ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသ၏ ကျောက်ဖရုံသီးဈေးကွက်

     ကျောက်ဖရုံသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ အသီးနှင့်အညွှန့်(၂) မျိုးလုံး စားသုံး၍ရပါသည်။ အရသာမှာ အချိုနှင့်အခါး(၂)မျိုးရှိပါသည်။ အခါးမျိုးမှာ အလုံးအနည်းငယ် အရွယ် အစားသေးပြီး အချိုမျိုးမှာ အလုံးကြီးပါသည်။ ဒေသထွက်ကျောက်ဖရုံသီးမှာ အများအားဖြင့် အချိုမျိုးဖြစ်ပါသည်။ ကျောက်ဖရုံပင်တစ်ပင်လုံးသည် ဆေးဖက်သောအပင်တစ်မျိုးဖြစ်ပါသည်။ အသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်များစွာပါဝင်သောကြောင့် အစာခြေဖျက်မှုကိုအားကောင်းစေပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ ကယ်လိုဓါတ်ပါဝင်မှုနည်းသည့်အတွက် ဆီးချိုသမားများ စားလျှင်သင့်တော်ပါသည်။ အဝလွန်သူများအတွက် ကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပြုစေပြီး ကျောက်ကပ်သမားများအတွက်လည်း အထူးသင့်တော်ပါသည်။ အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေသည့်အတွက် ခန္ဓာကိုယ်အတွင်း အပူဓါတ်များလျှင် ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်ပေးရုံဖြင့် အပူကိုကျစေသည့်အပြင် ဝမ်းချုပ်ရာတွင် ဖျော်ရည်အဖြစ် သောက်သုံးပေးလျှင် သက်သာစေပါသည်။ ကျောက်ဖရုံသီးကို ဟင်းချက်စားသောက်ခြင်း၊ မုန့်နှစ်ဖြင့်ကြော်စားခြင်းနှင့် ကျောက်ဖရုံအရွက်အား ပြုတ်၍သုပ်စားလျှင်လည်း အရသာကောင်းမွန်ပါသည်။

      ကျောက်ဖရုံသီးပင်အားစိုက်ပျိုးရာတွင် လွယ်ကူစေပြီးမြေနေရာဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာတွင် မြေပြင်တွင်အစေ့ကို ကျဲပက်၍စိုက်ပျိုးနိုင်သလို စီးပွားဖြစ် စိုက်ပျိုးလျှင် စင်ထိုးပြီး စနစ်တကျစိုက်ပျိူးကြပါသည်။ ထွက်ရှိရာဒေသများမှာ ရွှေတောင်မြို့နယ် တွင်မီးလောင်အုပ်စု၊ မီးလောင်ရွာတွင်လည်းကောင်း၊ ပြည်မြို့နယ်ဒေသ အနီးတဝိုက်ဖြစ်သော သဲကုန်း၊ ပုတီးကုန်းစသည့်ဒေသများတွင် အများအပြားထွက်ရှိပါသည်။ ဒေသထွက်ကုန်ဖြစ်သော ကျောက်ဖရုံသီးများအား ကုန်စိမ်းဒိုင်များမှ တစ်ဆင့် ရန်ကုန် သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့နယ်ဈေးကွက်တွင် ကျောက်ဖရုံသီးတစ်လုံးလျှင် ယခုအပတ်တွင် အကြီးအသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၁၀၀၀ - ၁၅၀၀)ကျပ်ဖြင့် ရောင်းချပြီး အစိပ်စိပ်ပြီးရောင်းချရာတွင် တစ်စိပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှုးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်   ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှုးရုံး၌ တိုင်းရင်းဆေးကုဌာနနှင့်ပူးပေါင်း၍ ပြည်သူ(၂၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

  ထိုသို့ဟောပြောရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချမှု့ရှိစေရေး၊ အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ရှိသောကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြထားသောအခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အရည်အသွေးအဆင့်အတန်း စသည်တို့ပါဝင်ရန်လိုအပ်ကြောင်းနှင့် ယခုလက်ရှိဆောင်ရွက်နေသော စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပြည်မြို့၏ မျှင်ဝါး(မျှစ်)ဈေးကွက်

      ဝါးအမျိုးအနွယ်ပင်မျှစ်ကို Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa Valgaris, Pbyllostachys edulis ဟုခေါ်ပါသည်။ ဝါးအဖြစ်သို့မရောက်မီ ရက်သတ္တပတ် (၂)ပတ်သားမတိုင်မှီမှာပင် ချိုးယူ၍ စားသောက်ကြပါသည်။ ဝါးအမျိုးမျိုးရှိသကဲ့သို့ မျှစ်အမျိုးအစား အမျိုးမျိုးရှိပါသည်။ ပြည်မြို့တွင်ရောင်းချနေသော မျှစ်နုကို ထုံးဖို၊ အကောက်တောင် နှင့်ရခိုင်ရိုးမ တောတို့မှထွက်သော မျှစ်မျိုးဖြစ်ပါသည်။ မျှစ်မျိုးမှာ စိုက်ဝါး၊ ဝါးပိုးဝါးမှရသော မျှစ်မဟုတ်ဘဲ မျှင်ဝါးမှရရှိသောမျှစ်မျိုးမှာ မျှစ်ချိုမျိုးဖြစ်ပါသည်။ မျှင်ဝါးမှရရှိသောမျှစ်မှာ အဆစ်တိုပြီးနုကာ စားသုံးပါကရင်ပြည့် ရင်တောင့်ခြင်းမျိုးမရှိပဲ၊ ချက်စား၍လည်းကောင်း၊ အတို့အမြုပ်အဖြစ် စားသုံးရာတွင် အလွန်ကောင်းပါသည်။ ပြည်မြို့တွင် မျှစ်ဈေးမှာ ဩဂုတ်လ ပထမပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်(အချိန်(၃၀)ပါတစ်အိတ်ဈေး) ရောင်းချလျက်ရှိပါသည်။ တစ်ပတ်လျှင် မျှစ်အပို့ကုန်ချိန်မှာ (၃၇၃၁)ပိဿာခန့် ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၌ ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၅၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၆၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၃၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၀၅) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခုဩဂုတ်လ၊ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၄၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၈၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၆၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၉၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၈၅)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးတက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့၏ နွေစပါးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စိုက်ပျိုးသောနွေစပါးအမျိုးအစားများမှာ ထိုင်းနှံကောက်၊ ရတနာတိုး၊ ရက်(၉၀)စပါး၊ GW-11 နှင့် ဗီယက်နမ်အမျိုးအစားများဖြစ်ပါသည်။ နွေစပါးဈေးမှာ ယခု ဩဂုတ်လတွင် စပါးတင်း(၄၆)ပေါင်တင်း(၁၀၀)လျှင် အစိုဓါတ် (၂၃%)ပါရှိ သည်ဈေးမှာ (၁၆၀၀၀၀၀)သိန်းကျပ် ရှိပြီး နွေဆန်တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ နွေစပါးဈေးမှာ ယခင်လက တင်း(၁၀၀)လျှင် (၁၄၇၀၀၀၀)ကျပ်သာရှိပြီး ယခုလတွင် စပါးဈေးများမြင့်တက်ခဲ့ပါသည်။ ထိုသို့စပါးဈေးများမြင့်တက်ရခြင်းမှာ စပါးများရှားလာခြင်း၊ ကုန်သည်များမှ စပါးအဝယ်လိုက်လာသည့်အတွက်ကြောင့်လည်းကောင်း၊ စားသုံးသူများ အနေဖြင့်လည်း နွေဆန်သစ်များကို ရွေးချယ်ဝယ်ယူစားသုံးနေသည့်အတွက် စပါးဆန်ဈေးမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပုတီးကုန်းဒေသထွက် ပုစွန်လုံးဆီ

      ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ယခုလိုမိုးရာသီကာလတွင် စပါးမျိုးကြဲကာလနှင့် စပါးစိုက်သောအချိန်တွင် လယ်ပုစွန်လုံးခေါ်၊ ဂဏန်းကောင်လေးများ ပေါများတဲ့အချိန်ရာသီဖြစ်ပါသည်။ သို့ပေမယ့် ယခုနှစ် မိုးရာသီကာလတွင် ဂဏန်းလုံးများရှားပါးလာတဲ့အတွက် ဂဏန်းလုံး ကောက်၍ရောင်းချသူများမှာ ဂဏန်းလုံးကောက်ယူရရှိမှုနည်းပါးသည့်အတွက် ဂဏန်းလုံးဈေးမှာ ဈေးကောင်းနေကြောင်း သိရပါသည်။ ဂဏန်းလုံးဈေးမှာ (၁၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ဈေးများတွင်ရောင်းချကြောင်းသိရပါသည်။ ဂဏန်းလုံးမှ ထုတ်ယူရရှိသော ဂဏန်းလုံးဆီကို ပုတီးကုန်းမြို့တွင် ရာသီစာအစားအစာအဖြစ် ထုတ်ယူရောင်းချကြောင်းသိရပြီး ထိုမှတစ်ဆင့် နယ်များရှိဈေးများသို့လည်း အနည်းငယ်သွားရောက်ရောင်းချကြောင်း သိရပါသည်။ ဂဏန်းလုံးဆီဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ရာသီစာအဖြစ် ဂဏန်းလုံးဆီကို ကြိုက်နှစ်သက်သူများက ဝယ်ယူစားသုံးကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

မက္ကဒေးမီးယား (ခေါ်) ချောကလက်သီး

    မက္ကဒေးမီးယားအပင်သည် ဩစတေးလျနိုင်ငံမှ စတင်ထွက်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ မက္ကဒေးမီးယားကို စိုက်ပျိုးဖို့ နည်းလမ်း(၂)မျိုးသာရှိကြောင်း သိရ၍ အစေ့မှ ရိုးရိုးစိုက်ပျိုးခြင်းနှင့် ကိုင်းဆက်စိုက်ပျိုးခြင်းဟူ၍  ရှိပါသည်။ အစေ့မှ စိုက်ပျိုးမည်ဆိုလျှင် အစေ့အဆံရဖို့ (၇)နှစ်ခန့် အနည်းဆုံးကြာနိုင်ပါသည်။ ကိုင်းကူး ကိုင်းဆက်နည်းကတော့ (၂)နှစ်လျှင် အသီးသီးနိုင်ပါသည်။ မက္ကဒေးမီးယားအပင်များသည် ကိုင်းကူးကိုင်းဆက်လုပ်လျှင် အပင်ဖြစ်ထွန်းနည်းကြောင်း လေ့လာ သိရှိပါသည်။ ပရိုတိန်း အသားဓါတ်များ ပေါကြွယ်ဝပြီး သတ္တူဓါတ်များပါဝင်ပါသည်။ ကိုယ်လက် စထောများကိုလျော့ချပေးခြင်းကြောင့် နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများကို ကာကွယ် ပေးခြင်းနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် ဗီတာမင်ဓါတ်များစွာ ပါဝင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များအတွက် အိုမီဂါ(၃)ပါဝင်သောကြောင့် ရင်သွေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေကြောင်း သိရပါသည်။ ကျန်းမာရေးအတွက် အကျိုးပြုသည့် အာဟာရ ဓါတ်များစွာပါဝင်ပြီး အရသာလည်းကောင်းမွန်သောကြောင့် ဝယ်လိုအားမြင့်မားလျက်ရှိပါသည်။ မက္ကဒေးမီးယားအစေ့အဆံ ဈေးကြီးမြင့်ရခြင်းမှာ ရောင်းလိုအားအလွန်နည်းပါးပြီး လုံလောက် သောဝယ်လိုအားကို မပံ့ပိုးနိုင်သောကြောင့် ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းမှာထွက်ရှိသော အစေ့အဆန် များ၏ (၁%) ကသာ မက္ကဒေးမီးယားဖြစ်ပါသည်။ မက္ကဒေးမီးယားက မြန်မာနိုင်ငံ၏ ရေခံမြေခံမှာ ကောင်းမွန်စွာရှင်သန်ပေါက်ရောက်နိုင်ပါသည်။ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရပါသည်။ အော်ဂဲနစ် အစေ့အဆန်နှင့် သစ်သီးခြောက်များကို စားသုံးကြသော စားသုံးသူများ၏ဈေးကွက်တွင် မက္ကဒေးမီးယားအစေ့လှော် (၂၅၀)ဂရမ်ပါ တစ်ထုပ်လျှင် (၆၀၀၀)ကျပ်နှင့် မက္ကဒေးမီးယားအသီး တစ်ကီလိုလျှင် (၇၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ သိုဖြစ်ပါ၍ မက္ကဒေးမီးယားသည် နိုင်ငံခြားဝင်ငွေ အမြောက်အများရနိုင်သည့် ပြည်တွင်းစိုက်ပျိုး ထုတ်ကုန်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်ရှိ မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့် စပါး/ဆန်ဈေးနှုန်းအခြေအနေ

   ပြည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ၊ မိုးစပါးလျာထားစိုက်ဧကမှာ (၂၂၆၄၉၆)ဧကလျာထားပြီး အမှန်စိုက်ပျိုးဧကမှာ ဇူလိုင်လကုန်အထိ (၂၂၃၆၈၄)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧည့်မထစပါးမျိုး၊ ရတနာတိုးစပါးမျိုး၊ အင်းမရဲဘော်၊ မနောသုခ၊ မှော်ဘီ()၊ ကျော်ဇေယျစပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးတို့အား အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။

   ပြည်ခရိုင်၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လတွင် စပါး/ဆန်ဈေးနှုန်းအနေဖြင့် နွေစပါးအစိုဓါတ်(၂၂/၂၃%) (၄၆) ပေါင် တင်း(၁၀၀) လျှင် (၁၅၀၀၀၀၀-၁၅၅၀၀၀၀)ကျပ်ထိ ဈေးရှိပြီး ဆန်ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန်(အလတ်စ) (၁၀၈)ပေါင်တစ်အိတ်လျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်အထိဈေးရှိသဖြင့် ယခင်ဇွန်လတွင် စပါးဈေး (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၃၇၀၀၀၀)ကျပ် နှင့် ဆန်(၁၀၈)ပေါင် တစ်အိတ်လျှင် (၅၅၀၀၀-၅၇၀၀၀)ကျပ်ဖြစ်ခဲ့သဖြင့် ဇူလိုင်လကုန်နှင့်ယှဉ်လျှင် စပါး/ ဆန်ဈေးများ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ဆန်ကွဲဈေးနှုန်းများအနေဖြင့် ဆန်ကွဲကြီး တစ်အိတ်လျှင် (၄၉၀၀၀)ကျပ်၊ ဆန်ကွဲ(လတ်) တစ်အိတ်လျှင် (၄၈၀၀၀)ကျပ် နှင့် ဆန်ကွဲ(သေး) တစ်အိတ်လျှင် (၄၇၀၀၀)ကျပ်ဈေးနှင့် ဖွဲနု တစ်ပေါင်လျှင် (၄၀၀)ကျပ်ဈေးဖြင့် ဇူလိုင်လတွင်အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ထိုသို့ စပါး/ဆန်ဈေးများ မြင့်တက်လာရခြင်းမှာ စပါးလက်ကျန်နည်းလာပြီး အဝယ်လိုက်လာသဖြင့် ဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဆက်လက်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

    မုံရွာမြို့နယ်၊ ကွမ်းဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀) ဈေးရရှိခဲ့ပြီး ယခုဩဂုတ်လ၊ ပထမအပတ်တွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဖြင့်သာရောင်းချရပြီး မိုးဦးရာသီတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများနေခြင်းကြောင့် ဈေးနှုန်းဆက်တိုက်ကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရသည်။ 

DOCA(စစ်ကိုင်း)

ပြည်သရက်သီးဈေးကွက်

   ပြည်ဈေးကွက်တွင် ပြည်ဒေသအနီးပတ်ဝန်းကျင်ဒေသများမှ ထွက်ရှိသော စိန်တလုံးသရက်၊ မြကျောက်သရက်၊ ဘုတ်ထုံသရက်၊ ရင်ကွဲသရက်၊ ပန်းဆွဲသရက်စတဲ့ သရက်သီးမျိုးများ ဇွန်လ နောက်ဆုံးပတ်မှစ၍ ဈေးကွက်ထဲတွင် ပြည်တွင်းသရက်သီးမျိုးများမရှိတော့ဘဲ ဩဂုတ်လ ဒုတိယပတ်တွင် ပြည်ပသရက်သီးမျိုးဖြစ်သော မြဝတီသီး (ခေါ်) ယိုးဒယားသီး ဟုအခေါ်ရှိပြီး ရင်ကွဲ သရက်သီးအမျိုးအစားတစ်ခုဖြစ်တဲ့ သရက်သီးများ ပြည်ဈေးကွက်သို့ မန္တလေးသရက်သီး ဝယ်လက် မှတစ်ဆင့် ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။

ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် နှစ်ကြိမ် မြဝတီသရက်သီးအလုံး (၃၀)ပါ ဘူး(၂၀) (၂၅)ခန့် ဝင်ရောက်မှုရှိနေပြီး အရသာမှာ စိန်တလုံးထက်မာ၍ အချိုအရသာမှာလည်း စိန်တလုံးထက် အချို အနည်းငယ်ပေါ့ကြောင်း သိရပါသည်။ ယခုလိုသရက်သီး ရှားပါးချိန်တွင် စားရခဲသဖြင့် ဈေးနှုန်းမှာလည်း ဈေးကောင်းရကာ တစ်လုံးလျှင် အလုံးအကြီး၊ အသေးပေါ်မူတည်၍ ကျပ်(၈၀၀) (၁၀၀၀) စတဲ့ဈေးနှုန်းများဖြင့် ရောင်းချမှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း