သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ပေါ်ရှိ မြမဟာ အဆင့်မြင့် အာလူးကြော်လုပ်ငန်းထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) နှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ) တို့သည် (၂၃.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် မကွေးမြို့၊ အောင်စေတနာ (C) (၁၀)လမ်းရှိ “မြမဟာ” အဆင့်မြင့် အာလူးကြော်လုပ်ငန်းသို့ သွားရောက်ပြီး နေ့စဉ် ထုတ်လုပ်မှု၊ စားသုံးဆီသုံးစွဲမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေး ခဲ့ပါသည်။

     “မြမဟာ” အဆင့်မြင့် အာလူးကြော်လုပ်ငန်းသည် နေ့စဉ် အာလူး(၃၀)ပိဿာဝင် (၃)အိတ် (၉၀) ပိဿာခန့် ကြော်ရကြောင်း၊ စားအုန်းဆီ (၂၀)ပိဿာခန့်သုံးစွဲရကြောင်းနှင့် အာလူးတစ်ပိဿာ (၂၃၀၀) ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ (၈၈၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ ယခင်က အာလူးကြော်(၁) ထုပ် (၅၀၀)ကျပ်နှ့င် ရောင်းချပြီး တစ်ထုပ်လျှင်(၅)ကျပ်သားခန့် ထည့်ကြောင်း၊ ယခုအခါ ကုန်ကြမ်း စျေးနှုန်းများတက်နေ၍ (၅၀၀)ကျပ်တန် တစ်ထုပ်လျှင် (၃.၅)ကျပ်သားသာထည့်ပေး နိုင်ကြောင်းနှင့် မိသားစုလုပ်အားဖြင့် ထုတ်လုပ်ပြီးဒေသတွင်း မကွေးမြို့နယ်အတွင်း၌သာ ဖြန့်ဖြူး ကြောင်း လုပ်ငန်းရှင် ဦးသန်းထွန်းထံမှ သိရှိရပါသည်။

     ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်/ တားမြစ်ချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ် တာဝန်ခံ၏ (၉/၂၀၂၂)လအတွင်းအသိပညာပေးခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုများ

         စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး) နှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် သက်ဆိုင်ရာ ရပ်ကျေးဥက္ကဌ၊ ကျောင်းအုပ်ကြီးများနှင့် ချိတ်ဆက်ပြီး စားသုံးသူများ အသိပညာတိုးပွားရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဌာနပုံရိပ်မြှင့်တင်နိုင်‌ရေးတို့အတွက် (၇.၉.၂၀၂၂)ရက်နေ့တွင် ချောင်းတက်ကျေးရွာ အထက(ခွဲ) ကျောင်း၌ ဆရာ/ဆရာမ (၁၂)ဦး၊ ကျောင်းသား/သူ (၁၉၃)ဦးတို့အား လည်းကောင်း၊ (၁၄.၉.၂၀၂၂)ရက်နေ့ တွင် စမ်းစု (ကား) ကျေးရွာ အထက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/သူ (၁၅၇) ဦးအား လည်းကောင်း၊ (၁၆.၉.၂၀၂၂)ရက်နေ့တွင် ကိုင်းထောက်ကန်ကျေးရွာရှိ အလက(ခွဲ)ကျောင်း၌ ဆရာ/ ဆရာမ (၁၁)ဦး၊ ကျောင်းသား/သူ (၁၃၆)ဦး တို့အား လည်းကောင်း စားသုံးသူကာကွယ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက် စားသုံးသူများ ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူစားသုံး/ အသုံးပြုရာတွင် သတိပြုရမည့် စားသုံးသူ ကာကွယ်‌ရေး ဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ပြည့်စုံစွာပါဝင်ရမည့် အချက် များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       အသိပညာပေးဟောပြောပွဲအပြီးတွင် စမ်းစု(ကား) ကျေးရွာရှိ အိမ်ဆိုင်များ၊ ကိုင်းထောက်ကန် ကျေးရွာရှိ အိမ်ဆိုင်များအား စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် မှိုတက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

 

မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသို့ အခြေခံစားကုန်များထောက်ပံ့ပေး

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား (၁၃၅၀)ဦးအား စားဝတ်နေရေး အထိုက်အလျှောက် ပြေလည်စေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းဖြစ်သည့် Maskများအား(၂၂.၉.၂၀၂၂)နေ့ နံနက်(၉:၀၀)နာရီတွင် ဦးဩဘာသခန်းမ၌ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူဦးရေ(၅၀၀)ဦး၊ ဒေသအလှူရှင်များမှ လူဦးရေ(၈၅၀)ဦး စုစုပေါင်း(၁၃၅၀)ဦးအား ဆန်(၁)ပြည်၊ ဆီ(၃၀)ကျပ်သား၊ ဆား(၁)ထုပ်၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ ကုလားပဲ (၃၀)ကျပ်သား၊ YumYum(၁)ထုပ်၊ Mask(၁၀)ခုတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

      ထိုသို့  ထောက်ပံ့ပေးအပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးမြင့်ကြည်(မင်းဘူးမြို့နယ်တာဝန်ခံ)နှင့် ခရိုင်ရုံးမှဝန်ထမ်းများ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စိုက်ပျိုးစရိတ်လျော့ချရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မွန်မွန်သက်သည် (၂၅.9.2022) ရက်နေ့တွင် ပွင့်ဖြူ မြို့နယ် ဇီးကိုင်အုပ်စု ဝဲထောင်ကျေးရွာ၌  ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးစိုက်တောင်သူ ဦးရဲစိုးနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် ဓါတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်သည့်အတွက် သဘာဝမြေဩဇာကို သုံးစွဲစိုက်ပျိုးကြောင်း ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များစွာ ရရှိကြောင်း သိရှိခဲ့ရပါသည်။ ဝဲထောင့်ကျေးရွာသည့် မုန်းချောင်း နဘေးတွင် တည်ရှိကာ အိမ်ခြေ(၇၀၀)ခန့်ရှိပြီး လူဦးရေမှာ(၃၅၀၀)ခန့်ရှိသောရွာကြီးတစ်ရွာဖြစ်ကြောင်း နှစ်စဉ် မုန်းချောင်းရေကျပြီး မြေနုကျွန်းများနှင့် လယ်မြေများပေါ်တွင် စပါး၊ ထောပတ်ပဲ၊ စားတော်ပဲ၊ မြေပဲများ  စိုက်ပျိုးလျက်ရှိကြောင်း လယ်မြေများတွင် မိုးရာသီ၌ ဧရာပဒေသာစပါးစိုက်ပျိုးပြီး ယာမြေနု ကျွန်းများတွင် ဆောင်းရာသီ၌ မြေပဲ၊ ထောပတ်ပဲ၊ စတော်ပဲများတွင် နေကြာသီးနှံညှပ်၍ စိုက်ပျိုးကြောင်း လယ်မြေများမှာ မိုးကောင်းသောက်လယ်များဖြစ်သော်လည်း ရေလိုအပ်ချိန်တွင် မုန်းချောင်းမှ ရေသွင်းနိုင်သည့်အတွက် စပါးအထွက်ကောင်းကြောင်းသိရှိရပါသည်။ တောင်သူဦးရဲစိုး အနေဖြင့် ယခုနှစ်တွင် ဧရာပဒေသာစပါး(၅)ဧကကို သဘာဝမြေဩဇာပြုလုပ်သုံးစွဲ၍ စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

      စပါးစိုက်ပျိုးရန်အတွက် မိုးဦးကျချိန်တွင် နွေသမန်းကို ထွက်ယက်ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို စတင်စိုက်ပျိုးထားပြီးတဖက်မှလည်း ကောက်ရိုးမှော်၊ စပါးခွံ၊ နွားချေး စသည့် စွန့်ပစ်အမှိုက်များကို မြေဆွေးမြေဩဇာအသုံးပြုရန်ကြိုတင် စုဆောင်းထားကြောင်း ရွက်ဖြန်းမြေဩဇာအသုံးပြုရန် ငါး၏အမြီး၊ခေါင်းနှင့် ထန်းလျှက်တို့ဖြင့် ပြုလုပ်ထားသည့် ငါးအမိုင်နိုရွက် ဖြန်းမြေဩဇာကို ကြိုတင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ သစ်စိမ်းမြေဩဇာ(20)ရက်သားခန့်တွင် စပါးကိုပျိုးထောင်ရကြောင်း စပါးပျိုးသက်(27)ရက်ခန့်တွင် သစ်စိမ်းမြေဩဇာကို ထယ်ထိုး၊ အပုတ်ခံ ကြောင်း (45)ရက်သားသစ်စိမ်းမြေဩဇာသည် မြေဆီလွှာအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ထယ်ထိုးအပုတ်ခံပြီး(၅) ရက်ခန့်အကြာတွင် ပျိုးပင်သက် (32)ရက်သားရှိသော စပါးပျိုးပင်များကို စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးကြောင်း မြေဆွေးကျင်းပြုလုပ်ထားသော သဘာဝမြေဩဇာကို စိုက်ခင်းသက်တမ်း(10 မှ 15)ရက်အတွင်း တစ်ကြိမ် ပတ်ဖြန်းကြောင်း စပါးပင်မှို့ကပ်ချိန်တွင် နောက်တစ်ကြိမ်ပတ်ဖြန်းကြောင်း ငါးအမိုင်နိုရွက်ဖြန်း အားဆေးကို စပါးနှံစတင်ထွက်ရှိချိန် စက်တင်ဘာလဆန်းတွင် စတင်ပတ်ဖြန်းကြောင်း ဦးရဲစိုး၏ လယ်မြေများတွင် စိုက်ပျိုးထားသောစပါးခင်းနှင့်ပတ်သတ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ အကြံပြုချက်နှင့် နည်းပညာ ဖြန့်ဝေမှုများအရ သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း နိုဝင်ဘာလခန့်တွင် စပါးများရိတ်သိမ်းမည် ဖြစ်ကြောင်း သိရှိရပါသည်။

   မိုးစပါးစိုက်ပျိုးရန် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် သစ်စိမ်းမြေဩဇာ စတင်စိုက်ပျိုးချိန်၊ ပျိုးခင်းပြင်ချိန်မှစိုက်ခင်းထိ မြေပြင်စိုက်ပျိုးစရိတ်မှာ မိမိပိုင်ထွန်စက်ဖြင့် (3)နာရီခန့်မြေ ပြင်ရာတွင် ဒီဇယ်(4.5)လီတာခန့် ကုန်ကျကြောင်း ငွေကြေးအနေဖြင့်(14000)ကျော်ခန့် ရှိကြောင်း၊ ကောက်စိုက်ခ၊ ပျိုနှုတ်ခ၊ ရိတ်သိမ်းခ၊ ကောက်လှိုင်းစီးခ အတွက်အလုပ်သမားဦးရေ(၄၀)ဦးခန့် ငှားရမ်း သုံးစွဲရကြောင်း တစ်ဦးလျှင်နေ့တွက်လုပ်အားခ(3000)ကျပ်နှုန်းပေးရပြီး စုစုပေါင်းလုပ်အားခအနေဖြင့် (၁၂၀000)ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုများသည့်အတွက် ရေတင်ရသည့် ကုန်ကျစရိတ်သက်သာကြောင်း သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းကြောင့် မြေဩဇာ  အတွက်ကုန်ကျစရိတ် သက်သာကြောင်း နှံစုတ်ပိုးများ ကျရောက်ပါက ပိုးသတ်ဆေး ဝယ်ယူသုံးစွဲရမှာဖြစ်ကြောင်း၊ ယခု အချိန်ထိ သုံးစွဲရန်မလိုသေးကြောင်း (၁)ဧက ထွက်နှုန်းမှာ တင်း(80 မှ 100)ခန့် ထွက်ရှိမည်ဖြစ် ကြောင်း၊ လယ်ကွင်းအတွင်းမှကောက်လှိုင်းများကို မိမိပိုင်ထွက်စက်ဖြင့် သယ်ယူမည်ဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်မှာ(350000)ခန့်ရှိပါကြောင်း အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် စပါးဈေး နှုန်းမြှင့်တက်မှုကြောင့် (၅)ဧကအတွက်(၂၅)သိန်းခန့် ရရှိမည်ဟု မျှော်မှန်း ကြောင်း သိရပါမည်။

      ဝဲထောင့်ကျေးရွာသည် လယ်မြေနှင့် ယာမြေနုများပေါ်တွင် အမှီပြု၍ နေထိုင်ကျသော တောင်သူ များဖြစ်ကြောင်း စပါးစိုက်ဧကလည်း များသောကြောင့် ဆန်ထွက်ရှိမှုမှာလည်း များပြားကြောင်း စားသုံးပြီးပိုလျှံသော စပါးများကိုဒေသကုန်သည်များလာရောက်ဝယ်ယူ လျက်ရှိပါကြောင်း၊ သဘာဝ မြေဩဇာကို သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း ပြီး လုံခြုံစိတ်ချစွာ စားသုံးနိုင်ပါကြောင်း၊ အခြားကျေးရွာများလည်း ဝဲထောင့်ကျေးရွာကဲ့သို့ သစ်စိမ်း သဘာဝမြေဩဇာကိုသုံးပြီး စိုက်ပျိုးခြင်းဖြင့်  ကုန်ကျစရိတ်သက်သာ၍ အထွက်နှုန်းအနေဖြင့် လျော့နည်း ခြင်းမရှိသောကြောင့် သဘာဝမြေဩဇာကို ပြုလုပ်သုံးစွဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် များစွာ ရရှိပြီးဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်ပါကြောင်းမြေနုကျွန်းများတွင်လည်း မြေပဲနှင့်နေကြာကို သီးထပ် သီးညှပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဒေသခံတောင်သူများလည်း ဝင်ငွေ တိုးပွား ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာမှ ငှက်ပျောစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၆.၉.၂၀၂၂)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုန်းချောင်းအနောက်ဘက်ကမ်းဘေးရှိ သမန်းရင်းကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငှက်ပျောစိုက်တောင်သူနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်မှုအကျိုးအမြတ်အခြေအနေများအား  ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

     ပွင့်ဖြူမြို့နယ်သည်ဥယျဉ်ခြံမြေများ၌ သစ်သီး‌ဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အများ အပြားစိုက်ပျိုးကြရာ မုန်းချောင်းကမ်းနံဘေးတလျှောက်တွင် ငှက်ပျောအား အများဆုံးစိုက်ပျိုး ကြပါသည်။ ငှက်ပျောတွင် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်နှင့် ရခိုင်ငှက်ပျောဟူ၍ရှိရာ ဖီးကြမ်းငှက်ပျော မှာ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဈေးကွက်အနေအထားအရ ဝယ်ယူစားသုံးသူပေါများ၍ လူကြိုက်များ ပါကြောင်း၊ ဖီးကြမ်းငှက်ပျောမှာ အပင်တစ်နှစ်သားအရွယ်တွင် အခိုင်စထွက်ပါကြောင်း ငှက်ပျောဖူးမှ အဖီးများကျလာပြီး အနည်းငယ်ကြီးလာလျှင် အဖူးအားခုတ်ပစ်ရပါကြောင်း၊ မခုတ်ဘဲထားလျှင် အဖူး ၌အပင်၏အားများ ရောက်ရှိပြီး အဖီးသေးတက်ပါကြောင်း၊ (၇)လ(၈)လအကြာတွင် အဖီးရင့်လာပြီ ဖြစ်သဖြင့် အခိုင်ခုတ်ရပါကြောင်း၊ ငှက်ပျောပင်မှခုတ်ရသော ငှက်ပျောဖူးအား အပေါ်ခွံနွာ၍ အတွင်းသားများအား ပါးပါးလှီးပြီး ငှက်ပျောဖူးချဉ်ထည့်၍ စားသောက်ရပါကြောင်း၊ ငှက်ပျောပင်မှာ ပင်ပျို ဖြစ်ပါက အခိုင်တစ်ခိုင်တွင် အဖီး(၇)ဖီး(၈)ဖီးထွက်ရှိပါကြောင်း၊ ပင်ပျို၏အနားတဝှိုက်တွင် သားတက် အပင်ပွားများထွက်ရှိလာပါကြောင်း၊ ၎င်းသားတက်မှ တစ်ခိုင်တွင် (၅)ဖီး(၆)ဖီးထွက်ရှိပါကြောင်း၊ ငှက်ပျောချဉ်မှာ စတင်စိုက်ပျိုးပြီး (၁၀)လကျော်လောက်တွင် အခိုင်စထွက်ပါကြောင်း၊ ပင်ပျိုတစ်ပင်လျှင် (၆)ဖီး(၇)ဖီးထွက်ရှိပါကြောင်း၊ ရခိုင်ငှက်ပျောများအား စီးပွားဖြစ်မစိုက်ကြဘဲ ခြံဘေးပတ်လည်တွင် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန်အတွက်  လေကာပင်အဖြစ်သာအများဆုံး စိုက်ပျိုးကြပါကြောင်း၊ ရှေးလူကြီးများက သူငယ်စာငှက်ပျောအား အခြောက်ခံ၍ ပျားရည်စိမ်၍ သုံးစွဲပါက ဆေးဖက်ဝင်လှသည်ဟု ဆိုးရိုးစကားရှိပါကြောင်း၊ ဖီးကြမ်းငှက်ပျောအား တစ်ဧကလျှင်အပင်ရေ(၈၀၀)ကျော် စိုက်ပျိုးကြသော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် (၇၀၀)ကျော်သာထားရှိပါကြောင်း ၊ ရောင်းချရာတွင်လည်း ငှက်ပျောကုန်သည်များက သုံးဘီးများဖြင့် ရွာအရောက်လာရောက်ဝယ်ယူကြပါကြောင်း၊ မကွေး၊ မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ တညောင်(ဆင်ဖြူကျွန်း)နှင့် ကျောက်ပန်းတောင်းမြို့များ သို့လည်း  ကားများဖြင့်တင်ပို့ရောင်းချရပါကြောင်း၊ ရန်ကုန်၊ မန္တလေးသို့ တစ်ခါတစ်ရံ တင်ပို့ရပါကြောင်း၊ ကုန်သည် များအား (၁၀)ဖီးလျှင် (၁)ဖီးအပိုပေးရပါကြောင်း၊ လက်လီအနေဖြင့် (၆၀၀မှ ၇၀၀)ကျပ်အထိ ရောင်းချရ သော်လည်း အခိုင်လိုက်ဈေးမှာ (၄၅၀၀မှ ၅၀၀၀)ကျပ် အထိသာရရှိကြောင်း၊ လက်ရင်းဖီး (၂)ဖီးလောက် သာ (၁၂)လုံးပါသော်လည်း လက်ဖျားဖီးများတွင် (၁၀)လုံး (၁၁)လုံး သာပါရှိ တော့သဖြင့် အခိုင်လိုက်ဈေးမှာနည်းသွားပါကြောင်း၊ အခိုင်တွင်အဖီးအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါ ကြောင်း၊ စတင်စိုက်ပျိုးချိန်မှ အခိုင်ထွက်ပြီး ဈေးကွက်ဝင် ရောင်းတန်းရောက်ရှိချိန်ထိ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၃၀)သိန်းဝန်းကျင်ရှိ၍ ပင်ပျိုအတွက် တစ်ဧကအကျိုးအမြတ် ကျပ်(၁၂)သိန်းဝန်း ကျင်ရရှိပြီး သားတက်များအား ပြုပြင်ကုန်ကျစရိတ်မှာ တစ်ဧက ကျပ်(၁၅)သိန်းဝန်းကျင်ဖြစ်၍ ကျပ်(၇)သိန်း ဝန်းကျင်အကျိုးအမြတ်ရရှိပါကြောင်း သမန်းရင်းကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးခင်မောင်တင်ထံမှ သိရှိရပါသည်။ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာအများစုမှာ ရွာအနီးဝန်းကျင် မြေကွက်များတွင် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေမပြတ်ရရှိနေသည့်အတွက် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ မြို့နယ်အားကစားကွင်း၌ အခြေခံစားကုန် ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများ စျေးနှုန်းသက်သာစွာ ရောင်းချမှုအား ပူးပေါင်းဆောင်ရွက်

         (၂၇.၉.၂၀၂၂)ရက်နေ့ နံနက်(၀၇း၀၀)နာရီမှ (၁၀း၀၀)နာရီအထိ ချောက်ခရိုင်၊ ချောက်မြို့ မြို့နယ်အားကစားကွင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်တောင်းတပ်နယ်မှ စားသုံးသူ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားကုန်များဖြစ်သော ဆန်(၁)ပြည်( ၁၆၀၀)ကျပ် ၊ ကြက်သွန်နီ(၁)ပိဿာ (၂၈၅၀)ကျပ်၊ ကြက်ဥ(၁)လုံး (၁၅၀)ကျပ် ကြက်သား(၁)ပိဿာ (၆၅၀၀)ကျပ် ၊ အမဲသား(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ နွားနို့(၁)ဗူး (၁၂၀၀)ကျပ်၊ ဘူးသီး(၁)လုံး၊ (၅၅၀)ကျပ်၊ ကန်စွန်းရွက်(၁)စီး (၁၀၀)ကျပ်နှုန်းများဖြင့် ရောင်းချခဲ့ကြောင်းနှင့် ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား ချောက်မြို့၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ စားသုံးဆီ(၁)ပိဿာ(၅၆၀၀)ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

     ထိုအခြေခံစားကုန် ဟင်းသီးဟင်းရွက်၊ အသား၊ အမယ်စုံနှင့်စားအုန်းဆီရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့များမှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ ကမ်းနားလမ်းရှိ ဌက်သိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      တနင်္သာရီတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များပိုမို ကောင်းမွန်စေရေးရည်ရွယ်၍  မြိတ်မြို့၊ ထားဝယ်စုရပ်၊ ကမ်းနားလမ်းရှိ “ဇီဝစိုး” ဌက်သိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ (၂၂.၉.၂၀၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန် တွင်  သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစားအသောက်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား၍ ထုတ်လုပ်ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

သီရိမင်္ဂလာဈေးအတွင်း အသား/ငါး/ဥများ သန့်ရှင်းလတ်ဆက်မှုရှိ/မရှိသန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ(၂၇)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာ ဈေးအတွင်း ရှိအသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ အသား/ ငါး / ကြက်ဥ /ဘဲဥများသန့်ရှင်း လတ်ဆက်မှုရှိ/မရှိနှင့်သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။  

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိအသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆက်မှုရှိပြီး ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ဒေသငါးများသာမကအခြားဒေသမှငါးများပါ မှာယူတင်သွင်းရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာရောင်းချရန်လိုအပ်ကြောင်း၊ ဈေးအတွင်းသို့လာရောက်စစ်ဆေးမှသာယင်လုံဇာများဖြင့်ရောင်းချခြင်းမျိုးမပြုလုပ်ဘဲ လာရောက် စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချသင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျသယ်ယူပို့ဆောင်ရန်လိုအပ်ကြောင်း ၊သန့်ရှင်းလတ်ဆက်မှုမရှိသော အသား၊ငါး၊ဥများနှင့် ကူးစက်ရောဂါရနေသောအသား/ငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသောဆိုင်(၄၂)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

                            

“ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ (၁၀း၀၀)အချိန်တွင် မန္တလေးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက် အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များသို့ သွား ရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားသည် ၂၀၂၀ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီ ဖြစ်ကြောင်း  နှင့်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲ ရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း ၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှု များရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကို နေ့စဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၊မလှိုင်မြို့၊အ.ထ.က ဆည်တို တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

       မန္တလေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မလှိုင်မြို့၊ အ.ထ.က ဆည်တို ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့် လည်းကောင်း၊ စားသုံးသူအသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ဟောပြောပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ 

   ဆက်လက်၍ မလှိုင်မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင်အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင် အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေး များသိရှိမှသာကုန်စည်(သို့) ဝန်ဆောင်မှုများအပေါ်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါကအရေးဆို တိုင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ အခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှု ဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေး၊ လိုက်နာရမည့်တာဝန်များနှင့် ပတ်သက်၍ အကျယ် တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့် ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိသင့်သိထိုက် သည့်ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက် တိုင်ကြားနိုင်ကြောင်း ဆွေးနွေး ခဲ့ပါသည်။  ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦး၊ ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း(၁၉၅)ဦးတက် ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲ နံနက်(၁၁း၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။  

DOCA(မန္တလေး)                               

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ