သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်

         နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအစည်းအဝေး(၃/၂၀၂၂)ကို ၁၂-၈-၂၀၂၂ ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး၊ ဒေါက်တာဇော်လွင်က “စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အပတ်စဥ်ရရှိသော ဆီပမဏများကို ကျေးရွာ၊ ရပ်ကွက်များအရောက် ဈေးကားများဖြင့် ရောင်းချပေးနေသည့်အတွက် စားသုံးသူပြည်သူများ နှစ်သက်သဘောကျလျက်ရှိပါကြောင်း၊ အသင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ ဌာနအနေဖြင့် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွက် ရရှိမည့် ဆီပမာဏများကိုလည်း အချိန်မီရရှိရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

     ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေက “ဈေးကားများဖြင့် ဆီရောင်းချရာတွင် ဥတ္တရခရိုင်ကိုဦးဆောင်နေပါကြောင်း၊ ဒက္ခိဏခရိုင်ကို ဒေါ်စောမာလာနွယ်မှဦးဆောင်နေပါကြောင်း၊ အသင်းသားများအနေဖြင့် စည်းစည်းလုံးလုံး ဆောင်ရွက်စေလိုပါကြောင်း၊ အကူအညီလိုအပ်ပါက တင်ပြသွားကြရန်နှင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

       နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက “ ပျဥ်းမနားမြို့နယ်မှ Viber Group သီးသန့်ဖွင့်ရန်လိုကြောင်း၊ မိမိတို့အသင်းမှာ ခိုင်မာတောင့်တင်းသော အသင်းတစ်ခုဖြစ်သည်နှင့်အညီ တစ်ဦးချင်းအလိုက် တာဝန်သတ်မှတ်ပြီး ခွဲဝေ‌ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့် ဈေးကားများလှည့်လည်ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးအနေဖြင့် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ နေပြည်တော်ဆီအသင်းအားရေရည်တည်တံ့ခိုင်မာစေရန် အသင်းသားများအားလုံးညီညီညွတ်ညွတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိအနေဖြင့်အသင်းကို အကောင်းဆုံးဖြစ်စေရန် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားပြီး အစည်းအဝေးကိုနေ့လည် (၁၂း၀၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူများ လုံခြုံစိတ်ချစေရေး မိဘပြည်သူများအား အသိပညာပေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ (၁၀)ရက်နေ့၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊အမှတ် (၈)ရပ်ကွက်၊မူလတန်းကြိုကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသားမိဘ (၁၂၆) ဦးနှင့် ဆရာ/ ဆရာမ (၁၁) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားပြီး ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံ စိတ်ချရမှုရှိစေရန်” ဟုသော ရည်ရွယ်ချက်များပြည့်စေရန် စားသုံးသူ မိဘပြည်သူများ ပူးပေါင်းလိုက်နာဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ကြောင်း ဒါကြောင့် ယခုလို အသိပညာပေးပွဲများ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များအား ရှင်းလင်းခြင်း၊ စားသုံးသူများ ရရှိသည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ အခွင့်အရေးများကို တောင်း ခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်ပြီး ဒု-ဦးစီးမှူး ဦးကျော်စိုးက အခန်း (၁၈) ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများ မပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      နိဂုံးချုပ်အနေဖြင့် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာ မျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့်ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

“စားသုံးသူအခွင့်အရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု သိရှိစေရေးအသိပညာပေး”

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး ၊ ဦးစီးမှူး ဦးဇော်ထွန်ဦးနှင့် ဝန်ထမ်း များ အဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့်စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဩဂုတ်လ(၁၀) ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/သူ (၁၇၂) ဦး၊ စုစုပေါင်း(၁၈၂)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဖြစ်ပေါ် လာပုံ သမိုင်းကြောင်းနှင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ဦးစီးဌာန၏လုပ်ငန်း ဆောင်ရွက် ချက်များ ရှင်းလင်းခြင်းနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများ အနေဖြင့် စားသုံးသူ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များမှာလည်းအရေးပါကြောင်း Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

       ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းမှ စားသုံးသူ များတွင် ရရှိနိုင်သည့် အခွင့်အရေးများနှင့် လိုက်နာရ မည့်တာဝန်များလည်းရှိကြောင်း၊ အခွင့်အရေး များသိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်း စွာသုံးစွဲခွင့်၊ နစ်နာမှုများအတွက် တိုင်ကြား နိုင်ခွင့် ၊ ပြန်လည်ကုစားနိုင်ခွင့်များရှိပြီး နောင်အနာဂတ် မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင် မည်ဖြစ်ကြောင်းနှင့် လိုက်နာရမည့် တာဝန်များကိုလည်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

        ဦးစီးမှူး ဦးဇော်ထွန်းဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား စားသုံးသူများအတွက် ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲသည့်နည်းလမ်းများ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်း အမည် နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့် နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းအမျိုးအမည်၊ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာ ထုတ်ကုန်များ လုံခြုံစိတ်ချရမည် ဖြစ်ကြောင်းနှင့် အစား အသောက်များကို ရွေးချယ်ဝယ်ယူရာတွင် မျက်စိ၊ နှာခေါင်း၊ လျှာနှင့် မရွေးချယ်ဘဲ ဦးနှောက်ဖြင့် ရွေးချယ်တက်ဖို့လိုကြောင်းစသည့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

        ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ ဆွေးနွေးရာတွင် စားသုံးသူများအား အခွင့်အရေးများသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ ပြည်နယ်/တိုင်းများနှင့် ခရိုင်ရုံးများတွင် စားသုံးသူ နစ်နာမှုများအတွက် “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ” (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center နံပတ်ဖြစ်သည့်(1535)သို့ဆက်သွယ်ခေါ်ယူ၍ တိုင်ကြားနိုင်ပါကြောင်း အကျယ် အဝင့်ရှင့်လင်း ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

         ကျောင်းသား/သူများအား ဟောပြောပွဲနှင့် ပတ်သက်၍ မှတ်သားနိုင်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် မှတ်သားရမည့်အချက်များအား  ပြန်လည်မေးမြန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

ချောက်မြို့ မူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းဆောင်ရွက်

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာ‌ရေး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၀.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)မှ (၁၄:၀၀)နာရီထိ ချောက်မြို့အမှတ်(၇)ရပ်ကွက်ရှိ  မူလတန်းလွန်ကျောင်း၌ စားသုံးသူအကာအကွယ်‌ပေးရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်  ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေ-၂၀၁၉ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား ကျောင်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ ဆရာ/ဆရာများနှင့်ပူးပေါင်းပြီး သက်တမ်းလွန်၊ မှိုတက်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများမရောင်းချရေး အသိပညာပေး ဆွေးနွေးပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            အဆိုပါ စားသုံးသူရေးရာအသိပညာပေး ဆွေးနွေးပွဲသို့ ချောက်မြို့၊ အမှတ်(၇) ရွာဟောင်းရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ(၁၂)ဦးနှင့်  ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးခရိုင်/ချောက်ခရိုင် အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ တရားမဝင် စားသုံးဆီ ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်/ချောက်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများသည် (၈.၈.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် စျေးကွက်အတွင်း စားသုံးဆီအရောင်းဆိုင်များ၌ တရားမဝင်စားသုံးဆီ ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်များ ‌ရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး‌ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပါကြောင်း ယခုအခါ အိမ်နီးချင်းနိုင်ငံမှ တစ်ဆင့် တရားမဝင်တင်သွင်းလာသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်  စားသုံးဆီများ ဆိုင်တင်ရောင်းချမှုရှိ/မရှိကို မကွေးမြို့နယ်မှ(၁၆)ဆိုင်၊ ရေနံ‌ချောင်း မြို့နယ်မှ(၃)ဆိုင်၊ နတ်မောက်မြို့နယ်မှ(၃)ဆိုင်၊ ချောက်မြို့နယ်မှ(၅)ဆိုင်၊ မြို့သစ်မြို့နယ်မှ (၅)ဆိုင်နှင့် တောင်တွင်းကြီးမြို့နယ်မှ(၆)ဆိုင် စုစုပေါင်းစားသုံးဆီ အရောင်းဆိုင်(၃၈)ဆိုင်အား စစ်ဆေးခဲ့ရာ ဆိုင်တင် ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံများမှ စားသုံးဆီအရောင်းဆိုင်ရှင်များအား တရားမဝင် တင်သွင်းလာသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီများအားဆိုင်တင်မရောင်းချရန်နှင့်ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အမှတ်တံဆိပ်ပါရောင်းချခွင့် ရှိသည့် ဘူးသွင်းဆီများ၌လည်း ဌာနမှသတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ  ပြည့်စုံမှန်ကန်စွာပါဝင်ရေးနှင့် အလေးချိန်ပြည့်ဝစွာပါဝင်ရေး အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

“စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ”

        မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်(၁၁-၈-၂၀၂၂)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီအရောင်းဆိုင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်အရည်အသွေးနိမ့်၊ စံချိန်စံညွှန်းမပြည့်မီသောချက်ဆီများ ဝယ်ယူရောင်းချခြင်း ၊စက်သုံးဆီ စျေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းများမပြုလုပ်ကြရန် ၊ အချင်အတွယ်မှန်ကန်မှုရှိစေရေး ၊ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချကြရန်နှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် စက်သုံးဆီများရောက်ရှိမှု ၊ ရောင်းချမှု အခြေအနေ နှင့် တွေ့ကြုံရသည့် ခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း ဆွေးနွေးပြောကြား သွားပါသည်။ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်လွင်ထူးမှ ပြောကြားရာတွင် စက်သုံးဆီစျေးနှုန်းများအား မိမိတို့ဌာနမှ နေ့စဉ်ကောက်ယူပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ နေ့စဉ်တင်ပြပေးရပါကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့်စက်သုံးဆီစျေးနှုန်းများအား မှန်ကန်တိကျစွာ ပေးစေလိုပါကြောင်း၊စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ လက်ရှိစားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် ၊ မတ်လ(၁၅)ရက်နေ့ ၊ ပြည်ထောင်စုလွှတ်တော်အမှတ်(၉)ဖြင့် ပြဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် တာဝန်များစသည့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် စက်သုံးဆီ လုပ်ငန်းရှင်များမှ မိမိတို့သိရှိလိုသည်များအား မေးမြန်းတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား နံနက်(၁၁:၃၀) နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်(၃၃) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ဘားအံမြို့ပေါ်ရှိ အ.ထက (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် အငယ်တန်းစာရေး ဒေါ်မိခင်သူဇာတို့သည် ၁၅-၈-၂၀၂၂ ရက်၊ တနင်္လာနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က (၁) ကျောင်းတွင်မြို့နယ်ကျောင်း ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်းနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့်လက်တွေ့ ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ဦးရေ (၂၅၀)ဦး တက်ရောက်ပြီးဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကရင်)

“စားသုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားအုန်းဆီများကိုသုံးစွဲနိုင်ရေး ၊ စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်း ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ(၈-၈-၂၀၂၂)ရက် နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီမှူးဦးဆောင်သော စစ်ဆေးရေး အရာရှိများသည် ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊တံတားဦးမြို့နယ်များရှိ စားသုံးဆီအရောင်းဆိုင် များတွင် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီပုံများရောင်းချခြင်းရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်ပါ စားသုံးဆီများနှင့်ဆီပုံးများအား နယ်စပ်မှတဆင့်တရားမဝင် ဝင်ရောက်လာပြီးစျေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် လာရောက်စစ်ဆေးရခြင်းဖြစ် ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာ၌ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင်ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ် အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ ထုတ်လုပ်မှု အမှတ်စဉ် ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်း ပစ္စည်းများ၏ အမျိုးအမည်နှင့်ပမာဏ ၊ ပါဝင်မှုအချိုးအစား ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊သက်ဆိုင်ရာအစိုးရ ဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြဌာန်း ခဲ့ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် ဥပဒေပါ အချက်များအား ထည့်သွင်းရန်လိုအပ်ကြောင်း၊ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များမပါရှိသည့် စားသုံးဆီများအား ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မြေကြီးမှ ရွှေထွက် ဇွဲကပင်မြေက နေဗီယာမြက်

          ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး တောင်သူများ လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရေး အထောက်အကူ ဖြစ်စေရန်အတွက်    “ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် တောင်သူတစ်ဦးစိုက်ပျိုးထားသော တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ခင်းသို့ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင်စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာ ခဲ့ကြပါသည်။

         ပူနွေးစိုစွတ်ပြီး ရေရသည့် မည်သည့်နေရာတွင်မဆို ရာသီချိန်ခါမရွေး စိုက်ပျိုးနိုင်သည့် အတွက် စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးရုံသာမက မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပါ တိရစ္ဆာန်အစားအစာ ရှားပါးမှု ဖြည့်ဆည်းပေးနိုင်မည့်  နေဗီယာမြက်၏ မူရင်းမိခင်နိုင်ငံသည်  ထိုင်းနိုင်ငံဖြစ်ပြီး ပါချောင့်ဝမ်တက္ကသိုလ်မှ စိုက်ပျိုးရေးပညာရှင်များက သုတေသနပြု လုပ်အောင်မြင်ခဲ့သော မြက်မျိုးဖြစ်ကာ  အာဖရိက ဌာနေ မြက်ဖြစ်ကြောင်းသိရသည်၊၊ မူရင်းအမည်ရင်းမှာ နေဗီယာပါချောင့်ဝမ်ပါ ဟုခေါ်ပြီး မြန်မာနိုင်ငံတွင် နေဗီယာမြက်လို့ အလွယ်ခေါ်ကြသည်။ အချို့ကထိုင်းမြက်၊ ဗီတာမင်မြက် ဟုလည်းခေါ်ကြသည်။ နေဗီယာမြက် ကို မိုးဦးရာသီနှင့်မိုးကုန်သည့်ရာသီပိုင်းလို အချိန်မျိုးတွင်စိုက်ပျိုး၍ အကောင်းဆုံး ဖြစ် သော်လည်း မြန်မာနိုင်ငံ၏ ရာသီဥတုသည်အပူပိုင်းမုတ်သုန် ဖြစ်ပြီး မိုးရေချိန်ရရှိသည့် ပမာဏမတူညီသောကြောင့်  နေရာဒေသအလိုက် စိုက်ပျိုးပုံစံနှင့်  စိုက်ပျိုးချိန် မတူနိုင် ကြောင်း နှင့် နေဗီယာမြက်စိုက်ပျိုးလိုသူများသည် မိမိတို့စိုက်ခင်းအတွက် ရေအလုံအလောက် ပေးနိုင်မည်ဆိုပါက ပူပြင်းသည့် နွေရာသီ၌ပင် . စိုက်ပျိုးဖြစ်ထွန်းနိုင် ကြောင်း သိရသည်။      

        နေဗီယာမြက် စိုက်ပျိုးသူ တောင်သူဦးနေတိုးက “ကျွန်တော်အနေနဲ့ကတော့ နေဗီယာ မြက်ကိုဝါသနာအရ စိုက်ပျိုးရင်းက အခုဆိုစီပွားဖြစ်ပါစိုက်ပျိုးနေပါပြီ။  ကျွန်တော် နေဗီယာ မြက် ပထမစိုက်ခင်းမှာတော့ ၃ဧက စိုက်ပျိုးပြီး အပင်အရေအတွက်နေနဲ့ကတော့ ၁၅၀၀၀ စိုက်ပျိုးခဲ့ပါတယ်။ စရိတ်အနေနဲ့ နေဗီယာမြက် ၁၅၀၀၀ ပင်အတွက် တစ်ပင်ကို ၅၀  ကျပ်နဲ့ဝယ်စိုက်တာပါ။ မြေပြင်ထွန်ယက်စရိတ် နဲ့ မြေဩဇာအတွက်ကုန်ကျစရန်က ၁ သိန်း ၅ သောင်းခန့် ကုန်ကျခဲ့ပါတယ်။ နေဗီယာမြက် အပင် ၁၅၀၀၀ အတွက်ကုန်ကျစရိတ်စုစုပေါင်း ၉ သိန်းခန့် ကုန်ကျခဲ့ပါတယ်၊၊ အခုဆိုရင်စိုက်ပျိုးတာ ၃ နှစ်ထဲဝင်လာပြီး အကျိုးအမြတ်အနေနဲ့ သိန်းတစ်ရာ နီးပါး ရရှိနေပါပြီ” ဟု ၎င်းက နေဗီယာမြက်စိုက်ပျိုးရာမှ ရရှိလာသော အကျိုးအမြတ်များအား အားတက်သရော ရှင်းပြသည်။

        တောင်သူများ ၊ စိုက်ပျိုးမွေးမြူရေး လုပ်သူများအနေနဲ့ မိုးမကျမီနှင့်မိုးနှောင်းပိုင်းများ တွင် “နေဗီယာ"မြက်ကို စိတ်ဝင်တစား စိုက်ပျိုးကြမည်ဆိုလျှင် မိမိစိုက်ပျိုးသည့်ဒေသရဲ့ မိုးရေချိန်မှာ အဓိကဖြစ်ပြီး၊ မိမိစိုက်တဲ့မြေကရေမမြုပ်တဲ့ ကုန်းမြေ၊ ယာမြေ၊ တာရိုး၊ ကန်ဘောင်၊ တောင်မြေ၊ မြစ်ချောင်းဘေး ကုန်းမြင့်တွေ. ဖြစ်နေမယ်ဆိုရင်ဖြင့် မိုးတွင်းမိုးများချိန်လည်း စိုက်ပျိုးနိုင်မှာဖြစ်ပြီး နေဗီယာမြက်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့မွေးမြူထားသော တိရစ္ဆာန်များ အတွက် မွေးမြူရေးအစာ မပူပင်ရသည့်အပြင် အခြားမွေးမြူရေးလုပ်ငန်းများသို့လည်း  နေဗီယာမြက်ကို တိရစ္ဆာန် အစား အစာ အဖြစ်ရောင်းချနိုင်သည့်အပြင် နေဗီယာမြက် စိုက်ပျိုးလိုသူများ ကိုလည်း မျိုးပင်အနေဖြင့် ရောင်းချနိုင်ကြောင်း ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သောကြောင့်  အပူချိန်မြင့်မားသော  မတ်လပိုင်း မှ မေလလယ်ထိတွင်. စိုက်ပျိုးခင်းကို ရေပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မည်ဖြစ်သော်လည်း ကရင်ပြည်နယ်သည် မိုးအသင့်အတင့်ကောင်းသောဒေသ ဖြစ်သော ကြောင့်  နေဗီယာမြက် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်း နိုင်ကြောင်းသိရသည်။

       နေဗီယာမြက် စိုက်ပျိုးရာတွင် မျိုးအဆင့်သင့်ဖြစ်၍ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးသော်လည်း စိုက်ပျိုးပြီးချိန်တွင်  စိုက်ခင်းတစ်ခင်းလုံးသို့ ရေပြည့်ဝစွာ မပေးဝေနိုင်ပါက မစိုက်သေးပဲ မြက်မျိုးပင်အဆစ်ပိုင်းများကို တန်းစီ၍အရိပ်မှာ ထောင်ထားကာ အပေါ်က ကောက်ရိုးမြက်ခြောက်ခပ်ပါးပါး ဖုံးပြီး ရေလောင်းထားပေးလျှင်  ၁၀ရက်ခန့်ထိ အထားခံနိုင်ပြီး အတက်နှင့်အမြစ်များထွက်လာမည်ဖြစ်သည်၊၊ နေဗီယာမြက်သည် ၁ ဧကလျှင် အပင်ရေ ၅၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး နေဗီယာမြက် စတင် စိုက်ပျိုးမည်ဆိုပါက   မိမိတို့စိုက်ပျိုးမည့် စိုက်ခင်အားမြေနေရာ မြေအရင်ပြုပြင်ရမည်ဖြစ်သည်။ နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သည့်အပြင် ထယ်ရေးညက်သော မြေတွင်လည်းအထူး ဖြစ်ထွန်း သောကြောင့် ထယ်ရေးကို ၃ စပ်မှ ၄စပ်ထိ မောင်းပေးရန်လိုအပ်သည်။ ထို့နောက် စိုက်ပျိုးရန် မြောင်းဘောင်ဖော်ပြီး  မြေနေရာအလိုက် ၃ ပေပတ်လည် (သို့) မိမိစိတ်သဘောအတိုင်း ဆောင်ရွက်နိုင်သည်။ နေဗီယာမြက်သည် အပင်ပွားသန်သောကြောင့် ပုံမှန်အားဖြင့် အပင်ကြားကို အဆင့်သင့်ရုံ ၁ ပေ ၂ ပေခြား၍ ကုန်ကျစရိတ်မျိုးဖိုး တတ်နိုင်မှုအပေါ်မူတည်၍ သင့်သလိုစိုက်ပျိုးကြပြီး တန်ကြားကိုမူ လူဝင်နိုင်ထွက်နိုင်ရုံ ၂ ပေမှ ၃ ပေထိ ခြားတတ်ကြောင်း သိရသည်။  စိုက်ပျိုးရာတွင် အပင်အရင်းအဖျားမမှားရန်  ဂရုစိုက်ဖို့လိုအပ်ပြီး စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များနှင့် မမှားစေရန်အတွက် အပင်ကို လက်တစ်ဆစ်ခန့်ဖော်ထားရမည်။ ဤသို့မှသာ စိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်ရာတွင် အလွယ်တကူသိရှိနိုင် လိမ့်မည်ဖြစ်သည်။

          နေဗီယာမြက် စတင်စိုက်ပျိုးရာတွင်  'အပင်ထွက်စမှာ အနီရောင်ဖြစ်ပြီး အပင်ကြီး လာသည်နှင့်အမျှ တဖြည်းဖြည်းစိမ်းလာမည်။ အပင်ကြီးလာသည်နှင့် အရွက်များ ဖားလာကာ အုပ်ဆိုင်းလာမည် ဖြစ်သည်။ နေဗီယာမြက်ကို နွေရာသီနှင့်မိုးနှောင်းရာသီ တွင် စိုက်ပျိုးမည် ဆိုပါက အပူချိန်ပြင်းသည့်အချိန်ဖြစ်သည့်အတွက် စိုက်ပြီးသည်နှင့် တစ်ခါတည်း ရေပေးရန်လိုအပ်ပြီး အပင်အမြင့် ၁ပေခန့်ရောက်ပြီးလျှင်  တန်းကြားကိုပေါင်(ဘောင်)လုံး၍ မြေကိုအပင်ရင်းထိ ဆွဲတင်ကာ အပင်အောက်ခြေ မြေဖို့ပေးရမည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့်  နေဗီယာမြက် နှင့် အတူပေါက်ရောက်နေသော ပေါင်းမြက်များကို ရှင်းလင်းပြီးဖြစ်သည့်အပြင် အဆိုပါ ပေါင်းမြက်များကို သဘာဝမြေဩဇာအဖြစ် ပြန်သုံးနိုင်မည်ဖြစ်သည်။  စိုက်ပြီး ၁ ပတ်အကြာတွင် အပင်အသစ်သားတက်များ ထွက်လာပါက  ကျွဲချေး/နွားချေးသဘာဝမြေဩဇာများကို တန်းကြား မြောင်းထဲထည့်ကျွေးပါကအလေအလွင့် နည်းပါးပါပြီး မြက်ခင်းကိုရေပေးမည်ဆိုလျှင် ဘောင်တင်ထားသည့် တန်းကြားမြောင်းကို ရေမောင်းသွင်းပေးလိုက်ရုံဖြင့် ရေလေလွင့်မှုမရှိပဲ  ကုန်ကျမှုစရိတ် သက်သာစေမည် ဖြစ်ပါ သည်။ စိုက်ခင်းစိုက်ပျိုးပြီးခါစတွင်  ကြက်၊ ဆိတ်၊ ဘဲ၊ သိုး၊ ကျွဲ၊ နွား စသည့် အကောင် များမဝင်စေရန်မူသတိပြုရမည်ဖြစ်သည်။

         မြန်မာနိုင်ငံရှိ တိရိစ္ဆာန်မွေးမြူသူများရဲ့အဓိကပြသနာမှာ အစာရှားပါးခြင်းနှင့် တိရစ္ဆာန် အစားအစာ ဈေးနှုန်း ကြီးမြင့်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြောင်းရိုး၊ ထန်းသီး၊ ပဲမှော်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်၊ ကြက်သွန်မြိတ်ခြောက် စသောအဆင်ပြေရာအစားများကို နွေရာသီအတွက် ကြိုတင်စုဆောင်းသိမ်း ဆည်းထားကြရသည်။  တိရစ္ဆာန်အစားအစာ ရှားပါးခြင်းနှင့် ဈေးနှုန်း ကြီးမြင့်ခြင်း အခက်အခဲ ကိုမကျော်ဖြတ်နိုင်ကြသောကြောင့် မိမိတို့မွေးမြူထားသည့်  ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ဆိတ်များရောင်းချနေရသည့် တောင်သူဦးရေ သည်လည်း နှစ်စဉ်တိုးလာမြဲဖြစ်သည်။ ယင်းကဲ့သို့ ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူဦးကြီးညီအကိုမောင်နှမများအနေနဲ့ နေဗီယာမြက်ကို မြက်ချဉ်ဖက်ပြုလုပ်သိမ်း ဆည်း၍ မိမိမွေးမြူထားသော တိရစ္ဆာန်များကို ကျွေးမွေးခြင်း (သို့မဟုတ်) မြက်ချဉ်ဖတ် ရောင်းချခြင်းဖြင့်  အခက်အခဲများစွာကို ကျော်လွာနိုင်မည်ဖြစ်သည်။ လွယ်ကူလှသည့် နေဗီယာမြက် မြက်ချဉ်ဖက်လုပ်နည်းမှာ မြက်ကိုစဉ်းပြီး လေလုံသောပလပ်စတစ်အိပ်အကြီး (သို့) အဖုံးပါသောပလပ်စတစ်ပုံးထဲတွင် နေဗီယာမြက်ကို ဖိသိပ်ထည့်ပါ။ လေမကျန်ပါစေနှင့်။  ပလပ်စတစ်အိတ် အသုံးပြု၍ မြက်ချဉ်ဖတ် ပြုလုပ်သူများအနေဖြင့်  အိတ်မပေါက်အောင် သတိထားပါ။ ထို့နောက် အရိပ်ရသည့်နေရာတွင် မြေမြှပ် သိမ်းဆည်းရပါမည်၊၊

         မြေမြှပ်ခြင်းသည် မြက်ချဉ်ဖက်အိပ်များကို အပူသက်သာနိုင်စေသလို ထိခိုက်ပျက်စီးမှု ကလည်း ကာကွယ်ပြီးသာဖြစ်သွားမည်ဖြစ်သည်။ ထို့နောက်၂၁ရက်ကြာပါက  မူလမြက်၏ အရည်အသွေးမပျက်သည့် ချဉ်ဖက်မြက်ကိုရရှိမည်ဖြစ်သည်။  ၎င်းမြက်ချဉ်ဖက်သည် ၆လအထိ အထား ခံနိုင်သောကြောင့် နှစ်တစ်နှစ်၏ အချိန်ကာလတဝက် အစားအစာရှားပါမှု ပြသနာကိုကောင်းစွာဖြေရှင်းနိုင်မည်ဖြစ်သည်။ သဘာဝပေါက်ရောက်သော ဒေသမြက်များသည် အသားဓာတ်ပါဝင်မှုအမြင့်ဆုံး ၅ရာခိုင်နှုန်းသာပါဝင်သော်လည်း  နေဗီယာမြက်သည် ၂၀ ရာခိုင်နှုန်းထိ အသားဓာတ်ပါဝင်မှုများသောကြောင့် မိမိတို့မွေးထားသည့် တိရိစ္ဆာန်အကြီး မြန်ကာ အသားတိုး၍ဈေးကွက်၌ မျက်နှာပန်းလှပါသည်။ နေဗီယာမြက်သည် အထွက်နှုန်း ကောင်းပြီး  အကြမ်းခံနိုင်မှုကြောင့် တစ်နှစ်လျှင် တစ်ဧကတန်ချိန် ၁၅၀ ကနေ ၂၀၀ ကျော်ထိထွက်နိုင်သောကြောင့် အစားလိုအပ်ချက်ကိုအချိန်မီဖြည့်နိုင်ပါသည်။ ထို့အပြင် နေဗီယာမြက်သည် အသားဓာတ် ပါဝင်မှုမြင့်မားပြီး နူးညံ့သောကြောင့်  ကျွဲ၊ နွား၊ ဆိတ်၊ ဘဲ၊ ဝက်၊ ကြက်၊ ငါး စသည့်တိရစ္ဆာန်များကိုပါ ကျွေးလို့ရပါသည်။ ကျွဲနွားတိုကို နေဗီယာ မြက်ချည်းကျွေးနိုင်သော်လည်း  အခြားတိရိစ္ဆန်များကိုမူ မူလအစားနှင့် အချိုးကျရောစပ်၍ ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ကြောင်းသိရသည်။ “မွေးမြူးရေးသမားအများစုဟာ.. ကုန်ကျစရိတ် သက်သာရာကိုသာဦးစားပေးနေကြတုန်းဗျ။ တဖက်ကပြန်ကြည့်မည်ဆိုရင်လျှင် မိမိခြံရဲ့ ကုန်ကျစရိတ် သက်သာမှ အမြတ်ကျန်မှာပါ။ ဒါကတော့ မွေးမြူးရေးသမားတိုင်းပါပဲ။ ဒီအတွက်စိုက်ပျိုးမွေးမြူရေးသမားတွေ အနေနဲ့ တွက်ခြေကိုက်ဖို့အတွက် နည်းလမ်းရှာပြီး လုပ်ရမယ်ဗျ။  မြန်မာနိုင်ငံမွေးမြူးရေးသမားတွေက မိရိုးဖလားအဆင့်ကနေမတက်သေးဘူးဗျ၊၊ ဒါကြောင့် ကျေးလက်နေ တောင်သူတွေ ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ကျွန်တော့အနေနဲ့ ဦးဆောင်ပြီး စံပြစိုက်ပျိုးမွေးမြူရေးတွေ လုပ်နေတာ” ဟု စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင် ဦးနေတိုးက ပြောသည်။

       နိဂုံးချုပ်အားဖြင့်အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံသည် လူဦးရေးသန်းပေါင်း ၁၀၀၀ကျော်ရှိပြီး  မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တည်ရှိ၍ အဆိုပါနိုင်ငံများ၏ တိုပွားလာသောဲ့ လူဦးရေကြောင့် စားနပ်ရိက္ခာအတွက် အသားငါးလိုအပ်ချက် နေ့စဉ် မြင့်တက်နေပြီး မြန်မာနိုင်ငံ၏  ဒေသအတွင်းကျွဲနွားတင်ပို့ရောင်းချမှုမှာ စာရင်းဇယားများအရ နှစ်စဉ် တိုးမြင့်လျှက်ရှိသော်လည်း မွေးမြူရေမှာ များစွာတိုးတက်မှု မရှိသောကြောင့် ရေရှည်တွင် တိရစ္ဆာန်ကောင်ရေ နည်းပါးလာမည် ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးစေရေး၊ နိုင်ငံခြားငွေတိုးတက်ရှာဖွေနိုင်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ဖြစ်ပေါ်၍ တောင်သူများဝင်ငွေတိုးစေရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့်တွက်ခြေကိုက် ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့်  နေဗီယာမြက်သည် စိုက်ပျိုးမွေးမြူရေးသမားများကို အကျိုးပြုသည့် မြေကြီးကရွှေထွက် ဇွဲကပင်မြေကနေဗီယာမြက်ဟု တင်စား၍ စိုက်ပျိုး မွေးမြူရေး တောင်သူများအကျိုးငှာ ‌လေ့လာ၍ ရေးသားလိုက်ရပါသည်။

DOCA(ကရင်)

 

အစေ့ထုတ်ပြောင်းသီးနှံအား ကန်ထရိုက်စနစ်ဖြင့် တောင်သူအကျိုးတူစိုက်ပျိုးမှု ကရင်ပြည်နယ်တွင် စတင်

            ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများနှင့် ကရင်ပြည်နယ်၊ အခြေစိုက်အောင်ဆန်းငွေလာကုမ္ပဏီတို့သည် အစေ့ထုတ်ပြောင်းသီးနှံအား ကန်ထရိုက်စနစ်ဖြင့် တောင်သူအကျိုးတူ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစုမြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါကျေးရွာတွင် ၈-၈-၂၀၂၂ ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီ အချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း နှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြောင်းစိုက်တောင်သူ ၃၀ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဦးက အစေ့ထုတ်ပြောင်းတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်ဖြစ်ပေါ်မှု အလားအလာများ၊ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် တောင်သူအကျိုးတူ ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့၍ စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ကရင်ပြည်နယ်အတွင်း ပြောင်း စိုက်ပျိုးမှု၊ စိုက်၊အောင်၊ထွက် အခြေအနေနှင့် စိုက်ပျိုးမှုဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း ၊ အကျိုးတူ ဆောင်ရွက်သူ အောင်ဆန်းငွေလာ ကုမ္ပဏီမှ ဦးအောင်ဇော်ထက်က ကန်ထရိုက်လယ်ယာမြေ စနစ်ဖြင့် တောင်သူအကျိုးတူ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများက သိလိုသည်များ ကိုမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ   တောင်သူများသို့ အစေ့ထုတ်ပြောင်း မျိုးစေ့နှင့် သွင်းအားစု မြေဩဇာများကို ပေးအပ်ခဲ့ကြသည်။

           ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းရှိ အစေ့ထုတ်ပြောင်း စိုက်ဧက ၅၀၀ ခန့်ရှိတွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီအတွက် တောင်သူ ၃၀  ဦးဖြင့် ကန်ထရိုက်လယ်ယာမြေစနစ် တောင်သူအကျိုးတူ ဆောင်ရွက်မည်ဖြစ်ပြီး ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့်အကျိုးတူ စိုက်ပျိုးခြင်း အားဖြင့် စိုက်ပျိုးတောင်သူများ အနေဖြင့် စိုက်ပျိုးမည့်သီးနှံကြိုတင်သတ်မှတ်နိုင်ခြင်း၊ သီးနှံအခြေခံဈေးနှုန်းကြိုတင်သတ်မှတ်နိုင်ခြင်း၊ ဈေးကွက်ခိုင်မာသေချာမှုရှိခြင်း၊ အရည်အသွေး ပြည့်မီသော မျိုးနှင့် သွင်းအားစုများကို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကာ လုပ်ငန်းရှင်များဘက်မှလည်း အရည်အသွေးမြင့်မားသော ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ရရှိနိုင်၍ ဈေးကွက်သို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ပြီး ဈေးနှုန်း/ဈေးကွက်တည်ငြိမ်စေရေး  အလေးပေး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ