သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၀)ပေပါ(သို့) (၃၃၀၀) ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

         

                                                         

“မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ(၁၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင် ဆန်လက်လီ၊လက်ကား ရောင်းချနေသော ဆန်အရောင်းဆိုင်သို့သွား ရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင် ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များ ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင် ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ဦးသောင် ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့၊ မြို့မဈေး အတွင်းရှိ ဦးသောင် ဆန်လက်လီ၊လက်ကား ရောင်းချနေသော ဆန်အရောင်းဆိုင်သို့သွား ရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်မြို့၊ မြို့မဈေးအတွင်းရှိ ဦးသောင်ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များ ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဩဂုတ်လ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ မင်းစုကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည် ။ ကျောက်ဆည် ခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက စားသုံးသူ ကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက် လာသော ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့၊ ရန်နိုင်ရပ်ရှိ အာရှသား ဆီစက်သို့ MSME လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး”

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဩဂုတ်လ(၁၄)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့၊ ရန်နိုင်ရပ်ရှိ  အာရှသားဆီစက်သို့သွားရောက်ပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စက်ရုံမှထွက်ရှိသော ဆီဘူးများအပေါ် ကုန်အညွှန်းအမှတ်အသား များ ဖော်ပြရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကော့မှူးမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်တောင်သူများအားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက် တောင်သူများအား ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးမျိုးမင်းက ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်တောင်သူများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ဓာတ်မြေဩဇာလိုအပ်ချက်စာရင်းနှင့် မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင် စာရင်းကောက်ယူမှုအခြေအနေများ ရန်ကုန်ဆိပ်ကမ်းမှ မြို့နယ်အရောက်သယ်ယူပို့ဆောင်ရေးတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ရောက်ရှိလာသော ဓာတ်မြေဩဇာအိတ်များအား လေလွင့်ပျက်စီးဆုံးရှုံးမှုများမရှိအောင် သိုလှောင်ထိန်းသိမ်းနိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း အသိပေးကြော်ငြာခြင်း၊ အမှန်တကယ်အသုံးပြုမည့် တောင်သူများသို့ ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချရာတွင် အလွဲသုံးစားမှုများမရှိစေရေး၊ မြို့နယ်အရောင်းဆိုင်များ၏ ဓာတ်မြေဩဇာရောင်းချနေမှု စာရင်းအားစစ်ဆေး၍ စာရင်းပြုစုတင်ပြခြင်းများ ဆောင်ရွက်နိုင်ရေးစသည့် မြို့နယ်ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီလုပ်ငန်းတာဝန်များအား အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သိရှိလိုသည့် အချက်များအား ပြန်လည်ဖြေရှင်း ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်းရှိ မှော်တောကျေးရွာအုပ်စု ဓမ္မာရုံတွင် ဩဂုတ်လ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မှော်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ အကျိုးတရားများအကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)အရ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ၎င်းဥပဒေတွင်ပါရှိသော စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူကာကွယ် ပေးခြင်း ဆိုင်ရာအချက်များမှ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်များအကြောင်း ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ၎င်းဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များမှ ကုန်ပစ္စည်းများအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသားဖော်ပြရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ပြီး ကျေးရွာ၏ စားသုံးသူပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေရှင်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“မြစ်သားမြို့နယ်၊ ကူမဲမြို့မစျေးအတွင်းရှိ ငရုတ်သီးမှုန့်၊အရောင်တင်မှုန့်၊နနွင်းမှုန့်နှင့်မျှစ် ရောင်းချသည့်ဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေး”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ ()ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြစ်သားမြို့ ၊ ကူမဲမြို့၊ မြို့မ စျေးအတွင်းရှိ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်အရောင်းဆိုင် နှင့် မျှစ်ရောင်းချသည့်ဆိုင် များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည် ။  ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေး အရာရှိများက ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့်မျှစ်ဆိုင်များ အနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများတွင် စားသုံးရန်မသင့်သည့် ဆိုးဆေးများပါဝင်သော ကုန်ပစ္စည်းများအားရောင်းချခြင်း မပြုရန်နှင့် ၄င်းဆိုးဆေး များပါသည့် အစားအစာများမှ စားသုံးသူပြည်သူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး နောက်ဆုံးကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ပါကြောင်း၊ ငရုတ်သီးမှုန့်ရောင်းချသည့် ဆိုင်များအနေဖြင့် မှိုများပါဝင်သည့် ငရုတ်သီးများအား ကြိတ်ခွဲရောင်းချခြင်းမပြုရန်နှင့် သန့်ရှင်း လတ်ဆက်သော ငရုတ်သီးများအားအသုံးပြုပြီး ရောင်းချရန်လိုအပ်ကြောင်း၊ ယခုအချိန်သည် မိုးတွင်း ကာလ ဖြစ်သောကြောင့် ငရုတ်သီးမှုန့်များတွင် အသည်းကိုထိခိုက်စေနိုင်သော အာဖလာတော့ဆင် မှိုပေါက်ဖွားနှုန်းများပြားသောကြောင့် ငရုတ်သီးမှုန့်များ ရောင်းချရာတွင် အထူးဂရုပြုရောင်းချရန် လိုအပ်ကြောင်း စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် သြဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ သြဂုတ်အတွင်း လုပ်ငန်းရှင် ၅၂ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၉ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၂၈ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃၇၀ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတေးလျနှင့် စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပြုတ်ဆန်၊ ဂျုံစေ့၊ နှမ်းညို၊ နှမ်းဖြူ၊ မြေထောက်ပဲ၊ မတ်ပဲ၊ ပဲလွန်း၊ ပဲလုံးညို၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ပဲထောပတ်မှုန့်၊ နေကြာဖတ်၊ မြေပဲဖတ်နှင့် တိရစ္ဆာန်အစာတို့တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေးစသည့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

     ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၄၇ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၈ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၆၈ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၃၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၅ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၃၇၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

“ ဒလမြို့နယ်၌ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ထားသော သက်ဆိုင်သည့်မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်က ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအတွက် ကျေးရွာအုပ်စုများအား ဓာတ်မြေဩဇာဖြန့်ဖြူးနိုင်ရေးအတွက် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ကော်မတီလုပ်ငန်းတာဝန်များဖြစ်သော မြို့နယ်အတွင်း ဓာတ်မြေဩဇာလိုအပ်ချက်စာရင်းနှင့် ဓာတ်မြေဩဇာဆိုင် စာရင်းကောက်ယူမှု အခြေအနေအားတင်ပြရန်၊ ရန်ကုန်ဆိပ်ကမ်းမှ မြို့နယ်အရောက် သယ်ယူပို့ဆောင်ရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်ကိစ္စရပ်များအား ဆက်လပ်တင်ပြရန် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း တောင်သူများအားအသိပေးကြော်ငြာခြင်း၊ အမှန်တကယ် အသုံးပြုမည့် တောင်သူများ လက်ဝယ်ရောက်ရှိစေရေး ကူညီဆောင်ရွက်ပေးခြင်း၊ တောင်သူများသို့ ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချရာတွင် လေလွင့်ဆုံးရှုံးမှုများ အလွဲသုံးစားမှုများ မရှိစေရေးတို့အား ကြီးကြပ်ဆောင်ရွက်ပေးကြရန် စသည့်မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ