သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကျင်းပခြင်း

      ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကို ၂၈.၁.၂၀၂၀ ရက်နေ့တွင် ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုက္ကဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးစိုးအောင်၊ စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးများနှင့် ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဌေးဝင်းက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌ အဖြစ်ပါဝင်၍ အဖွဲ့ဝင် (၂၁) ဦးဖြင့် ၃၀.၉.၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အရေးကြီးပြီး ကျယ်ပြန့်စွာဆောင်ရွက်ရမှာဖြစ်သလို ယခုအခါ စားသုံးသူရေးရာကော်မတီများဖွဲ့စည်းပြီး ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မတ်လ(၁၆) ရက်နေ့တွင် စတင်အာဏာတည်မှာဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် မိမိတို့ပြည်တွင်းတွင်ထုတ်လုပ်သည့် ကုန်စည်များအပြင် ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်လိုအပ်သလို စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်သောနည်းလမ်းများဖြင့်် ဆောင်ရွက်ရမှာဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်(အတွင်းရေးမှူး)က တိုင်းစားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ပေးမှုများနှင့် ကော်မတီသို့ အဆုံးအဖြတ်ပေးရန်နှင့်အတည်ပြုပေးရန် အချက်များအား တင်ပြခဲ့ပြီး ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် တက်ရောက်လာသော ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

ဧရာတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ဆိပ်ခွန်ကျေးရွာတွင် ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

        ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဦးဆောင်ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။

       အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်၊ ရွှေဘိုခရိုင်ဦးစီးမှူး ဦးကျော်ငွေနှင့် ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ မုံရွာမြို့ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဌေး၊ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့၊ ဆိပ်ခွန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း(MTMA))မှ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတိုးမြင့်၊ ရွှေဘိုမြို့နယ် ရက်ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆိပ်ခွန်ကျေးရွာအုပ်စု အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များ၊ ချည်ထည်လုပ်ငန်းရှင်များနှင့် ရပ်မိ၊ ရပ်ဖများ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ တက်ရောက်ရန် ဖိတ်ကြားရမည့် ဧည့်သည့်တော်များ၊ ရက်ကန်းလုပ်ငန်းနှင့် ချည်ထည်လုပ်ငန်းများအတွက် ကြုံတွေ့နေရသောအခက်အခဲများ၊ စိန်ခေါ်မှုများကို သက်ဆိုင်ရာ အစိုးရဌာနများ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းအဖြေရှာ ဖြေရှင်းနိုင်ရေးအတွက်နှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်ရေး ဖိတ်ကြားရန်အတွက် လိုအပ်မည့် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ အခြားဆောင်ရွက်လိုသည့်အချက်များနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

       ၂၉.၁.၂၀၂၀ ရက်နေ့ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း တို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ နိဂြောဓာရုံကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၆၈) ဦး တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်ပပို့ကုန် အလားအလာရှိသော သီးနှံဖြစ်သည့်အပြင် ထို‌ဒေသမှာ နှစ်စဉ် စိုက်ဧက တိုးတက်စိုက်ပျိုးနေသော သီးနှံဖြစ်သည့်အတွက် သီးနှံအလိုက်အသင်းအဖွဲ့ အစုအဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးနည်းပညာများ၊ ဈေးနှုန်းသတင်းများ၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး တို့ကိုကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် ယခုလို စိုက်ပျိုးရေးပညာ ရှင်များ၊ မျိုးစေ့ ကုမ္ပဏီများ လုပ်ငန်းရှင်များနှင့်တွေ့ဆုံနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မိရိုးဖလာစိုက်ပျိုးနေသော စပါး/ပဲ တို့အပြင် အကျိုးအမြတ် ရရှိနိုင်သော အစေ့ထုတ်ပြောင်းသီးနှံကို ခေတ်မီနည်းစနစ်များအညီ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများအနေဖြင့် မိမိတို့သိလိုသည်များကို သက်ဆိုင်ရာဌာနမှ ပညာရှင်များနှင့် ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပါသည်။

          ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းနှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကိုပါ ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲကို ကျင်းပရကြောင်း ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၌ ပြောင်းစိုက်ပျိုးမှုတွင် အဆင့် (၅) နေရာ တွင်ရှိသည့်အတွက် ယခုကဲ့သို့ အစေ့ထုတ်ပြောင်း သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးမှာ ပထမအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးရာမှာ တောင်သူများတွေ့ကြုံရတဲ့အခက်အခဲ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ဖို့၊ အရည်အသွေးမီ ဈေးကောင်းရရှိနိုင်ဖို့၊ ခေတ်မီ စိုက်နည်းစနစ်သိရှိဖို့၊ တစ်ဧက အထွက်နှုန်းတိုးတက်စေဖို့၊ တစ်ဧကကုန်ကျစရိတ် လျော့ချနိုင်ဖို့နှင့် မိမိတို့နိုင်ငံမှ ထွက်ရှိသော အစေ့ထုတ်ပြောင်းသီးနှံ တင်ပို့နိုင်သော ပမာဏမှ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ပြောင်းလိုအပ်ချက်ပမာဏရဲ့ အနည်းငယ်သာရှိသည့်အတွက် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထွက်ရှိသည့် သီးနှံများကို အရည်အသွေးမီထုတ်လုပ်ပြီး ဈေးကောင်းရရှိရန် ကြိုးစားဆောင်ရွက်နိုင်ရေး တို့ကိုဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တောင်သူများမှ သိရှိလိုသော မေးမြန်းဆွေးနွေးမှုများကို စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးဌေးလွင်နှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဌ ဦးမင်းခိုင်တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

 

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

     ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဖြစ်ပါကြောင်း၊ ဥပဒေသစ်အရ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင်မှ တိုင်းစားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားပါကြောင်း၊ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ၂၀၂၀ မတ်လ ၁၆ ရက်နေ့တွင် စတင်အာဏာ သက်ရောက်မည်ဖြစ်၍ ထည့်သွင်းရမည့်အချက်များအား ကုန်ထုတ်လုပ်သူအသင်းများအား အသိပညာများပေးခဲ့ပါကြောင်း၊ ထို့ပြင် တိုင်း/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများက ထုတ်လုပ်သည့် လုပ်ငန်းနေရာများ၊ စည်ပင်သာယာဈေးများ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များအထိ သွားရောက်အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ CICC တိုင်ကြားမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းခဲ့မှုအခြေအနေများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အမှာစာများကို ဖတ်ကြားခဲ့ပြီးတက်ရောက်လာ သည့်ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတွင် အဖွဲ့ဝင်အင်အား နည်းပါ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအား အဖွဲ့ဝင် အဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းသွားရန်နှင့်အသိပညာပေးမှုကိုလည်း ဒီထက်ပို၍ အားစိုက် ဆောင်ရွက်ပေးရန် အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်၍ ပိုမိုသတိထားဆောင်ရွက်ကြရန်၊ လုပ်ငန်း၏ ဟာကွက်ပေါ်မူတည်၍ လုပ်ငန်းရှင်မှ လက်တစ်လုံးကြားဆောင်ရွက်မှုမျိုးမဖြစ်ရန် Law Enforcement ဖြစ်စေရေး  ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းလာရေးနှင့် စပ်လျဉ်း၍ ဆေးအရောင်းဆိုင်များ၊ လုပ်ငန်းရှင်များကို ဖိတ်ကြား၍ အသိပညာပေးမှုများ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေအရာရှိကိုပါ ဖိတ်ကြား၍ ဆောင်ရွက်သွားရန် အကြံပြုပြောကြားလိုကြောင်း၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ အများဆုံးတွေ့ရှိရ သည့်အတွက် လုပ်ငန်းလိုင်စင်ပေးသည့် ဌာနများမှလည်း ယာဉ်လိုင်းများကို မိမိတို့ကတိပြုထားသည့် အတိုင်းဆောင်ရွက်ပေးရမည့် အပိုင်းများကို တာဝန်ကျေနိုင်ရေး ပိုမိုကြပ်မတ်ပေးရန် မှာကြားလို ကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ရပ်စောက်မြို့၊ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(ဗထူးတပ်)ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊   ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ         တာဝန်ရှိသူများသည် (၂၉.၁.၂ဝ၂ဝ) ရက်နေ့ ၌  ရပ်စောက်မြို့၊ အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(ဗထူးတပ်) ကျောင်းများတွင် သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂ဝ၁၉) အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင် ဖော်ပြရမည့် အချက်အလက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူများမှ ရရှိနိုင်သည့်အခွင့်အရေး (၈) ချက်၊ အစားအသောက်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စားသုံးသူများ၏ ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများအား ညှိနှိုင်း ဖြေရှင်းပေးနေမှုများအကြောင်းကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုများကြုံလာပါက တိုင်ကြားမှုပုံစံနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် ရပ်စောက် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/သူ (၃၆၈)ဦး နှင့် အ.ထ.က(ဗထူးတပ်)ကျောင်းမှ ကျောင်းသား/သူစုစုပေါင်း( ၅၉၂ )ဦး တက်ရောက်ခဲ့ကြပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေကာ တက်ရောက်လာသော ကျောင်းသား/သူများမှလည်း ၄င်းတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

တောင်ကြီးမြို့တွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှုအခွင့်အလမ်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

     ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမတွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်း စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၉:၃ဝ)နာရီအချိန်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

      ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမျိုးသူက ပြောင်းစျေးကွက် အခြေအနေနှင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး စိုင်းဖြိုးလွင်ဦးမှ ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝ ဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်းအား မိတ်ဆက်ခြင်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာမှ တောင်သူအစုအဖွဲ့ခေါင်းဆောင်က ပြောင်းစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် စျေးကွက်အခြေအနေကိုလည်းကောင်း၊ ရပ်စောက်မြို့နယ်ပြောင်းအစုအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ညိုက ပြောင်းအရည်အသွေးပေါ်လိုက်၍ စျေးနှုန်းသတ်မှတ် ရောင်းဝယ်ရေးကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ချယ်ရီမြေ ထွန်စက်ပိုင်ရှင်များအဖွဲ့ ဥက္ကဌဦးမျိုးအောင်က ထွန်စက်ပိုင်ရှင်များအသင်းဖွဲ့စည်းရေး ကိစ္စများကိုလည်းကောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒု-ဥက္ကဌဦးအောင်ကျော်ကျော် က ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်း အသင်းဖွဲ့စည်းရေးကိစ္စများကိုလည်းကောင်း၊ မွေးမြူးရေးကဏ္ဍမှ ကိုယ်စားလှယ် Dr.မဖြိုးဝေဝင်းက အသားနှင့်နို့စားနွားမွေးမြူရေးဆိုင်ရာ အခွင့်အရေးနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ မြန်မာ့သြဘာလုပ်ငန်းစု Village Link မှ အမှုဆောင်အရာရှိချုပ် Adrian စိုးမြင့်က စိုက်ပျိုးရေးနည်းပညာ အကြောင်းကို လည်းကောင်း၊ ရိုးမဘဏ်မှ လက်ထောက်မန်နေဂျာ ဦးဇေယျာအောင်က စိုက်ပျိုးစီးပွားရေးနှင့်ဆိုင်သည့် ချေးငွေအကြောင်းကိုလည်းကောင်း၊ မြန်မာလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်ငုဝါဝင်းက မူဝါဒရေးရာ အကြံပြုချက်များကိုလည်းကောင်း၊ အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပြီး၊ မေးမြန်မှုများကိုလည်း ကဏ္ဍအလိုက်ပြန်လည် ဖြေကြားပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူအင်အား (၃ဝဝ)ခန့် ရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားရှင်းလင်းဆွေးနွေး

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင် များအား ၂၄.၁.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (ကျိုင်းတုံ) ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    ဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ပြည်တွင်/ပြည်ပထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်နှင့်ပတ်သက်၍ သတ်မှတ်ကာလသည် ယခု ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်လာမည်ဖြစ်၍ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ အသေးစားစားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သည် SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတာဝန် တစ်ရပ်အဖြစ်လည်းပါဝင်ပါကြောင်း၊ ပြည်တွင်းရင်းနှီမြှုပ်နှံမှုလုပ်ငန်းများ၊ ပုဂ္ဂလိကလက်လီ/လက် ကားရောင်းချမှုလုပ်ငန်းကို ပြည်တွင်း၌ ခွင့်ပြုထားပြီးဖြစ်၍ ပြည်ပထုတ်ကုန်များဝင်ရောက်လာပါက စျေးကွက်ယှဉ်ပြိုင်နိုင်ရေး မိမိတို့၏ထုတ်ကုန်များအား အရည်အသွေးမီ ထုတ်လုပ်သွားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း ကုန်စည်ပြပွဲများတွင်လည်းဝင်ရောက် ပြသခြင်ဖြင့် အသေးစား စားသောက်ကုန်လုပ်ငန်းများ ပြည်တွင်း/ပြည်ပစျေးကွက်ထိုးဖောက်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ကုန်စည်များတွင် ထည့်သွင်းဖော်ပြထား သော ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိမရှိ ဌာနသို့တင်ပြ၍ စိစစ်ဆောင်ရွက်စေလိုကြောင်း  ပြည်တွင်းထုတ်ကုန်စည်များအား နိုင်ငံတကာ စျေးကွက် တွင်ထိုးဖောက် ဝင်ရောက် နိုင်ရေးကိုလည်း ဒေသအတွင်းတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများမှ အရည်အသွေးမီ၊ အဆင့်မီ ထုတ်လုပ်သည့် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာန မှစေလွတ် ထားသည့် နိုင်ငံအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများမှတဆင့် စျေးကွက်ချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်များ၊ စစ်ဆေးရေးအရာရှိလုပ်ငန်းတာဝန်များနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးနေမှုအခြေအနေများ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျိုင်းတုံခရိုင်

စားသုံးသူရေးရာဦးစီးဌာန

ကျိုင်းတုံမြို့မစျေးရှိ အလှကုန်၊ စားသောက်ကုန်နှင့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ၂၈.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မစျေးအတွင်းရှိ အလှကုန် စားသောက်ကုန်နှင့် ဆေးဆိုင်များအား FDA စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးကွက်နမူနာကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။ အလှကုန် စားသောက်ကုန်နှင့်ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးရာတွင် FDA ကတားမြစ်ပိတ်ပင်ထားသည့် အလှကုန် စားသောက်ကုန် အချို့တွေ့ရှိခဲ့ပြီး FDA ဥပဒေဖြင့်သိမ်းဆည်းအရေးယူခြင်း နောက်နောင်တွင် တားမြစ် ကုန်စည်များ ဆက်လက်ရောင်းချခြင်းမပြုရန်သတိပေးခြင်း တားမြစ်ကုန်စည်အမျိုးအစားများ အားအသိပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံ မှန်ကန်စွာပါရှိသော ကုန်စည်များအား ရွေးချယ်ဝယ်ယူရောင်းချရေး အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း တားမြစ်ကုန်စည်နှင့်သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေး စစ်ဆေးအသိပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဆိုပါအဖွဲ့မှ အလှကုန်နှင့် စားသောက်ကုန်အချို့အား နမူနာကောက်ယူခြင်း ဆေးဝါးတုအမျိုအစားများအား အသိပေးဆွေးနွေးခြင်းနှင့် ဆေးဝါးတုစာရင်းများအား ဆေးဆိုင်ပိုင်ရှင်များထံပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကျိုင်းတုံခရိုင်
စားသုံးသူရေးရာဦးစီးဌာန

ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

        ၂၃.၁.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ သည် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မကျီးကျွန်းကျေးရွာရှိ ပြည်သူ (၆၇) ဉီးတို့အား အသိပညာပေးဟောပြောခြင်းနှင့် ဥပဒေစာအုပ်၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ငရုတ်စိုက်တောင်သူများကို ဈေးကွက်ဈေးနှုန်း ရရှိစေရေးအတွက် အသင်းအဖွဲ့နှင့် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊ သီးနှံများဈေးကွက် ဈေးနှုန်းရရှိရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်း CEC၊ စီးပွားရေး လုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဉီးခင်မောင်ဖြူ က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်ဈေးနှုန်း ရရှိမှသာ ဒေသခံတောင်သူများ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ဒေသခံတောင်သူတွေ အကျိုးအမြတ်များရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ဟာလည်း အစိုးရအဖွဲ့၏ တာဝန်ဖြစ်သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှတဆင့် ပြည်နယ်၏ သီးနှံများဈေးကွက်ဈေးနှုန်းရရှိဖို့ လုပ်ငန်းစဉ်တွေ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သီးနှံများဈေးကွက်ဈေးနှုန်းရရှိရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်းအသင်း CEC ​ဒေါက်တာ မြင့်ဉီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်တောင်သူများက ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ