သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင် ငါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၈.၈.၂၀၂၂ နေ့တွင် ငါးလုပ်ငန်းရှင် ဦးကျော်နိုင်ဦးနှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးခန်းမတွင် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ငါးလုပ်ငန်းရှင် ဦးကျော်နိုင်ဦးမှ မိမိငါးကန်တွင် ငါးမြစ်ချင်းငါးနှင့် ငါးကြင်းငါးများ မွေးမြူထားရှိပြီး ကန်ဖော်ချိန်တွင် ရန်ကုန် ကြည်မြင်တိုင် ငါးပွဲရုံများသို့ တင်ပို့ရောင်းချပြီး၊ မအူပင်၊ ကျိုတ်လတ်မြို့နယ်ရှိ ဈေးများတွင် ရောင်းချခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် ငါးအစာဈေးတက်ခြင်း၊ လုပ်သားခ ကြီးမြင့်ခြင်းတို့ကြောင့် အမြတ်ငွေမှာ ယခင်လို သိသိသာသာ မရရှိသော်လည်း အမြတ်အနည်းငယ်သာရရှိပြီး ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ ငါးဈေးကွက် တိုးချဲ့နိုင်မည့် နည်းလမ်း ကောင်း များရရှိရေး၊ နည်းပညာနှင့် ငါးစာများစနစ်ထုတ်လုပ်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းနိုင်ရေးသာမက လုပ်သားခကြီးမြင့်မှုအပေါ် စီမံခန့်ခွဲမှုနည်းလမ်းကောင်းများကို အသိပညာပေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ၌ (၁၀.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၀.၈.၂၀၂၂) ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိ  စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ၊ အလေးချိန်အချင်အတွယ် ပြည်မှီခြင်းရှိ/မရှိခြင်းတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့၍၊ စစ်ဆေးခဲ့သော စက်သုံးဆီဆိုင်(၄)ဆိုင်မှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း

         တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၀.၈.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ် ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် အပါအဝင် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြ ထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်ရန်၊ ဟင်း သီးဟင်းရွက်၊ အသီးအနှံများကိုရေဖြင့်သေခြာစွာဆေးကြောပြီးမှစားရန်၊ ပလပ်စတစ်အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန်နှင့် ဆိုးဆေးအန္တရာယ်များအား ဟောပြောပို့ချခဲ့ပြီး ကျောင်းသူကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသောစားသောက် ကုန်များသာရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန်ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မင်းပြားမြို့ မင်းဘာကြီးရပ်ကွက် အ.လ.က(ခွဲ) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်း

           ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု.ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၂) ရက် နေ့လယ် (၂:၀၀) နာရီ အချိန်တွင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ရှိ အ.လ.က (ခွဲ) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြော ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု.ဦးစီးမှူး) မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား မိမိဌာနမှဦးဆောင်ပြီး မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုနှင့် ပတ်သက်၍ ချပြဆွေးနွေးပြီး မိမိဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိခြင်းအား အကျယ်တဝင့်ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တက်‌ရောက်လာသည့် ကျောင်းသား/သူများအား ဘောပင်များလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ရခိုင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာမြင့်မားရေး အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်ပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့် အရေးနှင့်စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဩဂုတ်လ(၅)ရက်၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၈၈) ဦး၊ စုစုပေါင်း(၉၄)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များမှာလည်း အရေးပါကြောင်း Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးမှ စားသုံးသူများတွင် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများသိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲခွင့်နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များရှိပြီး နောင်အနာဂတ်မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ လိုက်နာရ မည့်တာဝန်(၄)ချက် ကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်မှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား စားသုံးသူများအတွက် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲသည့်နည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်း အမျိုးအမည်၊ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားအချက်များပြည့်စုံမှသာ လုံခြုံစိတ်ချရမှုရှိသည့် ကုန်ပစ္စည်းများ ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်မှ ဆွေးနွေးရာတွင် စားသုံးသူများအား အခွင့်အရေးများသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုများအား စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားပြီး တိုင်ကြားနိုင်ကြောင်း၊ ကုစားပေးခြင်းများ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများမှာ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center ဖွင့်လှစ်ထားပြီး (1535)မှ တစ်ဆင့်တိုင်ကြားနိုင်သည့် အခြေအနေများအား အကျယ်အဝင့်ဆွေးနွေးခဲ့ပါသည်။

       ဆွေးနွေးဟောပြောပွဲတွင် ကျောင်းသား/ သူများအား ဌာန၏သမိုင်းကြောင်း၊ အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် ဥပဒေအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးကာ ပြန်လည်မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ရွေးချယ်မှုအစုံ အလှကုန်

           ယနေ့မြန်မာနိုင်ငံရဲ့ ခေတ်စားနေတဲ့ အွန်လိုင်း ရှော့ပင်းဆိုတဲ့ဈေးကွက်ကြီးထဲမှာ အမျိုးသမီးများရဲ့ နေ့စဉ်အသုံးပြုကြရတဲ့ အလှကုန်ပစ္စည်းတွေ အများအပြားပါဝင်နေတာ တွေ့ရှိရပါတယ်၊ အလှကုန်ပစ္စည်းဆိုတာ အမျိုးသမီးတွေအများဆုံး အသုံးပြုကြပေမယ့် အမျိုးသားတွေသုံးတဲ့ အလှ ကုန်ပစ္စည်းတွေလဲရှိနေပါတယ်၊ အလှကုန်ပစ္စည်းများမှာ ခေါင်းအစခြေအဆုံး အသုံးပြုကြတဲ့ ပစ္စည်း အမျိုးအစားပေါင်း အများအပြားရှိပါတယ်၊ အမျိုးသမီးတွေအနေနဲ့ တစ်ခါတစ်လေမှာ အလှကုန်ပစ္စည်း တွေကို မျက်စိနဲ့တပ်အပ်မြင်ပြီး သေချာရွေးဝယ်လာပြီးမှ အသုံးပြုတဲ့အခါမှာ မကြိုက်လို့ အဆင်မပြေ လို့ဆိုပြီး ချောင်ထိုးထားရတဲ့ အလှပြင်ပစ္စည်းတွေရှိတတ်ပါတယ်၊ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အသားအရေတွေမတူ ကွဲပြားကြပါတယ်၊ သူများသုံးတဲ့အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်း တည့်ချင်မှ တည့်နိုင်မှာပါ၊ အလှကုန်ပစ္စည်းများကို ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ ကိုက်ညီတိုင်း မိမိရဲ့ အသားအရေနဲ့အဆင်ပြေချင်မှပြေမယ်ဆိုတာကို သတိရဖို့လိုပါတယ်၊ ဝယ်ယူပြီးတဲ့အခါမှာလည်း မိမိ အသားအရေနဲ့ကိုက်ညီမှုရှိ/ မရှိဆိုတာကို ဦးစွာစစ်ဆေးဖို့တော့လိုအပ်ပါတယ်၊ အချို့သော အလှကုန် ပစ္စည်းများမှာ ဈေးနှုန်းတန်ဖိုးကြီးတွေ ပေးရပြီး စမ်းသပ်အသုံးပြုခွင့် မရတာတွေရှိသလို အချို့သော အလှကုန်ပစ္စည်းတွေမှာ စမ်းသပ်အသုံးပြုနိုင်ရန်အတွက် နမူနာဘူး(ဘူးသေး)များဖြင့် ရောင်းချတာ တွေလဲ ရှိပါတယ်၊ အချို့သောအလှကုန်များ အသုံးပြုခြင်းကြောင့် မျက်နှာပြင်နှင့်ခန္ဓာကိုယ်တွင် အလာ့ ဂျစ်များဖြစ်စေခြင်းမှာ ၎င်းအလှကုန်ပစ္စည်းများတွင် မျက်နှာနှင့် ခန္ဓာကိုယ်တွင် လိမ်းခြယ်ရာ၌ ကြာရှည်စွဲထင်အောင်နဲ့ အနံ့များကောင်းအောင်ပြုထားတဲ့ ဓါတုပစ္စည်းများကြောင့် အဖုအပိန့်တွေကို ဖြစ်စေနိုင်ခြင်းဖြစ်ပါတယ်၊ ယားနာလို အင်ပြင်များဖြစ်ခြင်းမှာ အလှကုန်ပစ္စည်းများမှားယွင်း ရွေးချယ် မိခြင်း မိမိအသားအရေနှင့် မကိုက်ညီခြင်းများကြောင့် ဖြစ်ပါတယ်၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုတဲ့အခါမှာ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သည့် စားသုံးသူများရရှိတဲ့ အခွင့် အရေးများအတိုင်း မိမိဝယ်ယူလိုတဲ့ ကုန်စည်(သို့)ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အခြေခံ လိုအပ်ချက် အပေါ်စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ရွေးချယ် ဝယ်ယူအသုံး ပြုရာတွင် လိုအပ်တဲ့သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင်ခွင့်ဆိုတဲ့ စားသုံးသူများရရှိထားတဲ့ အခွင့်အရေးများကို သေချာသိရှိထားဖို့ လိုအပ်ပါ တယ်၊ စားသုံးသူအခွင့်အရေးများကို သေချာစွာသိရှိထားပါက ယခုလိုမျက်စိနဲ့ သာမြင်တွေ့ခွင့်ရှိပြီး ထိတွေ့စမ်းသပ်ခွင့်မရတဲ့ ခေတ်စားနေတဲ့ အွန်လိုင်းရှော့ပင်းတွေမှာ စားသုံးသူပြည်သူများ နစ်နာမှုမရှိဘဲ မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်၊ စားသုံးသူများအနေဖြင့်  ကုန်စည် (သို့)ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတဲ့အခါမှာ စားသုံးသူများ၏ ရရှိထားတဲ့အခွင့်အရေး အသိတွေနဲ့အတူ မှားယွင်းစွာရွေးချယ်မှု မရှိစေဖို့အတွက် သတိရှိရမှာဖြစ်ပါတယ်၊ စားသုံးသူများအနေဖြင့် မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်စေဖို့အတွက် စားသုံးသူအသိနဲ့သတိယှဉ်ကာ နစ်နာမှုမရှိ ဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူအသုံးပြုနိုင်ရန်အတွက် အကြံပြုရေးသားလိုက်ခြင်းဖြစ်ပါတယ်။

DOCA(ရှမ်း)

ဈေးကွက်အတွင်း ပြည်ပမှတင်သွင်းလာသော တရားမဝင်စားသုံးဆီများ ဝင်ရောက်မှုရှိ မရှိ ကွင်းဆင်စစ်ဆေး

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော စားသုံးဆီများကို ရောင်းချခြင်းနှင့် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့်ရောင်းချခြင်း ရှိ မရှိ စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဗန်းမော်မြို့၊ မိုးညှင်းမြို့များရှိ စည်ပင်သာယာဈေးများ၊စားသုံးဆီလက်လီ/လက်ကား ရောင်းချသောဆိုင်များအား ၉.၈.၂၀၂၂ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တရားမဝင်နယ်စပ်လမ်းကြောင်းများမှ ဝင်ရောက်လာသော အရည်အသွေး စံချိန်စံညွှန်း ပြည့်မီခြင်း မရှိသည့် စားသုံးဆီများအား ရောင်းချခြင်းမပြုရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင် သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းလာသော စားသုံးဆီများကိုသာရောင်းချရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

         မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းအစည်းအဝေးအား(၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ညောင်ဦးမြို့နယ် အတွင်းရှိ စက်သုံးဆီရောင်းချသူများအသင်း ဥက္ကဌနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

          စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းအစည်းအဝေးတွင် စားသုံးသူရေးရာဦး စီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူးမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထား သောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ စက်သုံးဆီအရေအသွေးနှင့်အချိန်အတွယ်ပြည့်မီမှန်ကန်စေ ရေး၊စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး စသည့်ရည်ရွယ်ချက်ဖြင့် အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ် ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်စက်သုံးဆီလုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ စက်သုံးဆီရောင်းချသူများအသင်း ဥက္ကဌ ဦးဆန်းဦးမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ဆက်လက်၍ လုပ်ငန်းရှင်များမှ မိမိ တို့အနေဖြင့် PPRD မှသတ်မှတ်သောဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း၊ ဆီများဝယ်ယူရာတွင် ဆီခွဲတမ်းများနည်း၍ စုပေါင်းသယ်ယူရသောကြောင့် အချိန်နေ့ရက်များ ကြန့်ကြာမှုအနည်းငယ်ရှိ ကြောင်း၊စားသုံးသူများ အဆင်ပြေပြေဝယ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးကာ စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် ရည်ညွှန်းဈေး၊အချိန်အတွယ်၊အရည်အသွေး စသည်တို့မှန်ကန်စေရေးနှင့်ဆီပြတ်လပ်မှုမရှိစေရေးတို့အား ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား (၁၁:၃၀) နာရီအချိန် တွင်ပြီးစီးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

“(မိတ္ထီလာ/ရမည်းသင်း)ခရိုင် ရမည်းသင်းမြို့နယ်အတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’

           ပိုးသတ်ဆေးလိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင် ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင် ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ် တာဝန်ခံသည် (၅-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံမှ ပိုးသတ်ဆေးလိုင်စင်ရယူပြီး အခွန်ပေးဆောင်လျက်ရှိသော “ကျင်းထုံ”ခြင်ဆေးခွေကို Shwe Kalay Co.,Ltd မှ တစ်ဦးတည်း ကိုယ်စားလှယ်၍ စျေးကွက်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိရာ ပိုးသတ်လိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေ “ကျင်းဟုံ”အမည်ဖြင့် လည်းကောင်း၊”ရှင်းထုံ” အမည်ဖြင့် လည်းကောင်း တုပ၍ ရောင်းချမှုမရှိစေရေး လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊အရောင်းဆိုင် များတွင် တရားဝင်တင်သွင်းသော “ကျင်းထုံ” ခြင်ဆေးခွေကိုသာ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a