သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့သွား‌ရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများ၌ မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများကထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၁-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

  ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃၀ရက်နေ့၊ ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန်ပြဋ္ဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများနှင့် စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးနေမှုများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ထို့နောက် ကျောင်းအုပ်ကြီးက သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း ၁၄၀ဦးတက်ရောက်ကြောင်းသိရှိှိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရေတာရှည်မြို့တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ ဇူလိုင်လ ၂၆ရက်နေ့၊ နံနက်ပိုင်း၌ ရေတာရှည်ဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့သည် ရေတာရှည်ဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ တားမြစ်ဓါတုဆေးဝါးများပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသောဆေးဝါးများတွင် ရက်လွန်/မလွန်နှင့် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုဝေလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးကျွမ်းကျင်(၃) ဦးအောင်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးကြီးကြပ် ဦးမင်းသိုက်တို့ဦးဆောင်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်းသိရှိသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၉-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၄၅)နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၂၉-၇-၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဇူလိုင်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း လုပ်ငန်းရှင်ပေါင်း (၄၄)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၁၃၈) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၃၄၇) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်နှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ စားအုန်းဆီ၊ ဖွဲနု၊ နှမ်းညို၊ ဂျင်းခြောက်၊ နှမ်းရွက်မှုန့်၊ ပဲစာဥစသည်တို့၏ ရူပနှင့် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၇၉) ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၈) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၄၃)ခု၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၁၄)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၃)ခု  စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၃၄၇) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

   ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ​ရွှေမြင့်မိုရ်ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia ကုမ္ပဏီမှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၃၃ ပေပါ တို့ကို ယာဥ်မောင်း ဦးအောင်ဇော်မြင့် ယာဉ်အမှတ် 9C-9660၊ FUSO မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှုး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါစားအုန်းဆီ ၃၃ ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ နောက်လယ်ရပ် K.M.K ကုမ္ပဏီ အအေးခန်းစက်ရုံ၌ ဟောပြောဆွေးနွေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ၊ United K.M.K ကုမ္ပဏီ အအေးခန်းစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အတူ စားသုံးများ၏အခွင့်အရေးနှင့် တာဝန်များသိရှိစေရန် ၊ ဘေးအန္တရာယ်ကင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

     စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၂၉ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကလောမြို့၊ ကလောမြို့ မဈေး၌ ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးမြင့်နိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေ ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူများ၏အခွင့်အရေးများနှင့် တာဝန်များစီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ