သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်ရှိ စာသင်ကျောင်းများသို့ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

          ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၇.၁၀.၂၀၂၂) ရက် နံနက် (၁၀:၀၀) အချိန်တွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် (အ.မ.က) ကမ်းနားတန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

        ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ (အ.မ.က) ကမ်းနားတန်းကျောင်းတွင် ကျောင်းသား /ကျောင်းသူ (၃၆)ဦး၊ ဆရာ/ဆရာမ (၆)ဦး စုစုပေါင်း(၄၂)ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး မှ စားသုံးသူရေးရာဥပဒေပါအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများရပိုင်ခွင့် (၄)ချက်တို့အား နမူနာများပြ၍ အကျယ် တဝင့်ရှင်းလင်းဟောပြောခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများအား ပါဝင်မှု ရှိ/မရှိကို ကြည့်ရှု၍ ဝယ်ယူကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သလို ကျောင်းမုန့်ဈေးတန်းကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် နေကြာအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်

      ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယခုအချိန်ကာလသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ဆောင်းနေကြာများ စတင်ထွက်ပေါ်ချိန်တွင် သီးနှံများဈေးကွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် နေကြာအစုအဖွဲ့များ ဖွဲ့စည်းရန် နေကြာစိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

      ပန်းတောင်းမြို့နယ်ရှိ ဆောင်းနေကြာသီးသန့်စိုက်ပျိုးသော မကျီးထုံးအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သော မကျီးထုံး၊ ဆင်လူး၊ ကွေ့မ၊ ကြို့ကုန်း၊ ဆိတ်ကဲကျေးရွာတို့ရှိ တောင်သူ (၁၂) ဦးတို့နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆီထွက်သီးနှံဖြစ်သော ဆောင်းနေကြာ သီးသန့်စိုက်ပျိုးထုတ်လုပ်သူများမှ နေကြာအစုအဖွဲ့များ ဖွဲ့စည်းထားရှိရန် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကကွင်းဆင်း၍ အစုအဖွဲ့များဖွဲ့စည်းရန် ဆွေးနွေး ဟောပြောခဲ့ရာ မကျီးထုံးကျေးရွာမှ နေကြာစိုက်ပျိုးသူတောင်သူ ဦးကြီးရွှေ ကို အစုအဖွဲ့ ခေါင်းဆောင်ဖြင့်ဆောင်ရွက်စေပြီး အဖွဲ့ဝင် (၁၁) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

     ဆောင်းနေကြာစိုက်ပျိုးဧကအဖြစ် မကျီးထုံးကျေးရွာတွင် (၄၇) ဧက၊ ကြို့ကုန်းကျေးရွာတွင် (၂၀) ဧက၊ ဆင်လူးကျေးရွာတွင် (၁၂) ဧက၊ ကွေ့မကျေးရွာတွင် (၅) ဧက၊ ဆိတ်ကဲကျေးရွာတွင် (၂၂) ဧကဖြင့် စုစုပေါင်း (၁၀၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ (၁၄-၁၀-၂၀၂၂)

        ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက် အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “ချေးငွေစိစစ်ကြီးကြပ် ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ “ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” မှ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် “ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ် ရေးအဖွဲ့” မှ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင် နိုင်‌ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများ ထောက်ပံ့ပေးနိုင်ရန်လိုအပ်သည်ဖြစ်ရာ ဦးဆောင် ဆောင်ရွက်မည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့‌အောက်တွင် အထောက် အကူပြုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါအထောက်အကူပြုအဖွဲ့များအနက် ချေးငွေစိစစ် ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့အနေဖြင့် ချေးငွေရယူမှု၊ ထိရောက်စွာအသုံးချ မှုနှင့် သတ်မှတ်ချိန်အတွင်း ချေးငွေပြန်လည်ပေးဆပ်မှုနှင့်စပ်လျဉ်း၍ ရေးဆွဲချမှတ်ထားသော လုပ်ငန်းစဉ်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစွာ ဆောင်ရွက်နိုင်ခြင်းရှိမရှိအပေါ် စောင့်ကြည့် လေ့လာသုံးသပ်ကြရမည်ဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအား ထိထိရောက် ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာဌာနအလိုက်သော်လည်းကောင်း၊ အခြားဌာန/ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင် များက အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ITQM)

တောင်ငူမြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်း

       ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊  တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာ ကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်သီးစား စိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ၊ တောင်ငူ မြို့နယ်၏ မိုးစပါးစိုက်ပျိုးမှုဧကမှာ ၅၈၀၃၄ ဖြစ်ပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၄၅၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်ကောင်းစပါးမျိုးများဖြစ်သော ဆင်းသုခ ၅၄၄၆ ဧက၊ ရက် ၉၀ ၆၈ ဧက၊ နှံကောက် ၁၅၅၃၆ ဧက၊ ဗျော့ထွန်း ၃၃၅၅၅ ဧက၊ နယူးဧရာ-၁၂ ၁၀၀ ဧက၊ GW-11 ၃ ဧက၊ အဆင့်မြင့်စပါးမျိုး ၈၃၁ ဧက၊ ဧရာမင်း ၃၃ ဧက၊ ပေါ်ဆန်းမွှေး ၇၉၈ ဧက၊ ဒေသမျိုး ၁၃ ဧက၊ ကောက်ညှင်း ၈ ဧက၊ တောင်ယာ ၈ ဧက တို့ကို စိုက်ပျိုးထားရှိပါသည်။ ပျှမ်းမျှ တစ်ဧက အထွက်နှုန်းမှာ ၈၁.၄၅ တင်းရှိပါသည်။

      အောက်တိုဘာလ တတိယပတ်ရက်များတွင် တောင်ငူမြို့နယ်ရှိ လယ်ယာမြေများ ရွှေရောင် ပေါက်ကာ အားလုံးရိတ်သိမ်းတော့မည် ဖြစ်ပါသည်။ ယခင်နှစ် စပါးတင်း ၁၀၀ ပေါက်ဈေး မှာ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ရက် ၉၀ စပါးများ ၇၃၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်၊ ဗျော့ထွန်း၊ သုခ-၂ စပါးများ ၈၀၀၀၀၀ ကျပ်အထိ ဈေးပေါက်ကြောင်း၊ ယခုနှစ်တွင် ကွင်းဈေး ၉၅၀၀၀၀ ကျပ်၊ စက်ရုံအရောက်ဈေး ၁၀၀၀၀၀၀ ကျပ် ဈေးပေါက်ကြောင်း၊ စပါးအစိုဓါတ် ၃၀% ရှိသဖြင့် တစ်တင်း လျှင် ၁၅ ပိဿာ (၅၄ ပေါင်)ဖြင့် ဝယ်ယူကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိိရပါသည်။ တောင်ငူမြို့နယ်တွင် မိုးစပါး ၅၈၀၃၄ စိုက်ပျိုးထားရာ လက်ရှိတွက်ချက်ရရှိသည့်အထွက်နှုန်း အရ စပါးတင်းပေါင်း ၄၇.၂၆ သိန်း ထွက်ရှိမည်ဖြစ်ရာ စပါးစိုက် တောင်သူကြီးများလည်း မြေကြီးမှ ရွှေသီးကာ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် တောင်ငူခရိုင်အတွင်းမှ ဆီကုန်သည်များနှင့်ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇွန်လမှ စက်တင်ဘာလအထိ စားသုံးဆီပိဿာ ၄၄၉၅၅၀ ပိဿာ ရောင်းချနိုင်ခဲ့ပါသည်။

     စားအုန်းဆီတင်သွင်းခွင့်ရသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုမ္ပဏီများအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိရာ First Top Co.,Ltd, Grand Unity Co.,Ltd, Six Winner Brother Co.,Ltd, Ayeyer Hinthar Co.,Ltd နှင့် Lin Mg Mt Co.,Ltd တို့က တောင်ငူခရိုင်အတွင်းရှိ အခြေခံလူတန်းစားများသို့ ရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။

        ထို့အတူ Diamond Dragon Co.,Ltd သည် Yarthetpan အမှတ်တံဆိပ်ဖြင့် အဆင့်မြင့် စားအုန်းဆီ (၅၀ ကျပ်သားဘူး)များကိုလည်း ရောင်းချပေးလျက်ရှိပါသည်။ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဌာနဆိုင်ရာများပူးပေါင်း၍ ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည်  (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။

      ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်မိုးဟိန်းမှ ကျောင်း သား၊ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာဖွံဖြိုးတိုးတက်ရေးအတွက်လည်း အထောက် အကူဖြစ်စေကြောင်း စသည့်ဖြင့် “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ကို လည်းကောင်း ဟောပြောဆွေးနွေးကာ ကျောင်းတွင်အားကစားများဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးမှ လူမှု့ဘဝမြင့်မားဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ စာအုပ်စာပေကို ဖတ်ရှုလေ့လာမှသာ ပညာပြည့်ဝနှလုံးလှသူများ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် “လူငယ်နှင့်စာပေ” ခေါင်းစဉ်ကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး အရာရှိ ဒေါ်ခင်သန်းသန်းမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးကာ ကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားလုပ်ငန်းရှင်၏ အဓိပ္ပယ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့၏ အဓိပ္ပယ်များ ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲခြင်းကြောင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း ၊ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း အစားအသောက် များကို သေချာစွာ ဂရုစိုက်ရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် ယနေ့ဟောပြောဆွေးနွေးပွဲမှ မှတ်သားသိရှိခဲ့သည်များကို မိမိ၏မိသားစုဝင်များ၊ အနီးပတ်ဝန်းကျင်နှင့် မိတ်ဆွေးအပေါင်းအသင်းများအား ပြန်လည်ဝေငှပြောပြပေးစေလိုပါကြောင်း စသည်ဖြင့် အကျယ်တဝန့်ဟောပြောဆွေးနွေးကာ လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်၊သာစည်မြို့၊အ.ထ.က ကြာဘက်ကုန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ ၊နေ့လည် (၁၃း၀၀) အချိန်တွင်သာစည်မြို့၊ အ.ထ.ကကြာဘက်ကုန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဟောပြောပွဲတွင် သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စားသုံး သူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ဟောပြောပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ 

     စားသုံးသူကာကွယ်ရေး ဥပဒေကိုမြန်မာနိုင်ငံတွင်၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် စတင် ပြဌာန်းခဲ့ပြီး ၊စားသုံးသူကာကွယ်ရေးဥပဒေသစ်ကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် အခန်း (၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကိုပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများ အနေဖြင့်မိမိအခွင့်အရေးများသိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါကအရေးဆို တိုင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ အခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများ သိရှိနား လည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ၊ လိုက်နာရမည့် တာဝန်များ နှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား သည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့်ဗဟုသုတများကိုပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံး မှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင်ကြားနိုင် ကြောင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ၊ဆရာဆရာမ စုစုပေါင်း (၁၅၆)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲကို နံနက်(၁၄း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၊သာစည်မြို့၊အ.ထ.က မယ်ဇလီကန်ကျောင်းရှိ မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ (၁၀း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် သာစည်မြို့နယ်၊ ကြာဘက်ကုန်း အ.ထ.က ကျောင်းရှိမုန့်ဈေးဆိုင်များသို့သွားရောက်၍ စားသောက်ကုန်နှင့်မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားသည်၂၀၂၀ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍စတင် အာဏာသက်ရောက်နေပြီ ဖြစ်ကြောင်း နှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၇၃)အရ(၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း (၂၀၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံး သူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကို နေ့စဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

ဝန်ကြီးဌာနများနှင့်မြို့နယ်များသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးနေမှုများ

         ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသို့ စားသုံးဆီများကို ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၅-၁၀-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ရုံးအမှတ် (၂)၊ စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီပိဿာချိန် (၄၂၀)ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူးရုံး၊ နေပြည်တော်လူမှုဖူလုံ‌ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီ ရုံးအဖွဲ့များတို့တွင်  ဆီပိဿာ ချိန် (၁၈၀)ကိုလည်းကောင်း တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်းသိရှိ ရပါတယ်။

          ဆက်လက်၍ ၆-၁၀-၂၀၂၂ ရက်နေ့တွင် နေပြည်တော်တိုင်းစီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန၊ တိုက်စီး(၁၃)၊ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လူမှု/စီးပွား) ဌာနစိတ်၊ လူမှုဖူလုံရေးအဖွဲ့တို့တွင် ဆီပိဿာချိန်(၆၅၀)ကိုလည်းကောင်း၊ တစ်ပိဿာလျှင် (၄၃၀၀) ကျပ်နှုန်း ဖြင့် ရောင်းချပေးခဲ့‌ကြောင်းသတင်းရရှိပါတယ်။

      ဆက်လက်၍ ၇-၁၀-၂၀၂၂ ရက်နေ့တွင် နေပြည်တော်ဆီလုပ်ငန်းရှင်အသင်းနှင့် နေပြည်တော် ဦးစီးမှူးရုံးမှ ဒေါ်စောမာလာနွယ်တို့ ပူးပေါင်း၍ ဆီလုပ်ငန်းရှင်တစ်ဦးမှ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၂)ဦးမှ လယ်ဝေးမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် ဆီပိဿာချိန် (၁၃၂၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၃)ဦးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၆)ရွာနှင့် အစိုးရဝန်ထမ်းများအား ဆီပိဿာချိန် (၃၃၀၀)ကို တစ်ပိဿာလျှင် (၄၃၀၀)ကျပ် နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်း စားသုံးသူပြည်သူများလက်ဝယ်အရောက် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါတယ်။

DOCA (ပြည်ထောင်စုနယ်မြေ)

ထွန်းဝါလောင်စာတောင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကိုသိရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ  အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ “ထွန်းဝါ”လောင်စာတောင့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူ အခွင့်အရေးများကို သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်က အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်း၊ ပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်း စုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ကြုံရပါက ဌာနသို့ အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန် ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Telenor , Mytel, Ooredooနှင့် MPT Sim Card User များအားလုံး Consumer Call Centerနံပါတ် ၁၅၃၅သို့ခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ