သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၁၀:၀၀)  နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

       ထိုသို့လာရောက်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ရုံးအတွင်းအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့်တစ်ဦးချင်းမိတ်ဆက်ပြီး ဝန်ထမ်းများ၏ အခြေအနေ၊ ဝန်ထမ်းများတွေ့ကြုံရသောအခက်အခဲပြဿနာများနှင့် လိုအပ်ချက်များကိုတစ်ဦးချင်းမေး မြန်းပြီး၊ တိုင်းဒေသကြီးဦးစီးစီးမှူးမှဌာန၏ လိုအပ်ချက်များကိုတင်ပြခဲ့ရာဝန်ကြီးမှ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြာင်း ပြောကြားခဲ့ပါသည်။ ထို့နောက်ဝန်ကြီးမှ ဝန်ထမ်းကောင်းဖြစ်လာစေရန်“ စီးပွားရေးကိုတာဝန်ယူရသည့်ဌာနဖြစ်၍ တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုကဏ္ဍတိုးတက်အောင် ဝိုင်းဝန်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများစည်းလုံး ညီညွှတ်စွာဖြင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် တစ်ဦးချင်း အရည်အသွေးတိုးတက်အောင် လေ့လာသင်ယူကြရန်” လမ်းညွှန်မှာကြားခဲ့ပြီး  နံနက်(၁၁:၀၀)ခန့် တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မကွေးမြို့၊ မြို့တော်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

         ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

        အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် MSME လုပ်ငန်းများသည် (၉၀)ရာခိုင်နှုန်းကျော် ပါဝင်လျက်ရှိသည်ကို လေ့လာချက် များအရ တွေ့ရှိရပြီး မိမိတို့တိုင်းဒေသကြီးအတွင်း အငယ်စား(၁၉၇၇)ခု၊ အလတ်စား(၇၀၈)ခု၊ အကြီးစား(၂၀၉)ရှိပြီး စုစုပေါင်း(၂၈၉၄)ရှိသည်ကို တွေ့ရှိရပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို အဓိက ထားသည့် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြား လုပ်ငန်းများဟူ၍ရှိပြီး မိမိတို့ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ထုတ်ကုန် ပစ္စည်း ထုတ်လုပ်ခြင်းအား အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလားအလာရှိသည့် ဆန်စက်၊ ဆီစက်၊ ချည်ထည်လုပ်ငန်းများနှင့် ပြည်ပပို့ကုန်လုပ်ငန်းများ ဖြစ်သည့် နှမ်းလှော်၊ နှမ်းဆီမွှေး၊ ဇီးနှင့် မန်းကျည်း ဖျော်ရည်လုပ်ငန်းများအပြင် မြေပဲဆားလှော်၊ အာလူးကြော် စသည့် စာသောက်ကုန်လုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခု ကျင်းပပြုလုပ်မည့် MSME လုပ်ငန်းရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion)မှာ ပါဝင်ဆွေးနွေးကြမည့် လုပ်ငန်းရှင်များ၏ ဘဝအတွေ့အကြုံ၊ ဖြတ်သန်းလာသည့် အခက်အခဲများ အား ကြားသိရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

      ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် MSME လုပ်ငန်းရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion)တွင် ပါဝင်ဆွေးနွေးကြမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းရှင်များ စကားဝိုင်းဆွေးနွေးပွဲ(Panel Discussion) ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ တင်ပြလာမှုအပေါ်  စိစစ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရန်၊ ကုန်စည် နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ် မှုရရှိစေရန်နှင့်  ဈေးကွက်အတွင်းရှိ ကုန်စည်များ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိစေရန်  ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြလာရေး စိစစ်ဆောင်ရွက်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ်ကုန်စုံဆိုင်၊ စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခု၊ ကုန်စည် အမျိုးအစား(၄၄)မျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စည်ပင်သာယာဈေးတွင် (၂၉)ကြိမ်၊ ရပ်ကွက်/ ကျေးရွာတွင် (၁၁)ကြိမ်၊ စုစုပေါင်း(၄၀)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၈)ဦးမှ တင်ပြလာသော စုစုပေါင်းကုန်အမှတ်တံဆိပ် (၉)ခု၊ ကုန်စည် (၁၇)မျိုးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေးဟောပြောခြင်း

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေးပွဲသို့ တက်ရောက်လာသော အခြေခံမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ကြောင်း၊ စားသုံးသူတိုင်းသည် စားသုံးသူ အခွင့်အရေး များနှင့် တာဝန်များရှိကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ် နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းထားကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားထဲတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များအကြောင်း၊ မိမိတို့ အသုံးပြုရမည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကိုသာ ဝယ်ယူအသုံးပြုရမည်ဖြစ်ကြောင်း၊ စားသုံးသူ နစ်နာဆုံးရုံးမှုများအတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများနှင့် Internet နှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No.1535 သို့ခေါ်ယူတိုင်ကြားနိုင်မှုအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ (၂၅)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီးမှူးကျင်းပ

         အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို အောက်တိုဘာလ ၃၁ရက် နံနက် ၈နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြပွဲသို့လာရောက် ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပါသည်။

        ပြပွဲတွင် ဆိုင်ခန်းပေါင်း(၈၀)ကျော်ဖြင့် ပြသသွားမည်ဖြစ်ပြီး စီးပွာရေးလုပ်ငန်းရှင်များမှ မိမိ တို့ ဒေသထွက်ကုန်များဖြစ်သည့် စလေဒေသထွက် “JUMJEL” ဇီးနှင့် မန်ကျည်းဖျော်ရည်၊ ပုန်းရည် ကြီး၊ ပဲကြော်တို့အားလည်းကောင်း၊ အောင်လံဒေသထွက် ဇင်ယော် အမှတ်တံဆိပ်၊ ပဲယို၊ နှမ်းယို၊ နှမ်းနက်ယိုတို့အားလည်းကောင်း၊ မကွေးဒေသထွက် ကောင်းမွန် အမှတ်တံဆိပ် Bakery ပဲယို၊ နှမ်းယိုနှင့် Mo Mo ဒိန်ချဉ်တို့အားလည်းကောင်း၊ မင်းဘူး(စကု)မြို့ ဒေသထွက် အေဝမ်း အမှတ် တံဆိပ် စွမ်းအားမြှင့်မီးဖိုများအားလည်းကောင်း၊ မကွေးဒေသထွက် ကြယ်ဖြူအမှတ်တံဆိပ် ခေါင်းလျှော်ရည်နှင့် ဆပ်ပြာတို့အားလည်းကောင်း၊ Mom အမှတ်တံဆိပ် ဒန့်သလွန်ခေါက်ဆွဲ၊ ဒန့်သလွန်ရွက်ခြောက် အမှုန့်တို့အားလည်းကောင်း၊ ချယ်ရီစံ ရှမ်းရိုးရာ စားသောက်ကုန်လုပ်ငန်းမှ နေကြာစေ့လှော်နှင့် ဆီတို့ဟူးတို့အားလည်းကောင်း၊ ရွှေစင်အမှတ်တံဆိပ် အာလူးကြော်နှင့် မုန့်မျိုးစုံ တို့အားလည်းကောင်း၊ ဝင်း အမှတ်တံဆိပ် သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲတို့အား လည်းကောင်း၊ မင်းလှဒေသထွက် မခါနှင့်ညီအစ်မများ သဘာဝဆိုးဆေး၊ လက်ယက်ကန်းလုပ်ငန်းမှ ချည်ထည်နှင့် သဘာဝဆိုးဆေး ပုဝါမျိုးစုံတို့အားလည်းကောင်း၊ Good Right စပျစ်ဝိုင်လုပ်ငန်းမှ စပျစ်ဝိုင်နှင့် ငပိကြော်တို့အားလည်းကောင်း၊ ဇီဝခွန်အား သဘာဝမြေဩဇာလုပ်ငန်းမှ သဘာဝမြေ ဩဇာ၊ သဘာဝပိုးပြေးဆေးတို့အားလည်းကောင်း၊ လောင်စာတောင့်လုပ်ငန်းမှ လောင်စာတောင့် များအားလည်းကောင်း၊ အမေထွားပဲဆီသန့်လုပ်ငန်းမှ ပဲဆီနှင့် နှမ်းဆီတို့အားလည်းကောင်း၊ ငွေ ဇင်ယော်မြေပဲဆီလုပ်ငန်းမှ ပဲဆီသန့်များအားလည်းကောင်း၊ နတ်ရေကန်တောင်ပေါ်ဒေသထွက် စိုက်ပျိုးရေး တန်ဖိုးမြှင့်ထုတ်ကုန်ပြခန်းမှ ကော်ဖီ၊ ဝိုင်၊ လ္ဘက်ခြောက်၊ တိုင်းရင်းသားဝတ်စုံများအား လည်းကောင်း၊ သစ်ရာကောက်ဒေသထွက် မိုးခ ဆိတ်သားခြောက်မီးကင်လုပ်ငန်းမှ ဆိတ်သား ခြောက်မီးကင်များအားလည်းကောင်း၊ နေခြည် အာလူးကြော်လုပ်ငန်းမှ အာလူးကြော်များအား လည်းကောင်း၊ Daily ဒိန်ချဉ်လုပ်ငန်းမှ ဒိန်ချဉ်နှင့်နွားနို့များအားလည်းကောင်း၊ မင်းဘူးမြို့နယ် ပေါက်ကုန်းကျေးရွာထွက် တောင်း၊ ဇကာမျိုးစုံတို့အားလည်းကောင်း၊ မဟူရာစွမ်းအား နှမ်းလှော်မှုန့် လုပ်ငန်းမှ နှမ်းလှော်မှုန့်များအားလည်းကောင်း၊ Beik Thano Thu ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်းမှ တိုင်းရင်းဆေးမျိုးစုံနှင့် ဘက်စုံသုံးဆပ်ပြာဆီများအားလည်းကောင်း၊ ခန့်ခန့် ဆီချက်ခေါက်ဆွဲ လုပ်ငန်းမှ ဆီချက်ခေါက်ဆွဲ၊ မာလာရှမ်းကော၊ မာလာရှူးရှဲတို့အားလည်းကောင်း၊ ရေနံချောင်းမြို့ ဒေသထွက် စမတ် အမှတ်တံဆိပ် ငရုပ်သီးမှုန့်လုပ်ငန်းမှ ငရုပ်သီးမှုန့်မျိုးစုံအားလည်းကောင်း၊ ခိုင်ဇော်ဦး ကြိမ်လက်မှုထည်လုပ်ငန်းမှ ခြင်းလုံး၊ ကလပ်၊ လက်ဆွဲခြင်း၊ တစ်ရှုးဘောက်နှင့် ဦးထုပ်တို့ အားလည်းကောင်း၊ မကွေးမြို့ဒေသထွက် လဝန်းအိမ် ပါပလာလုပ်ငန်းမှ ပါပလာများအား လည်းကောင်း၊ ပခုက္ကူဒေသထွက် Pro – 1 Natural Shampoo လုပ်ငန်းမှ Shampoo နှင့် ဆပ်ပြာ များအားလည်းကောင်း၊ ယောဧကရီ ပိုးထည်၊ ချည်ထည်လုပ်ငန်းမှ ပိုးထည်၊ ချည်ထည်များအားလည်းကောင်း၊ တောင်တွင်းကြီးမြို့ဒေသထွက် ဝါစေ့ဆီနှင့် ဝါထွက်ပစ္စည်းမျိုးစုံအားလည်းကောင်း၊ 9 Colour သွပ်ပြားထုတ်ကုန်လုပ်ငန်းမှ သွပ်ပြားမျိုးစုံတို့အားလည်းကောင်း၊ မောင်မော် ကွမ်းညှပ် နှင့် ကတ်ကြေးလုပ်ငန်းမှ ကတ်ကြေး၊ ကွမ်းညှပ်၊ ဓါး၊ မီးညှပ်၊ တာလဘာ၊ ဆီမီးခွက်နှင့် မုန့် လင်မယားဗန်းတို့အားလည်းကောင်း၊ ပွင့်ဖြူမြို့ ရတနာစိန် ဆန်စက်လုပ်ငန်းမှ ဧရာပဒေသာ ဆန် များအားလည်းကောင်း၊ စိန်ပန်းခိုင် ပျိုးဥယျာဉ်လုပ်ငန်းမှ ပျိုးပင်မျိုးစုံအား လည်းကောင်း၊ ကောင်းသန့် မြေပဲဆီစက်လုပ်ငန်းမှ ပဲဆီသန့်များအား လည်းကောင်း၊ ကောင်းသန့် ဆန်စက် လုပ်ငန်းမှ ကုန်းဇောင်း ဧရာပဒေသာ ဆန်များအားလည်းကောင်း၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ နှမ်း၊ မြေပဲ၊ ပဲတီစိမ်းနှင့် ယာသီးနှံများအားလည်းကောင်း၊ သရက်မြို့ဒေသထွက် ရွှေဟင်္သာ နို့ထွက် ပစ္စည်းလုပ်ငန်းမှ မလိုင်လုံး(အခြောက်)၊ (အခဲ)၊ အိုးမလိုင်တို့အားလည်းကောင်း၊ မင်းခန့် ရှင်မတောင် သနပ်ခါးလုပ်ငန်းမှ  သနပ်ခါးမျိုးစုံနှင့် နိဗ္ဗာန်ကုန်တို့အားလည်းကောင်း၊ Ruby Super Bocashi တောင်သူအကျိုးပြု အကောင်းဆုံး သဘာဝမြေဩဇာလုပ်ငန်းမှ မြေဩဇာအမျိုးမျိုးအား လည်းကောင်း၊ ပွင့်ဖြူမြို့မှ ကောင်း & မြတ် ဆန်စက်လုပ်ငန်းမှ ကုန်းဇောင်းဧရာပဒေသာ ဆန်များ အားလည်းကောင်း၊ ဖူးပွင့်ကုမ္ပဏီမှ ပေါ်ဆန်းမွှေးနှင့် ဆန်အနက်တို့အား လည်းကောင်း၊ ပခုက္ကူ ဒေသထွက် ချည်ထည်များ၊ သနပ်ခါး၊ ပုန်းရည်ကြီး၊ ဇီးယို၊ ဇီးဖျော်ရည်တို့အားလည်းကောင်း၊ နတ်မောက်မြို့ဒေသထွက် ဆောင်းအင်ကြင်း အမှတ်တံဆိပ် သဘာဝစပျစ်သီးခြောက်များအား လည်းကောင်း၊ လှယဉ်ကျေးမယ် ယိုစုံလုပ်ငန်းမှ သရက်ယို၊ ဇီးယို၊ သံပုရာယို၊ ရှောက်ချိုမျှင်တို့အား လည်းကောင်း၊ ချိုက်၊ ကွမ်းညှပ်၊ ကတ်ကြေး၊ ဓါးလုပ်ငန်းမှ ကွမ်းညှပ်၊ ကတ်ကြေး၊ ဓါး၊ မီးညှပ်၊ တာလဘာ၊ ဆီမီးခွက်နှင့် မုန့်လင်မယားဗန်းများအားလည်းကောင်း၊ စိုးမိုးအောင် သံသေတ္တာ လုပ်ငန်းမှ သံသေတ္တာနှင့် သံဖြူမျိုးစုံတို့အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ရေသန့်စက်ရုံများ အသင်းမှ ရေသန့်မျိုးစုံတို့အားလည်းကောင်း၊ သိန်းသီတာ ခေါက်ဆွဲလုပ်ငန်းမှ ဂျုံခေါက်ဆွဲခြောက်၊ ဆန်ခေါက်ဆွဲခြောက်တို့အားလည်းကောင်း၊ ပခုက္ကူဒေသထွက် ဂဠုန်မင်းညီနောင် အထည်လုပ်ငန်း မှ ချည်ထည်၊ စောင်၊ ပုဝါတို့အားလည်းကောင်း၊ ဂျစ်ကားဖိနပ်နှင့် အခြားဖိနပ်မျိုးစုံတို့အားလည်း ကောင်း၊ သက်ဦးစံ ရှင်မတောင် သနပ်ခါးလုပ်ငန်းမှ သနပ်ခါးအမှုန့်၊ အခဲ၊ အတုံးတို့အားလည်း ကောင်း၊ ရွှေလက်ရာ အုန်းသီးခြောက် လက်မှုအနုပညာလုပ်ငန်းမှ အုန်းသီးခြောက် လက်မှုထည် များအားလည်းကောင်း၊ ပခုက္ကူဒေသထွက် ဒန့်ဒလွန်နှင့် လျှော်ဖြူထုတ်ကုန်များအားလည်းကောင်း၊ မကွေးဒိန်ချဉ်လုပ်ငန်းမှ ဒိန်ချဉ်တို့အားလည်းကောင်း၊ ရွှေတိမ်လွှာ၊ ရွှေယာမြေ ပဲဆီသန့်လုပ်ငန်းမှ ပဲဆီသန့်များအားလည်းကောင်း၊ ပန်ထွာလောင်စာတောင့်လုပ်ငန်းမှ လောင်စာတောင့်များအား လည်းကောင်း၊ Tiptop ရွက်ဖျန်းမြေဩဇာလုပ်ငန်းမှ ရွက်ဖျန်းမြေဩဇာများအားလည်းကောင်း၊ ပျား နှင့် ပျားထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းမှ ပျားရည်များအားလည်းကောင်း၊ မေတ္တာရှင် တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းမှ တိုင်းရင်းဆေးမျိုးစုံအားလည်းကောင်း၊ မြထည်ဝါ ကြာချည်လုပ်ငန်းမှ ကြာချည်၊ ကြာစေ့၊ ကြာဝတ်ဆံများအားလည်းကောင်း၊ Good Brother မှ လယ်ယာသုံးစက်ကိရိယာများအားလည်းကောင်း ရောင်းချလျှက်ရှိပါသည်။

         အဆိုပါဈေးရောင်းပွဲတော်ကို နေ့စဉ် နံနက်(၇)နာရီမှ ည‌(၈)နာရီထိ ဖွင့်လှစ်ပြသ ရောင်းချ သွားမှာဖြစ်ပြီး ညစဉ် ညနေ(၆)နာရီမှ ည(၈)နာရီအထိ မိဘပြည်သူများ ရယ်မောခြင်းဖြင့် ဘဝ အမောများပြေစေရန် အငြိမ့်ပွဲဖြင့်လည်း‌ကောင်း၊ လူငယ်များအတွက် ခေတ်ပေါ်တီးဝိုင်းနှင့် DJ တို့ဖြင့်လည်း‌ကောင်း ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်‌ကြောင်းနှင့် ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်‌ ဈေး ရောင်းပွဲတော်ကို (၃၁-၁၀-၂၀၂၂)ရက်နေ့မှ (၂-၁၁-၂၀၂၂)ရက်နေ့ထိ မကွေးခရိုင် အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီးမည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

        ယခုကဲ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ပြုလုပ်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ထုတ်ကုန်များအတွက် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်မည် ဖြစ်သည့် အပြင် မိဘပြည်သူများအနေဖြင့်လည်း တစ်နေရာထဲ တစ်စုတဝေးဖြင့် ဒေသထွက်ကုန်များကို မိမိ တို့လိုချင်သည့် ကုန်စည်များကို တစ်နေရာထဲရွေးချယ်ဝယ်ယူနိုင်ခြင်း၊ မည်သည့်ဒေသကိုမျှ သွား ရောက်စရာမလိုဘဲ ရွေးချယ်ဝယ်ယူနိုင်ခြင်း၊ ဈေးနှုန်းသက်သာစွာ ဝယ်ယူအားပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်ရော မိဘပြည်သူများအတွက်ပါ  အကျိုးများစေမည့် ဈေးရောင်းပွဲတော် အခမ်းအနားတစ်ခုဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့သော ဈေးရောင်းပွဲတော်များကိုလည်း စဉ်ဆက်မပြတ် နှစ်စဉ်ကျင်းပပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

 

တောင်ကုတ်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူးသည် တောင်ကုတ်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၇)ဦးအား ကုန်စည်များထုတ်လုပ်ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍   (၁-၁၁-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီခန့် အချိန်တွင် ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့်မှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ လုပ်ငန်းရှင်များ ထုတ်လုပ်သည့်ကုန်စည်နှင့်ပတ်သက်၍ အာမခံပေးရမည့် အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အား ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ပြဌာန်းချက်အရ ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ၊ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ပါ ညွှန်ကြားချက်အရ ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ အကယ်၍လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား ဆွေးနွေးခဲ့ပါသည်။

DOCA(ရခိုင်)

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၂)ကျင်းပခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်း များဆောင် ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ(၂၈)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၃၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ လည်း ကောင်း၊ နေ့လယ် (၁၄:၀၀) မှ (၁၆:၀၀) အထိ သင်ခန်းစာပို့ချပြီး (၃)ရက်တာသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦး ရေစုစုပေါင်း (၁၂)ဦး တက် ရောက်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေး ရေးလုပ် ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် လည်းကောင်း၊ ဝန်ထမ်း များကျွမ်းကျင်မှုရှိ စေပြီး ဌာန၏ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

     သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ) မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စာကြည့်တိုက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ) မှ ရုံးလုပ် ငန်းလက်စွဲပါအခန်းများ၊ ဒေါ်သစ္စာဖူး (ဦးစီးမှူး) မှ ငွေစာရင်းဌာနခွဲ ဘာသာရပ်၊ ပြည်တွင်းကုန် သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်၊ မှုဝါဒလေ့လာ ရေးနှင့် စီမံကိန်းစာရင်းအင်းဘာ သာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက်ပို့ချသော သင်ခန်းစာများမှ အားသာချက်အားနည်းချက်၊ သိရှိလို သည်များကို အပြန် အလှန်ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အသိပညာဗဟုသုတများရရှိ၍ ဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန် တွင် အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ကယား)

 

 

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅ /၂၀၂၂)ကျင်းပ

      ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၃  )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅ /၂၀၂၂) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယ ဥက္ကဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက အစည်း အဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင်အသီးသီးက ဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာကော်မတီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၄/၂၀၂၂လုပ်ငန်း  ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၄/၂၀၂၂လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၁.၁၀.၂၀၂၂ ရက်နေ့နေ့လည်၁၄:၀၀နာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ သယံဇာတ ဝန်ကြီးဦးအုန်းမြင့်၊အတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင် နှင့် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်(၅)ဦး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအပါအဝင် အရာထမ်း/အမှုထမ်း(၉)ဦး၊ စုစုပေါင်း၁၄ဦး တက် ရောက်ခဲ့ကြောင်း သိရပါ သည်။

     စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဦးတင်အေးက အဖွင့်အမှာစကား ပြောကြား၍ အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များစားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်း ပွားမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးနိုင်ရန် စားသုံးသူ ရေးရာ ကော်မတီများကိုဖွဲ့ စည်းဆောင်ရွက်လျက်ရှိပြီး ၃/၂၀၂၂ ကော်မတီ ဆုံးဖြတ်ချက်မှ ဆောင်ရွက် ပြီးစီးမှုများအား မှတ်တမ်းတင်အတည်ပြုပေးရန် ဆွေးနွေးတင်ပြခဲ့ ပြီး၊ခရိုင်/မြို့နယ်များမှ တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှု စားသုံးသူ အသိပညာပေးဟောပြောပွဲများ ပြုလုပ်မှုနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းနှင့် စားသုံးသူရေးရာဦးစီး ဌာနမှလက်ရှိ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများ စားသုံးသူရေးရာ ကော်မတီမှ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ အား ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှလည်း အကြံပြုဆွေးနွေး တင်ပြခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

 

 

ပုသိမ်မြို့ စက်မှုမြို့တော်ဆိပ်ကမ်းမှ ပြည်ပဆန်စတင်တင်ပို့ 

     မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူ စာချုပ်ချုပ် ဆိုထားပြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဆန်တင်ချိန်သုံးသောင်းမှ ငါးသောင်း တင် ပို့ရန်လျာထားဆောင်ရွက်လျက်ရာ အောက်တိုဘာလ ၂၈ရက် နေ့မှစတင်၍ ပထမအကြိမ် ဧည့်မထ ၅မှတ် ဆန်တန်၂၆၅၀ကို စတင်၍ သင်္ဘောတင်လျက်ရှိကြောင်း အဆိုပါ ဆိပ်ကမ်းမှ သိရပါသည်။

    မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့မှ ပြည်ပဆန်တင်ပို့နိုင်မှုအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေတဲ့အပြင် နိုင်ငံတော်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖြစ်ကြောင်း “ပုသိမ်မြို့မှ ပြည်ပဆန်တင်ပို့နိုင်မှုမှာ ပထမခြေလှမ်း ဖြစ်ပြီး ဒုတိယအနေဖြင့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများသာမက ပဲ၊ ပြောင်း၊ နှမ်း တို့ ကို လည်းတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းပြည်ပဆန်တင်ပို့နိုင်သည့်အတွက် တိုင်းဒေသကြီး၏ GDP တန်ဖိုးလည်း တက်လာမှာ ဖြစ်သလို နိုင်ငံတော်မှမျှော်မှန်းထားတဲ့ ကုန်သွယ်မှုလုပ်ငန်း တွေ မြန်ဆန်သွက်လက်ဖို့အတွက် ခြေလှမ်းသစ်တစ်ခု စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း” မြန်မာဆန်ကို အိမ်နီး ချင်းနိုင်ငံသို့ တင်ပို့နိုင်ခြင်းဖြင့်Exporter ဆန်စက်ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်တင် ကားပိုင်ရှင်၊ လုပ်သားများ၊ တောင်သူများ၊  ဆန်၊ စပါး နှင့် စပ်ဆက်သောလုပ်ငန်းများအတွက်လည်း အလုပ် အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး လာမည့် နှစ်တွေမှာလည်း စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနှင့် အတူ နိုင်ငံတော်၊ကုမ္ပဏီ/လုပ်ငန်းရှင်၊ ဆန်းစပါး အသင်း အဖွဲ့၊ စိုက်ပျိုးတောင်သူများ လက်တွဲပူးပေါင်း၍ ပြည်ပသို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကြိုးပမ်း ဆောင် ရွက် သွားမည် ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က MRTV သတင်း ဌာနခွဲသို့ ပြောကြား ခဲ့ပါသည်။

     ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်း (Ayeyarwaddy International Industrial Port AIIP မှMv MCL 7 ကုန်တင်သင်္ဘောဖြင့် တန်ချိန် ၂၆၅၀ ကို နိုဝင်ဘာလ ၁ရက်နေ့တွင် တင်ဆောင်ပြီးစီး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ဆက်လက်တင်ဆောင်မည် ကုန်တင်သင်္ဘောများလည်း တစ်စီးဝင်တစ်စီးထွက် စနစ်ဖြင့် ဆက်လက်ဝင်ရောက်နေမည် ဖြစ်ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ