သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဦးအောင်ချစ် စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

    ထို့သို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား စားအုန်းဆီလက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ကြေညာလျက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချသွားရန်၊ နယ်စပ်လမ်းကြောင်းများမှ ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ တရားမဝင် ဝင်ရောက်မှုများရှိနေသဖြင့် ထိုလမ်းကြောင်းများမှ ဝင်ရောက်သည့်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ၂၀၂၂ခုနှစ်၊ ဇွန်လ နှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရရှိမှုအခြေအနေ

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံချက်၏ ရည်ရွယ်ချက်များဖြစ်သော တရားမဝင်ကုန်သွယ်စီးဆင်းမှုများ လျော့နည်းပပျောက်ရန်၊ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများရရှိရန် ရည်ရွယ်၍ တမူးမြို့ရှိ(၄)မိုင် စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းမြို့ရတနာပုံစစ်ဆေးရေးဂိတ်၊ မုံရွာမြို့ရှိ ကျွဲရဲစစ်ဆေးရေးဂိတ်၊ ရွှေဘိုမြို့ရှိ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်ထိပ်ဂိတ်နှင့် မုံရွာမြို့အထွက်ရှိ မအူကျေးရွာတွင် မအူပူးပေါင်း စစ်ဆေးရေးဂိတ်အား ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား တာဝန်ပေး စေလွှတ်ခဲ့ပါတယ်။

          တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဦးစီးပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၂၇.၅.၂၀၂၂) ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်းကို ကျင်းပခဲ့ပါတယ်။

   ၂၀၂၂ခုနှစ်၊ ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးစစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်များဖမ်းဆီးရရှိမှုအခြေအနေမှာ ဘိန်းဖြူ (၁၇၀၀.၈၈၁)ဂရမ် ခန့်မှန်းတန်ဖိုး(ကျပ်)၁၁၅၉၂၁၉၀၄၀၊ စိတ်ကြွဆေးပြား(၆၂၂၉၀)ပြားခန့်မှန်းတန်ဖိုး(ကျပ်)၂၆၄၇၄၂၅၀၀၊ ဘိန်းစိမ်း(၁၀၂၆၀)ဂရမ် ခန့်မှန်းတန်ဖိုး (ကျပ်) ၁၀၂၆၀၀၀၀၊ ဒီဇယ်ဆီ (၂၀၈၄၁) ဂါလံ ခန့်မှန်းတန်ဖိုး (ကျပ်) ၁၉၃၃၁၁၆၀၀၊ ဓါတ်ဆီ (၈၅၀)ဂါလံ ခန့်မှန်းတန်ဖိုး(ကျပ်) ၁၆၂၅၂၀၀၀၊ မီးသွေး (၁၃၈.၈၀၀)တန် ခန့်မှန်းတန်ဖိုး(ကျပ်)၂၄၉၈၄၀၊ ဆိုင်ကယ်(၆)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၁၅၀၀၀၀၀၊ ‌မော်တော်ကား(၁၉)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၇၁၇၀၀၀၀၀၊ လူသုံးကုန်ပစ္စည်း(၅၉)မျိုး ခန့်မှန်းတန်ဖိုး(ကျပ်) ၁၄၅၃၂၇၀၀၀၊ တရားမဝင်သစ်(၁၀.၃၈၁၆)တန် ခန့်မှန်း တန်ဖိုး(ကျပ်) ၂၁၇၃၈၀၀၊ ဓါတ်မြေဩဇာ (၃၈၀)အိတ် ခန့်မှန်း တန်ဖိုး(ကျပ်) ၁၃၃၀၀၀၀၀၊ ရေနံစိမ်း (၅၄၅၀)ဂါလံ ခန့်မှန်းတန်ဖိုး (ကျပ်) ၄၃၀၅၅၀၀၀၊ ရေနံချက်ဆီ (၂၅၀)ဂါလံ ၂၀၅၀၀၀၀ စုစုပေါင်း(၈၀)မှု၊ ခန့်မှန်းတန်ဖိုး(ကျပ်) ၁၉၂၃၁၄၀၇၈၀ ဖမ်းဆီးရရှိခဲ့ပါတယ်။

   ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်များဖမ်းဆီးရရှိမှုအခြေအနေမှာ ဘိန်းဖြူ (၁၅၄၄.၀၇)ဂရမ် ခန့်မှန်းတန်ဖိုး(ကျပ်)၇၇၆၁၆၅၀၀၊ စိတ်ကြွဆေးပြား(၇၀၂၀)ပြား ခန့်မှန်းတန်ဖိုး(ကျပ်)၁၇၄၈၃၅၀၀၊ ဆေး ခြောက်(၈၁၅.၃၅)ခန့်မှန်းတန်ဖိုး(၂၁၇၄၂၅၀)၊ဒီဇယ်ဆီ(၂၉၀၀၀)ဂါလံခန့်မှန်းတန်ဖိုး(ကျပ်)၂၉၀၀၀၀၀၀၀၊ ဓါတ်ဆီ(၂၈.၃)ဂါလံ ခန့်မှန်းတန်ဖိုး(ကျပ်)၃၅၉၂၀၀၊ ဆိုင်ကယ်(၁၅)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၃၉၄၀၀၀၀၊ ‌မော်တော်ကား(၆)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၂၂၅၀၀၀၀၀၊ လူသုံးကုန်ပစ္စည်း(၂၀)မျိုးခန့်မှန်းတန်ဖိုး(ကျပ်) ၁၉၄၅၈၆၀၀၊ တရားမဝင်သစ်(၁၇၆.၀၀၉၆)တန် ခန့်မှန်း တန်ဖိုး(ကျပ်) ၆၅၂၀၁၆၃၂ စုစုပေါင်း (၆၄)မှု၊ ခန့်မှန်းတန်ဖိုး(ကျပ်)၄၉၈၇၃၃၆၈၂ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါတယ်။

DOCA(စစ်ကိုင်း)

စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင် အိအိခိုင်ဆီဆိုင်သို့ ( ၉.၈.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၃၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၃ ) ဦး သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသည်။

     စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်“အိအိခိုင်”ဆီဆိုင်အနေဖြင့် မိမိတို့ခွဲတမ်းရရှိသည့် ဆီများ ရောက်ရှိပြီးဖြစ်ပါကြောင်းနှင့် ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိဘဲ အခြေခံသတ်မှတ် ဈေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိပါကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း အလွယ် တကူ ဝယ်ယူစားသောက် နိုင်ရန်အတွက် မိမိအနေဖြင့်လည်း လက်လီ/ လက္ကား ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

      စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကား ဈေးနှုန်းများအပေါ် ( ၂ ) ရာခိုင်နှုန်း အမြတ်ထက် မပိုစေသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ခရိုင်ဦးစီးမှူးမှ  အသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

               

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ကယားပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် လ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးဖြန့်ဖြူးရောင်းချနေသော ဆေးဝါးအရောင်းဆိုင်များ၌ Covid-19 ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့်လူသုံးများသော ဆေးဝါးများ ဈေးကွက်အတွင်း ဆေးပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ Covid-19 ရောဂါ ပြန့်ပွားမှုလျော့နည်းလာသဖြင့် Covid-19  ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများမှာ ရောင်းအားလျော့နည်းလာကြောင်း၊ ပစ္စည်းပြတ်လပ်မှုလည်းမရှိသေးပါကြောင်း၊ လူသုံးများသောအဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အားဆေး၊ သွေးကျဆေး၊ ဆီးချိုဆေးစသည့်ဆေးဝါးများကို ဆေးအရောင်းကုမ္ပဏီများမှ မှာယူရာတွင် အနည်းငယ်အခက်အခဲရှိပါကြောင်း၊ ယခုလက်ရှိဆေးဆိုင်များတွင် အဆိုပါဆေးဝါးများပြတ်လပ်မှု မရှိသေးဘဲ ရောင်းချရန်ဆေးလက်ကျန်ရှိသေးပါကြောင်း၊ ဆေးဝါးများကိုလည်း ဝယ်ယူရသည့် ဈေးနှုန်းနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ မှန်ကန်စွာရောင်းချနေကြောင်း တွေ့ရှိရပြီး  ဆေးဝါးဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်များအပေါ် တားမြစ်ထုတ်ပြန်ခြင်း၊ အမိန့် ကြော်ငြာစာအမှတ် (၂၁/ ၂၀၂၀)အား သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

အုတ်တွင်းမြို့ မူလွန် သစ်တောတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်မာမာနှင့်အတူ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် သစ်တောကျေးရွာ အခြေခံပညာမူလ တန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ကျင်းပပြုလုပ်သည့်ဟောပြောပွဲသို့ တက်ရောက်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနကဆောင်ရွက် နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်မာမာက စာအုပ် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။

              ဟောပြောပွဲသို့ သစ်တောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၀၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပင်းကြိုင်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၉.၈.၂၀၂၂ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာသို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့်ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်ကြောင်းစသည့် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူနှင့်အတူ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ Talk Show အစီအစဉ်ဖြင့် ပြုလုပ် သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

              ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် က ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် လိုအပ်ပုံများကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ တွင် ပြဌာန်းထားသည့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပုဒ်မ ၄၃ တွင် ပြဌာန်းထားသည့် မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့် ကုန်အညွှန်အမှတ်များကို လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာ သာဖြင့်ဖော်ပြရာတွင် လုပ်ငန်းရှင်များအခက်အခဲမရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ထုတ်ပြန်ပေးခြင်းများကိုလည်းကောင်း ဆွေးနွေးခဲ့ ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ချဉ်စော်ကားသီးယို ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၉.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ရှမ်းမလေး (ချဉ်စော်ကားသီး ယိုစုံ)လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု ကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့် အတိုင်းတာဝန်ယူဆောင်ရွက်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်များကိုရှင်းလင်းပြောကြားခဲ့ပြီး ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ညောင်တုန်းမြို့နယ် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

            မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည်  (၅.၈.၂၀၂၂) နေ့(၁၀:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          တောင်သူအသိပညာပေး ဟောပြောရာတွင် မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင် ရွက်လျှက်ရှိကြောင်း၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့် ရှိပြီး နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအနေဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်းကောင်း စားသုံးသူကာကွယ် ရေးကိစ္စ ရပ်နှင့် သိရှိလိုခြင်း၊ တိုင်ကြားလိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တောင်သူများမှ သိရှိလိုသည် များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ စည်ပင်သာဈေးအတွင်း၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အုတ်တွင်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြေထားသည်ကို တွေ့ရှိရပါသည်။

              ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးက ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ပေး သည့်ကုန်စည် ၁၀ မျိုးကို အစီအစဉ်အလိုက်ဆောင်ရွက်ရာ၌ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန် ချက်အရ ယခုလတွင် သွားတိုက်ဆေးအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ