သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

      ၁၇.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့မဈေး၌ ဆန်/စပါးကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ ရောင်းချရာတွင် ပြည်သူများ စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

   အဆိုပါနေ့တွင် ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချပေးခဲ့ရာ ပြည်သူလူထု (၇၂၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဆန်ကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့ထံမှ သိရှိရပါသည်။

DOCA(မွန်)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ၁၅လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် (၁၅)လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသော ဧရာရွှေဝါကုမ္ပဏီလီမိတက်တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မော်ကျွန်းမြို့နယ်တာဝန်ခံက (၁၅)လမ်း ကမ်းနားရှိ  စက်သုံးဆီများ လက်လီ/လက္ကားရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာရွှေဝါကုမ္ပဏီလီမိတက်မှ ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့၊ အုန်းပင်ကျေးရွာတွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်”

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေးဒရဲမြို့၊ အုန်းပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူ၊ သင်တန်းသားများ (၄၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့၊ အရှေ့သံဒင်းကျေးရွာရှိ အ.မ.က ကျောင်းတွင် ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း”

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အရှေ့သံဒင်းကျေးရွာရှိ အ.မ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲ၌ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေ၏  အဓိပ္ပါယ်ဖော်ပြချက်များတွင် စားသုံးသူဆိုသည်မှာ ကုန်စည် (သို့) ဝန်ဆောင်မှု ကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ဖတ်ရူဝယ်ယူစားသုံးရမည်ဟု အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/မ (၅) ဦး၊ ကျောင်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍Talk Show ပြုလုပ်ဆောင်ရွက်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Communit Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဆွေးနွေးပွဲ၌ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူပြည်သူများ ယခုရေပန်းစားခေတ်စားလာသော online ရောင်းဝယ်မှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ online ဝယ်ယူအသုံးပြုသူများ သိသင့်သိထိုက်သောအချက်အလက်များနှင့် မြေပြင်တွင် စားသုံးသူရေးရာဦးစီးဌာန၏ online နှင့်ပတ်သတ်၍ ဆောင်ရွက်သည်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဆန်သိုလှောင်ထားသော ဂိုဒေါင်ကြီးများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ရောင်းချနေသောဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခင်းရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့နယ်၊ သီရိမြိုင် (မူလွန်)ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    ၁၃.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ သီရိမြိုင် (မူလွန်)ကျောင်း မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထို့သို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ လေဖောင်းမုန့် များနှင့် ဖျော်ရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သထုံမြို့နယ်တွင် စားအုန်းဆီကုန်သည်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

      ၁၇.၉.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သထုံမြို့နယ်အတွက် ရရှိသော စားအုန်းဆီများကို ရောင်းချ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ် တာဝန်ခံ၊ မြို့နယ်စားအုန်းဆီ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စားအုန်းဆီလက်ကားကုန်သည်များ တက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သထုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားအုန်းဆီ ခွဲတမ်းရရှိသည့် စားအုန်းဆီကုန်သည်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အခြင်အတွယ် မှန်ကန်စွာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် အလို့ငှာ စားအုန်းဆီများ လက်ဝယ်သိုလှောင်မှုမရှိစေရေးနှင့် အဆိုပါ အချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အပြစ်ပေး အရေးယူခံရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

     ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားအုန်းဆီများ ပြည်သူလူထု၏လက်ဝယ်သို့ အပြည့်အဝရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးအား နေ့လယ် (၁၄:၃၀) ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၁၈.၉.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမေထွား၊ Goody၊ Cook ၊ Mazin အမှတ်တံဆိပ်များကို ဈေးကွက်စောင့်ကြည့်ခဲ့ပြီး အဆိုပါ စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသေးစိတ်အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးမှ အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

    ၁၇.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက တင်ပြနိုင်ကြောင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက အအေးခန်းများမှာ ယခုရာသီတွင် ငါးခြောက်များကို အများဆုံးသိုလှောင်ထားရှိကြောင်း၊ ဝန်ဆောင်ခ အနေဖြင့် တစ်နေ့သိုလှောင်ခ ကုန်ချိန်တစ်ပိဿာလျှင် (၃) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ယခုအခါ ကုန်သိုလှောင်သည့် လုပ်ငန်းရှင်များပြားလာသဖြင့် အအေးခန်းသိုလှောင်ရုံများ တိုးချဲ့ရန်လိုအပ်လာကြောင်း၊ သို့ဖြစ်၍ မတည်ရင်းနှီးငွေ လိုအပ်လျက်ရှိကြောင်း ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးအထောက်အကူပြုလုပ်ငန်းများကို ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ