သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၈-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်တာဝန်ခံမှ ကွင်း ဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စားအုန်းဆီ ဈေးနှုန်းနှင့် အာလူးဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်သွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိစစ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် “ဒေါ်ထွေး” ငါးပိ၊ငံပြာရည် လုပ်ငန်းသို့ ကွင်းဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နေ့လယ်  (၁၂:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာရှိ “ဒေါ်ထွေး” ငါးပိ၊ ငံပြာရည် လုပ်ငန်းသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းခဲ့ကြပါသည်။

       လုပ်ငန်းရှင်က ငါးပိ၊ငံပြာရည် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ဖျာပုံမြို့နယ် ၊ ဘုန်းကြီးသောင် ကျေးရွာမှ ရေငန်ထွက်ပစ္စည်း ဖြစ်သော ငါးတံခွန်၊မျှင်ငါးပိ အစရှိသည့် ကုန်ကြမ်း ပစ္စည်းများကို ဝယ်ယူရသည်။ အဆိုပါကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး အိုးထဲတွင် (၃) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငံပြာရည် အကြည်ကို ခပ်ပြီးလျှင် မိုးပြဲဒယ်နှင့် ကျိုရပြီး အနည်နှင့် စွန့်ပစ်ပစ္စည်းများကို ဇကာဖြင့် စစ်၍စွန့်ပစ်သည်။ ထို့နောက်ရရှိလာသော ငံပြာရည်ကြည်များကို အအေးခံကာ ဒေးဒရဲမြို့နယ်နှင့် အခြားမြို့နယ်များသို့ ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်း အနေဖြင့် ငါးပိတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ မျှင်ငါးပိ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငံပြာရည် တစ်ပိဿာ လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ မြိုနယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးနှင့် ဖော်မလင်များ ထည့်သွင်းသုံးစွဲမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်၊ ဈေးကွက်အတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်အတွင်းရှိ စားသုံးဆီ (ဘူးဆီ) အရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin ၊ Lotus  အစရှိသော ဘူးဆီများတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁) အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MyRo မှတ်ပုံတင် ခြင်းနှင့် စပ်လျဉ်း၍ တောင်သူများအား အသိပညာပေးဆွေးနွေးခြင်း

    (၄.၈.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ညောင်တုန်းမြိုနယ်စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်ဦးစီးမှုးဦးအောင်လွင်သည် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ့် ငွေထုတ်လာသည့် တောင်သူ(၁၅၀)ဦးခန့်အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်၍ တောင်သူများ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

     ဟောပြောရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်တွင် တောင်သူများအား ဆွေးနွေး ပြောကြားရာ ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအရ စီးပွားရေးအလို့ငှာ  စပါး/ဆန် သိုလှောင်သူများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ စပါးစိုက်ပျိုးပြီး မရောင်းချခင် စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန်သတင်းလွှင့်နေမှုမှာမှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား တောင်သူများသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  တောင်သူများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်း မှ ရောင်းချနေသော မုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၄-၈-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်က လေးအိမ်စုကျေးရွာ အ.ထ.က ကျောင်းရှိ ကျောင်းမုန့်ဈေးတန်း(၇)ဆိုင်မှ ရောင်းချနေသော မုန့်များအား ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသုံးသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းရေး စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကျောင်းမုန့်ဈေးတန်း(၇)ဆိုင်အားစစ်ဆေးမှုအားဆောင်ရွက်ခဲ့ရာ ဦးစားပေး ကုန်စည်အုပ်စု ၁၀မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ရောနှောရောင်းချခြင်း ရှိ-မရှိကို စစ်ဆေးခြင်း၊ ဒေသတွင်း ထုတ်လုပ်သော မုန့်များရောင်းချပါက သက်တမ်းကုန်ရက်စွဲပါဝင်ခြင်းရှိမရှိနှင့် အသင့်စားမုန့်များတွင် FDA ဌာန၏ ထောက်ခံချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ပြဌာန်းချက်များနှင့် ညီမျှသော မုန့်များကိုသာ ရောင်းချရန် ဆိုင်ရှင်များကို ပြောကြားခဲ့ပြီး ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့များကို အပတ်စဉ် စောင့်ကြည့်စစ်ဆေးနိုင်ရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လေးအိမ်စု အ.ထ.က. ကျောင်းအသိပညာပေး ဟောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် တွင် ၄-၈-၂၀၂၅ရက်နေ့ နံနက် (၀၉:၃၀) အချိန်က မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ(အ-ထ-က)တွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ပါတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပြီး မြို့နယ်ပြည်သူကျန်းမာဦးစီးဌာန၊ FDA၊ ပညာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  အသိပညာပေးဟောပြောပွဲရာတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ရှင်းလင်းဟောပြောရာ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းတို့ကို ဆွေးနွေးပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၉)ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့သော ဥပဒေတစ်ခုဖြစ်ကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သော စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူများရရှိမည့် အခွင့်အရေး၊ တာဝန်နှင့် တောင်းဆိုပိုင်ခွင့်များအပြင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်သင့်သည့်အချက် များကို ပြည့်စုံတိကျရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူကို ကာကွယ်ထားသလို၊ မှန်ကုန်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါကလည်း အပြည်အဝအခွင့်အရေး ဥပဒေဖြင့် ကာကွယ်ထားပေးသော ဥပဒေတစ်ခုဖြစ်ကြောင်း ကိုအကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ဟောပြောပွဲသို့  ကျောင်းသား/သူဆရာ/ဆရာ (၃၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ပြည်ပ ပို့ကုန်တင်ပို့နေသော ဆိပ်ကမ်းများအား ကြည့်ရှုစစ်ဆေး

     စီးပွား‌‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၀၉: ၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်တပင်မြို့နယ်ရှိ၊ မင်းထက်မင်းဆိပ်ကမ်းနှင့် အလုံမြို့နယ်ရှိ Asia World ဆိပ်ကမ်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သက်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီကိုက်ညီမှုရှိစေရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ  စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ ကုန်ပစ္စည်များအား အချိန်ကြန့်ကြာမှုမရှိစေဘဲ  သင်္ဘောတင်နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်ပစ္စည်းအမျိုးအစား အရေအတွက်မှန်ကန်စေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း‌စေရေးတို့အား အလေးပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

DOCA

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၂၄.၇.၂၀၂၅)ရက်နေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်အတွင်းရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်ဇလွန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်အိမ်သုံးဆေးဝါးများပြတ်လပ် မှုမရှိကြောင်း၊ ဆေးဝါးဈေးနှုန်းမှာ လည်းယခင်လဈေးနှုန်းအတိုင်းတည်ငြိမ်လျက်ရှိပြီး ဝယ်ယူသူများအား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။  ထို့အပြင် စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေ‌ရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စပ်ဆေးအသုံးပြုမှု လျော့ပါးစေရေးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသောအရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိ သောတရားမဝင်ဆေးဝါးများရောင်းချခြင်း မပြုရန်အသိပညာပေး ဆေးမျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၄.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ “မြင့်မိုရ်ဦး”စားသောက်ဆိုင်နှင့် “လာဘ်မြဲသော်”စားဖွယ်စုံလုပ်ငန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ သီလဝါ အထူးစီးပွားရေးဇုန်သို့ သွားရောက်

    မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာကံဇော်၊ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ အချိန်တွင် သီလဝါအထူးစီးပွား‌ရေးဇုန်သို့ရောက်ရှိ၍ အထူးစီးပွားရေဇုန် တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံသူများအား တွေ့ဆုံခဲ့ပါသည်။

     မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ သည် သီလဝါအထူးစီးပွားဇုန်သို့ ရောက်ရှိစဉ် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု‌ကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လက်ရှိသီလဝါအထူးစီးပွားရေဇုန်ဆိုင်ရာ လုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံ‌ဇော်က မိမိတို့ အဖွဲ့လာရောက်ခြင်းသည် အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်း‌ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအားပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်သောစီးပွားရေးဇုန်တစ်ခုဖြစ်ကာ တိုးတက်မှုရှိပြီးဖြစ်သည့် အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများထပ်မံဝင်ရောက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့် နီးကပ်စွားပူးပေါင်းဆောင်ရွက်လိုကြောင်း၊ စက်ရုံအချို့တွင် ဆိုလာစွမ်းအင် ထုတ်ယူအသုံးပြုလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်၍ ကျန်စက်ရုံများကိုလည်း ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလိုကြောင်း၊ အထူးစီးပွားရေးဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ‌ရေတိုရေရှည်အစီအမံများဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေနေများအပေါ်မူတည်၍ သုံးသပ် ရေးဆွဲရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

    ထိုနောက် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးချစ်ဆွေက သီလဝါအထူးစီးပွားရေးဇုန် ၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုသည် သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပကုန်စည်ပြပွဲ များ၌ ပါဝင်ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်း ကုန်များသည် စက်ရုံများ၌ အမှန်တယ်အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်ရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များတွင် လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သော ပစ္စည်းများဖြင့် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆက်သွယ်ပေးရန် လိုအပ်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

   ယင်းနောက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

    ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် Myanmar International Terminals Thilawa(MITT) ဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ MITT အစည်းအဝေးခမ်းမ၌ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အကောက်ခွန်လုပ်ငန်းများနှင့် ကုန်ပစ္စည်း စစ်ဆေးဆောင်ရွက်နေမှု များအားလည်းကောင်း၊  MITT ဆိပ်ကမ်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ DENKO စက်သုံးဆီ ဆိပ်ကမ်းတာဝန်ခံက စက်သုံးဆီ ဆိပ်ကမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ စားသုံးသူရေးရာ ဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူအဖွဲ့တို့သည် သီလဝါအထူး စီးပွားရေးဇုန်ရှိ Myanmar International Terminals Thilawa(MITT) ဆိပ်ကမ်း၊ DENKO စက်သုံးဆီ ဆိပ်ကမ်း၊ Wilmar Myanmar Port Terminals (Thilawa) ဆိပ်ကမ်း၌ စားသုံးဆီ သိုလှောင်ကန်များသို့ လည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ကုန်တင်ကုန်ချဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

DOCA

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ