လည်စစ်ဆေးရပါတော့သည်။ ဒုတိယအကြိမ်ရလဒ် သည်လည်း ပထမအကြိမ်နည်းတူဖြစ်နေပါက ဤဆီသည် ဓါတ်ခွဲခန်းမှူးအတွက်မာယာများ သောဆီပင်ဖြစ်ပါသည်။
စားသုံးဆီများသည် အချိန်ကာလကြာလာသည်နှင့်အမျှအနံ့ဆိုးများ ထွက်ပေါ်လာပြီးဆီ ၏အရည်အသွေးများပျက်စီးလာတတ်ကြပေရာ ၎င်းကိုဆီသားတည်မြဲမှု(Stability)အားနည်း လာခြင်းဟုသတ်မှတ်ပြီး နိုင်ငံတကာစားသုံးဆီရောင်းဝယ်မှုတွင် အလွန်အလေးထားကြပါသည်။ စားသုံးဆီတို့တွင် အောက်ဆီဂျင်(လေ)ကြောင့်ဓါတ်တိုးမှု (oxidation) ဖြစ်ပေါ်ခြင်းသည် ဆီသား တည်မြဲမှုကို ပျက်စီးစေသောအဓိကအကြောင်းရင်းဖြစ်ပါသည်။ ပြည့်ဝမှုအပိုင်းများသော စားသုံးဆီတို့သည် မပြည့်ဝမှုအပိုင်းများသော စားသုံးဆီတို့ထက်ဓါတ်တိုးခြင်းဖြစ်စဉ်ကို ပို၍ခုခံ ကာကွယ်နိုင်ပြီး ရောင်ခြယ်ပစ္စည်း(ဥပမာ-ကယ်ရိုတင်နွိုင်နှင့် ကလိုရိုဖီးလ်)များစွာပါဝင်သော ဆီများသည် အလင်းရောင်ကြောင့် ဓါတ်တိုးမှု(Photo oxidation) မြန်ဆန်စေသည်ဟုလည်း လေ့လာသိရှိရပါသည်။
စားသုံးဆီတွင် ဓါတ်တိုးမှုဖြစ်ပေါ်သည့်ပမာဏကို ပါရောက်ဆိုဒ်တန်ဖိုး ( Peroxide value) ဖြင့်ဖော်ပြပြီး တန်ဖိုးသတ်မှတ်ချက်အများဆုံး(၁၀)သတ်မှတ်ထားပါသည်။ ယေဘူယျ အားဖြင့် Peroxide value များလာသည်နှင့်အမျှ ဆီသားပျက်စီးမှု (Rancid) ဖြစ်လာပေရာ ၎င်းတို့ နှစ်ခုမှာ ဆက်စပ်လျှက်ရှိကြပါသည်။ သို့သော်လည်း ယင်းယူဆချက်မှာ ဆီအမျိုးအစားပေါ် မူတည်၍အံ့သြဖွယ်ရာ ပြောင်းလဲတတ်ပါသည်။ အနံ့ဆိုးထွက်နေသော်လည်း ဆီသားပျက်စီးမှု တွင် Negative (ဆီသားပျက်စီးမှုမရှိ)ဟုပြနေသော စားသုံးဆီရှိသကဲ့သို့ အနံ့ဆိုးမထွက်၊ ပါရောက်ဆိုဒ်တန်ဖိုး(၁၀) မကျော်ပါဘဲနှင့် ဆီသားပျက်စီးမှုရှိသော (Positive)ဆီမျိုးကိုလည်း စစ်ဆေးခဲ့ရပါသည်။ ဤသည်မှာလည်းဆီတို့၏ မာယာပင်ဖြစ်ပါသည်။
ပျက်အစဉ်ပြင်ခဏ ဟူသောဆိုရိုးစကားသည် ပျက်စီးနေသောပစ္စည်းတစ်ခုကို ပြင်ဆင်မှု မပြုလျှင် အစဉ်အမြဲပျက်စီးနေမည်သာဖြစ်ပြီး ပြင်ဆင်လိုက်ပါက ခဏအတွင်းပစ္စည်းကောင်း တစ်ခုဖြစ်သွားမည်ဟု မှတ်သားခဲ့ပါသည်။ သို့သော်လည်း ထိုဆိုရိုးစကားကို စားသုံးဆီကဏ္ဍ အတွက် အသုံးပြုမည်ဆိုပါက စားသုံးသူပြည်သူများအတွက် လွန်စွာအန္တရာယ်ရှိလာနိုင်ပါသည်။ ပျက်စီးပြီးသားဆီကို ဓါတုဗေဒနည်းလမ်းများသုံး၍ စားသုံးဆီအဖြစ် ပြန်လည်ပြုပြင်ထားသော ဆီများတွင် မူလဆီ၏ဓါတ်ဖွဲ့စည်းပုံနှင့် မတူညီသော အခြား ပုံပြောင်းဆီများအဖြစ် ပြောင်းလဲ သွားလေ့ရှိပါသည်။ စားသောက်ဆိုင်များနှင့် စားသောက်ကုန် အကြော်လုပ်ငန်းများမှ စွန့်ပစ်ပြီး သောဆီများသည် အကြိမ်ကြိမ်ကြော်လှော်ထားခြင်းကြောင့် အရောင်မဲနေပြီဖြစ်ကာ ပျက်စီးနေ သောဆီသာဖြစ်ပါသည်။ ၎င်းတို့ကိုပြန်လည်ပြုပြင်ပြီးပါက အရောင်လှအနံ့မွှေးသော စားသုံးဆီ အဖြစ် မာယာများပြနိုင်ကြပါသည်။
ဤသို့ဆိုလျှင် စားသုံးဆီတွင် ၎င်း၏ပင်ကိုယ်ဂုဏ်သတ္တိအရ သဘာဝကပေးထားသော မာယာရှိသကဲ့သို့ လူ့လောဘကြောင့် လူတို့တန်ဖိုးထားသော မာယာများကလည်းရှိနေပြန်ရာ ဆီစားသုံးသူ မိဘပြည်သူများအတွက် မိမိကပေးလိုက်ရသောတန်ဖိုးနှင့် ပြန်ရလိုက်သော အရည်အသွေး ဘက်မညီရုံမျှမက ထိုကဲ့သို့သော စားသုံးဆီများကြောင့် ဖြစ်ပွားတတ်သည့် ရောဂါ များကိုပါ အဆစ်အနေဖြင့် အပိုဆောင်း ရရှိလာနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ စားသုံးသူပြည်သူများအနေဖြင့် မာယာများတတ်ကြသော စားသုံးဆီများအကြောင်းကို သိရှိရပြီးနောက်တွင် အသိနောက်၌ သတိကပ်၍ မိမိတို့ဝယ်ယူမည့် စားသုံးဆီ၏ ကုန်အညွှန်းအမှတ်အသားတွင် စားသုံးဆီ၏အမည်၊ သုံးစွဲထားသောကုန်ကြမ်း ပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ် သည့်လိပ်စာအပြည့်အစုံနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျန်းမာရေးထောက်ခံချက်စသည် တို့ကို သေချာစွာ စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါကြောင်းနှင့် သုံးစွဲသည့်အခါတွင်လည်း အနည်းဆုံးလိုအပ်သော ပမာဏအထိလျှော့ချသုံးစွဲသင့်ပါကြောင်း ဓါတ်ခွဲခန်းမှူးတစ်ဦးအနေဖြင့် အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။
(အိအိချော)
CTQM