သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း၍ (၄.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ Star Mart စတိုးဆိုင်သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး၊ မြန်မာစာ ကုန်အညွှန်းအမှတ်အသားများပါရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူ အသုံးပြုနိုင်ရန် စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် လုပ်ငန်းရှင်အား သိရှိနိုင်ရန် “ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်” လက်ကမ်းစာစောင်ကို ပေးဝေခဲ့ပြီး လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ(၂)၌ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကော်မတီဝင်(၉)ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

    နေပြည်တော်စားသုံးသူ‌ရေးရာကော်မတီ ဥက္ကဌ၊ နေပြည်တော်ကောင်စီဝင်၊ ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “နေပြည်တော်စားသုံးသူရေးရာကော်မတီကို ၁၃-၁၀-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် (၁၅၃/၂၀၂၂)တွင် အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ နည်းဥပဒေ မှာတော့ ကော်မတီအစည်းအဝေးကို အနည်းဆုံး သုံးလ တစ်ကြိမ် ကျင်းပပြုလုပ်ရမှာဖြစ်ကြောင်း၊ လိုအပ်ပါက အထူးအစည်းအဝေး ကျင်းပပြုလုပ်မှာဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံအဝန်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။

     ဆက်လက်၍ အတွင်းရေးမှူး၊ ဒေါက်တာဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခုအစည်းအဝေး အမှာစာ(၄)ခု ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း၊ တိုင်ကြားမှု၊ ဈေးကွက်လေ့လာစောင့်ကြည့်စစ်ဆေးမှုအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။

      ထို့နောက် ကော်မတီဝင်များမှ အထွေထွေကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပြီး ဥက္ကဌက စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီဝင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက်(၁၁း၃၀)အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကယားပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့် အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာ ဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းရည်ပြည့်စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများ အရေးဆိုတိုင်တန်း လာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှု မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဈေးများ၊ စာသင်ကျောင်းများ ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက် ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့ သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။

      ၂၀၂၂ခုနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ(ပထမ၆)လပတ်ကာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို စာသင်ကျောင်းများတွင်(၁၁)ကြိမ်၊ ဌာနဆိုင်ရာများတွင်(၃)ကြိမ်၊ Online စနစ် ဖြင့် Talk Show (၁)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း(၁၅)ကြိမ်၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း(၂)ကြိမ်၊ ကော်မတီ အစည်းအဝေး(၄)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်း ရှင်(၄)ဦးမှ ကုန်စည်အမျိုးအစား(၄)မျိုးအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲ တတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချပါက ဒေသတွင်းစီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)

 

 

အစေ့ထုတ်ပြောင်းအခြောက်ခံစက်သို့ ကွင်းဆင်းဆောင်ရွက်

        ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာရှိ ဒေါ်သန်းသန်းနု အစေ့ထုတ်ပြောင်း အခြောက်ခံစက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

        အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဦးစီးမှူးက တောင်သူထံမှ အစေ့ထုတ် ပြောင်းကုန်ကြမ်း ဝယ်ယူမှုအခြေအနေအားလည်းကောင်း၊  အစေ့ထုတ်ပြောင်းအခြောက်ခံသည့် အားအခြေအနေအားလည်းကောင်း၊ အစေ့ထုတ်ပြောင်းတင်ပို့မှုအခြေအနေကို လည်းကောင်း တွေ့ဆုံမေးမြန်းခဲ့ရာ အစေ့ထုတ်ပြောင်းအခြောက်ခံစက် ပိုင်ရှင်ဒေါ်သန်းသန်းနုက တောင်သူထံမှ အစေ့ထုတ်ပြောင်းအစို တစ်ပိဿာလျှင် (၆၅၀)ကျပ်ဖြင့်ဝယ်ယူလျက်ပါကြောင်း၊ ဝယ်ယူသည့် အစေ့ထုတ်ပြောင်းအစိုကို မိမိအစေ့ထုတ်ပြောင်းအခြောက်ခံစက်တွင် အခြောက်ခံပြီး တစ်ပိဿာ ကို(၉၄၀)ကျပ်တို့ဖြင့် တောင်ကြီးသို့တင်ပို့လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရ ပါတယ်။

DOCA(ကယား)

ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် အရောင်းဆိုင်များသို မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန် အညွန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် ပြည်နယ်အတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်အများစုမှာ အခြားဒေသမှ ဝင်ရောက်သော ကုန်စည်များအဖြစ် အများအပြားတွေ့ရှိရပြီး ဒေသထွက်ကုန်အများစုမှာ အသေးစား အိမ်တွင်းမှုလုပ်ငန်းများအဖြစ်သာ ထုတ်လုပ်ကြ၍ ဒေသအတွင်း သာဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်စည်အများစုတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လွိုင်ကော်ခရိုင်အတွင်းရှိ ဈေးသည်များ၊ ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်မျိုးစုံရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွန်းအမှတ်အသား သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုကြရန်၊ Covid-19 စည်းကမ်းချက် များနှင့်အညီ ရောင်းချသွားကြရန်နှင့် သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့် မကိုက်ညီသည့် အရောင်း ဆိုင်များစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊ Covid-19စည်းကမ်း သတ်မှတ်ချက်များအရသော်လည်းကောင်း အရေးယူမှုများ၊ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း ကုန်မျိုးစုံအရောင်းဆိုင်(၂၄)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကယား)

 

 

ကယားရိုးရာပလိုင်း လူသုံးများလျက်ရှိ

      ကယားပြည်နယ်တွင် စိတ်ဝင်စားစရာ သဘာဝအလှတရားများ၊ ရိုးရာအစားအစာ၊ ရိုးရာ အထည်လုပ်ငန်းများအပြင် ဒေသထွက်ပုန်ပစ္စည်းများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါသည်။ ဒေသထွက်ကုန်ပစ္စည်းများမှ လက်မှုပညာဖြစ်သည့် ကယားပလိုင်း၊ ကယားနောက်လွယ်ပစ္စည်းများ စသည့် ဒေသခံတိုင်းရင်းသားများ အများဆုံးအသုံးပြုကြပြီး ဒေသထွက်ကုန်များ လက်ဆောင် ပစ္စည်း ပေးရာတွင်လည်းအသုံးပြုကြပါသည်။ ကယားပလိုင်း၊ ကယားနောက်လွယ်များကို နှီးဝါးဖြင့် ယက်လုပ် ကာ သစ်စေးကိုအသုံးပြုယက်လုပ်ကြပါသည်။ နောက်လွယ်ကို အဖုံးမပါ၊ အဖုံးပါဖြင့် ယက်လုပ်ပြီး အဖုံးကိုသစ်သားဖြင့် အသုံးပြုထားကြောင်း၊ လွယ်ကြိုးကို ယခင်ကနှီးကို အသုံးပြုကြပြီး ယခုအခါ ပလပ်စတစ်ကြိုးကို အသုံးပြုကြကြောင်း၊ ပလိုင်းယက်လုပ်ပါက နှီးဝါးတစ်လုံးလျှင် ပလိုင်း(၃)လုံးခန့်၊ နောက်လွယ်ယက်လုပ်ပါက(၅)လုံးခန့်ရကြောင်း၊ အဆိုပါပလိုင်းများကို ဒေသခံ တိုင်းရင်းသားများက သယ်ယူရာတွင် နေရာအစုံမှအသုံးပြုကြပါသည်။ အချို့ လက်မှုပညာရှင်များက ပလိုင်းတွေကို မီးအုပ် ဆောင်း၊ ရိုးရာအလှဆင်ဖန်တီးများ idea ရှိရင် ရှိသလို တီထွင်ပြုလုပ်ကြပါသည်။ ကယားပလိုင်း နောက်လွယ်များကို လွိုင်ကော်မြို့ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်တွင် ရောင်းချကြပြီး ဈေးကွက် အတွင်းတွင် နောက်လွယ်အဖုံးမပါ ပလိုင်းအကြီးတစ်လုံး လျှင် ၅၅၀၀ ကျပ်၊ အဖုံးပါပလိုင်းအကြီး တစ်လုံးလျှင် ၆၅၀၀ ကျပ်နှင့်အဖုံးပါ ပလိုင်းအသေးတစ်လုံးလျှင် ၅၅၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိ ကြောင်း၊ ယခုအခါ ဒေသထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ပလိုင်းကို ဒေသခံတိုင်းရင်းသားများ ပိုမို အသုံးများလာသဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးကြိုးစားနေကြောင်း သိရပါသည်။

DOCA(ကယား)

“ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ - ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် မိုင်းယန်းလမ်းရှိ ဒေါ်နန်းဟွမ်ခမ်း၏ “ရွှေဆင်” ပဲငံပြာရည်လုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ကျိုင်းတုံမြို့ရှိ စားသုံးသူပြည်သူများသည် ပဲငံပြာရည်ကို နေ့စဉ်မီးဖိုချောင်၌ ချက်ပြုတ်စား သောက်ရန်အတွက်သာမက နံနက်စာအဖြစ်လည်းနေ့စဉ်စားသုံးလျက်ရှိသောရှမ်းခေါက်ဆွဲတွင်လည်း အသုံးပြုစားသုံးကြပါသည်။ ယင်းကြောင့် ပဲငံပြာရည်များ ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီး သန့်ရှင်းလတ်ဆက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါ သည်။

  စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်“ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်အား ပဲငံပြာရည်ကြိုချက်ရာတွင် အသုံးပြုလျက်ရှိသောရေများသည် ရေကောင်းရေသန့် များဖြစ်စေရန်၊ ရေလှောင်ကန်အား သန့်ရှင်းမှုရှိစေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရန်၊ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈)ပါ “ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်း” နှင့်ပတ်သတ်၍ အလေးထားဆောင်ရွက်ရန် ထုတ်လုပ်သည့် လိပ်စာအား ကုန်စည်များတွင်ထင်ရှားတိကျစွာဖြင့် မှန်ကန်သည့်လိပ်စာများ ထည့်သွင်းဖေါ်ပြရန် စားသုံးသူကာ ကွယ်ရေးဉပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုပါလိုက်နာ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

 

သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

       ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန အမ်းခရိုင် အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၃၀-၉-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် အမ်းမြို့ အမှတ်(၅)ရပ်ကွက် ဦးသစ်လွင် ပိုင်ဆိုင်သော  U Maw Family Co.ltd မှ    Best Fly တံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်သော စက်ရုံသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူး ပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဦးအောင်မင်းခိုင်မှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူ ကာကွယ်ရေးပြဌာန်းချက်အရ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်စည် အုပ်စု(၈)မျိုးအလိုက် ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်ပတ်သက်၍ သိရှိစေရေးရှင်းလင်းပြောကြားပြီး သောက်ရေ သန့်ဗူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်များအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ခြင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ ရယူရန်လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်ကျင်သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ အလုပ်သမားများ၏ တကိုယ်ရေးသန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဗူးများ သန့်ရှင်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေးဟောပြော ဆွေးနွေးပွဲ(၃/၂၀၂၂) ကျင်းပပြုလုပ်ခြင်း

        မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၃/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

     ဆက်လက်၍သင်တန်းတွင် ဟောပြောဆွေးနွေးမည့် သင်တန်းသား/သူများမှ အလှည့်ကျမိတ်ဆက် ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောရန် အလှည့်ကျသည့် ဒု-ဦးစီးမှူး ဦးဆယ်မောင်မှ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်နုနုလွင်မှ အသုံးစရိတ်အကြောင်း တစေ့တစောင်း၊ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းမှ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များ၊ ဦးစီးမှူး ဦးအုန်းမြင့်မှ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း Power Point များဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဆွေးနွေး ဟောပြောခဲ့မှုများအပေါ် ပြန်လည်သုံးသပ်၍ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ ယခုကဲ့သို့ အလေ့အကျင့်များ ပြုလုပ်ပေးခြင်းအားဖြင့် မြေပြင်ကွင်းဆင်း ခြင်းလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အမှားအယွင်းမရှိ ကောင်းမွန်စွာ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲအား (၁၂:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

                                                         

စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့်လှည့်လည်ရောင်းချပေးနေမှုများ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသို့ စားသုံးဆီ များကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၃၀-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ရုံးအမှတ် (၇)၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ဆီပိဿာချိန် (၂၁၀)ကိုလည်းကောင်း၊ရုံးအမှတ် (၂၄)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီပိဿာချိန် (၄၀၀)ကိုလည်းကောင်း၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ကုန်သွယ်ရေးဦးစီးဌာနတို့တွင် ဆီပိဿာချိန်(၁၀၈၁)ကိုလည်းကောင်း၊ ရုံးအမှတ်(၅၂)ရှိစားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီး ဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့တွင် ဆီပိဿာချိန် (၁၈၈၆)ပိဿာကိုလည်းကောင်း  တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး ခဲ့‌ကြောင်းသိရှိရပါတယ်။

      ဆက်လက်၍ ယဥ်ကျေးမှုဦးစီးဌာနတွင် ဆီပိဿာချိန်(၃၆၀)ကိုလည်းကောင်း၊ ရုံးအမှတ် (၁၈)ရှိ တွဲဖက်ဌာနများမှ ဝန်ထမ်းများအား ဆီပိဿာချိန်(၁၄၀)ကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနတွင် ဆီပိဿာချိန်(၃၀၄)ပိဿာကိုလည်းကောင်း တစ်ပိဿာလျှင် (၄၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်းသတင်း ရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ