ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဩဂုတ်လအတွင်း ဇီးကုန်းမြို့နယ်တွင် ဖြစ်ပေါ်နေသောမတ်ပဲဈေးနှုန်း

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပွဲရုံများတွင် ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ရောင်းဝယ်နေသောမတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၅၅၀၀) ကျပ်ဈေးဖြစ်သဖြင့် ယခုဇူလိုင်လ (တတိယပတ်)ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။

    ယခင် ဇူလိုင်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးမှာပိဿာ(၂၀)  တစ်တင်းလျှင်(၇၄၀၀၀)ကျပ် ဖြစ်ခဲ့ပြီး စတုတ္တပတ်တွင် တစ်တင်းလျင်(၇၃၅၀၀) ကျပ် ထိဈေးကျ ဆင်းခဲ့ပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းမှာ ပိဿာ(၂၀) တစ်တင်းလျှင်  (၇၄၅၀၀ )ကျပ်ဖြစ်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၇၅၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်  ဖြစ်နေကြောင်း သိရှိရပါသည်။

 ဇူလိုင်လ (တတိယပတ်)ဈေးနှုန်း ပိဿာ(၂၀)တစ်တင်းလျှင်(၇၄၀၀၀)ကျပ်ဈေး နှင့် ဩဂုတ်လ(ဒုတိယပတ်)ဈေးနှုန်း (၇၅၀၀၀)ကျပ်ကို နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်အမြင့်ဖြင့်သာ ရောင်းဝယ်နေသည်ကို တွေ့ရပြီး ရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ ပုံမှန်တစ်ရက်လျှင်  ပိဿာ (၂၀)ဝင်အိတ်၊ အိတ်(၂၀၀-၂၅၀)အထိ တင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အပတ်စဉ်သောကြာနေ့တိုင်း အခြေခံစားကုန်များကိုရောင်းချပေးလျက်ရှိပါသည်။ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့မှ  ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ် ဘုရားကြီးလမ်းတွင်ယခု ဩဂုတ်လတွင် ရောင်းချပေးနေသော အခြေခံစားကုန်များနှင့် ဈေးနှုန်းများမှာ  ဆန်တစ်ပြည် (၂၅၀၀) ကျပ် ၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာ (၁၃၀၀၀)  ကျပ်၊ ကြက်သားcp တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေပါသည်။ ဟင်းသီးဟင်းရွက်များမှာ ခဝဲသီး (ရှည်)တစ်တောင့် (၁၅၀)ကျပ်၊ ပဲသီး(၁၀)တောင့်ပါတစ်စည်း (၁၀၀)ကျပ်  ၊  ကန်စွန်းရွက် တစ်စည်း (၁၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံး (၃၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံး(၁၀၀)ကျပ်၊ ခရမ်းသီး (အကြီး)တစ်လုံး (၁၀၀)ကျပ်၊ မြင်းခွာရွက် သုံးစည်း (၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း   (၅၀)ကျပ် တိုဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို အပါတ်စဉ် သောကြာနေ့တိုင်း ရောင်းချပေးနေကြောင်းသိရ  ပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်

    မြန်မာနိုင်ငံတွင် ခရမ်းချဉ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ခရမ်းချဉ်ကို မိုးရာသီတွင် စိုက်ပျိုးခြင်းမရှိဘဲ၊ ဆောင်းရာသီတွင်သာ စိုက်ပျိုးကြပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင် ထည့်သွင်း၍ ချက်ပြုတ်ကြပါသည်။ ခရမ်းချဉ်သီးကို ဟင်းလိမ်မာသီးဟူ၍လည်း ခေါ်ဆိုကြပါသည်။

    ယခုလို မိုးရာသီတွင် ပြည်ဒေသ၍ ခရမ်းချဉ်သီးများစိုက်ပျိုးခြင်းမရှိသဖြင့် စားသုံးသူများ စားသုံးရန်အတွက် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်ဘက်မှ မှာယူတင်သွင်းရောင်းချကြောင်း သိရပါသည်။ စားသုံးသူများအနေဖြင့်လည်း ခရမ်းချဉ်သီးကို ဟင်းချက်ရာတွင် ဟင်းအနှစ်အဖြစ်လည်းချက်၍ စားသုံးကြသဖြင့် ဝယ်ယူစားသုံးမှုများရှိကြပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသော ကိုင်းခရမ်းချဉ်သီးအဝိုင်းများမှာ ဩဂုတ်လပထမပတ်တွင် တစ်ပိဿာကို (၄၀၀၀)ကျပ်၊ ရိုးရိုးခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၄၀၀)ကျပ်ဖြင့် ဈေးများတွင်ရောင်းချလျက်ရှိပါသည်။ ခရမ်းချဉ်သီးများထွက်ပေါ်ချိန်မဟုတ်သဖြင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။ မိုးတွင်းတွင် ထွက်ပေါ်လာသော ခရမ်းချဉ်သီးမှာ ဈေးကောင်းသဖြင့် မိမိတို့ ပြည်ခရိုင်တွင်စိုက်ပျိုးနိုင်မည်ဆိုပါက အခြားပြည်နယ်များမှ ဝယ်ယူစရာမလိုဘဲ ဒေသတွင်း ဖူလှုံစွာစားသောက်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းချိုသာစွာဖြင့်လည်း ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ပဲကြီးစေ့မှ ပဲကြော်လုပ်ငန်းများအဆင်ပြေလျက်ရှိ

   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာတွင် "ထက်ကောင်းမွန် "တံဆိပ်ဖြင့် ပဲကြော်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ရောင်းဝယ် ဖောက်ကားလျက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ဝန်ထမ်းများအဖွဲ့သည် (၁၁.၈.၂၀၂၃)နေ့ နံနက် (၁၀:၀၀)အချိန်တွင် သွားရောက်၍ ပဲကြော်ဈေးနှုန်း၊ ဈေးကွက် အခြေအနေကို ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ပဲကြော်လုပ်ငန်းရှင် ဦးရန်နိုင်ဌေး နှင့် တွေ့ဆုံ၍ မေးမြန်းရာ ပဲကြော်လုပ်ငန်း လုပ်ကိုင် ရာတွင် ပဲကြီးစေ့ အစိမ်းကိုရေ(၈)နာရီခန့် စိမ်ပြီးနောက် ပဲအခွံချွတ်စက်ဖြင့် ပဲကြီးစေ့များကို အခွံ ချွတ်ရပါသည်။ အခွံချွတ်ပြီးသားပဲကြီးစေ့ကို ဂျုံနှင့် ကော်မှုန့် အနည်းငယ်ဖြင့် လူးနယ်ပြီး ဆီဖြင့် ကြော်ရကြောင်း သိရပါသည်။ ပဲကြီး အချိန် ပိဿာ(၃၀)လျှင် အဓိက ကော်မှုန့်(၂)ပိဿာနဲ့ လူးနယ် ရပါသည်။ ဆီသုံးစွဲမှုအနေဖြင့် တစ်ခါကြော်လျှင် စားအုန်းဆီပိဿာချိန် (၂၀)ခန့် သုံးစွဲရကြောင်းသိရပြီး ပဲကြော်ဈေးကွက်အနေဖြင့် ပန်းတောင်းမြို့နယ်အတွင်းရှိ ပဲကြီး၊ ကမြိုင်၊ ကွင်းလှ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆင်ထဲမြို့သို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။

    ပဲကြော်ဈေးနှုန်းများအနေဖြင့် လက်ကားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှင့်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ ပဲကြော် လုပ်ငန်းရှင်များအနေဖြင့် ရောင်းအားကောင်းပြီး အရောင်းသွက်သဖြင့် လုပ်ငန်းလုပ်ကိုင်ကြရာတွင် အကျိုးအမြတ်များရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူရေးရာဦးစီးဌာန

ခြံစည်ရိုးမှ ဝင်ငွေများရရှိတဲ့ တစောင်းဖူး

    မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် တစောင်းပင်ကို ခြံစည်းရိုးအပင်အဖြစ် စိုက်ပျိုးကြပါသည်။ ထိုတစောင်းပင်မှ ထွက်ရှိလာသောတစောင်းဖူးသည် ကြာဖူးနှင့်ဆင်သဖြင့် တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးဟူ၍ခေါ်ဆိုကြပါသည်။ တစောင်းဖူးကို မိုးရာသီတွင်သာဖူးကြသဖြင့် ရာသီစာအဖူးတစ်မျိုး ဖြစ်ပါသည်။ ထိုတစောင်းဖူးကို အချို့ကအရံဟင်းတစ်ခွက်အဖြစ်ကြော်၍ အဆင်ပြေ သလိုချက်၍လည်း စားသောက်ကြပါသည်။ အရသာမှာ မှိုအရသာကို ချိုသောအရသာရှိပါသည်။ တစောင်းဖူးကိုချက်ပြုတ်၍ စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး သွေးတိုးရောဂါကို သက်သာစေပါသည်။

   တစောင်းဖူးကို ချက်ပြုတ်၍စားသောက်မည်ဆိုလျှင် အဖူးကိုထက်ခြမ်းခွဲ၍ အထဲက ဝတ်ဆံများကို ဖယ်ရှားရပါသည်။ အချို့ကပွင့်ချပ်ကိုလည်း အချွဲဓါတ်ရှိ၍ ဖယ်၍ချက်ပြုတ်ကြပါသည်။ တစောင်းဖူးကိုချက်ပြုတ်ရာတွင် မချွဲအောင် သင်ပြီးသားများကို တစ်နေလောက်နေပြပြီးမှ ချက်ပြုတ်ကြပါသည်။ ထို့ကြောင့် တစောင်းဖူးကို စားဖူးသူများက ဝယ်ယူ၍ စားသောက်ကြသဖြင့် ဈေးကွက်တွင် ချိုးယူ၍ရောင်းချကြပါသည်။ ပြည်ဒေသရှိဈေးများသို့ အနီးတဝိုက်ရှိ ကျေးရွာများမှ တစောင်းဖူးများကိုလာရောက်ရောင်းချကြသဖြင့်ဈေးမှာ အဖူး(၅)ဖူးပါ တစ်စည်းလျှင် (၁၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ အစောင်းဖူးကို အခြားအသီးအရွက်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြသဖြင့် မိမိအိမ်အတွက် အကာအရံ အတားအဆီးလည်းရသလို ရရှိလာသည့် အဖူးများကိုလည်း ဈေးကွက်တင်ရောင်းချကြသဖြင့် မိသားစု ဝင်ငွေများလည်းရရှိကြောင်း သိရပါသည်။ ထိုကြောင့် ခြံစည်းရိုးမှ ဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးရန်သင့်တော်သော အဖူးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ပဲလှော်၊ ပဲကြော်လုပ်ငန်းများနှင့် စားအုန်းဆီဈေးနှုန်းဈေးကွက် အခြေအနေအား မြေပြင်ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ အကြော်လုပ်ငန်းများ ရပ်နားထားမှုရှိ/မရှိ နှင့် စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ ဈေးကွက်အတွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် ခရိုင် ဦးစီးမှူး၏ လမ်းညွှန်အရ (၁၄.၈.၂၀၂၃) ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် ပြည်မြို့အတွင်းရှိ ပဲလှော်၊ ပဲကြော်လုပ်ငန်းများနှင့် စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ လတ်တလော စားသုံးဆီ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပဲလှော်၊ ပဲကြော်လုပ်ငန်းများ ရပ်နားထားရှိမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆီပြတ်လပ်မှုမရှိစေရေး လက်ကျန်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ် မတောင့်တကျေးရွာတွင် နွေစပါးများ အထွက်ကောင်း၍ တောင်သူများအဆင်ပြေလျက်ရှိ

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မတောင့်တကျေးရွာတွင် နွေစပါးများကို ယခင်ဇွန်လကုန်ပိုင်းမှစ၍ နွေစပါးများရိတ်သိမ်းချွေလှေ့ကြောင်း သိရပါသည်။ ထိုကျေးရွာတွင် ယခုနွေစပါး စိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနွေစပါး ရာသီချိန်တွင် စပါးများအထွက်နှုန်း ကောင်းမွန်သဖြင့် လယ်ကောင်းရင်ကောင်းသလို တစ်ယောက်စိုက်ကို (၅၀)တင်းထွက်ရှိ၍ တစ်ဧကလျှင် တင်း(၂၀၀)ခန့် ထွက်ရှိသည်ဟု သိရပြီး လယ်အနည်းငယ်ညံ့လျှင် တစ်ဧကကို အောက်ထစ် စပါးတင်း (၁၃၀)ခန့်ထွက်သဖြင့် ယခင်နှစ်ထက် စပါးအထွက်နှုန်းကောင်းသည်ဟု နွေစပါးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပြီး အကျိုးအမြတ်များစွာရရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် နွေစပါး တစ်ဧက အထွက်နှုန်းမှာ တင်း(၁၀၀)ခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် နွေစပါးပေါ်ခါနီးတွင် မိုးအနည်းငယ်ရွာသွန်း၍ ရာသီဥတု ကောင်းမွန်သဖြင့် နွေစပါးအထွက်နှုန်းကောင်းသည်ဟု သိရပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ထိုင်းနှံကောက်မျိုး၊ ဗီယက်နန်မျိုးနှင့် GW-11 မျိုးတို့ဖြစ်ပြီး ယခု အချိန် လယ်သမားများအနေဖြင့် စက်များဖြင့်ရိတ်သိမ်းခြွေလှေ့ကြ၍ လူအင်အား ပင်ပန်းခြင်းမရှိဘဲ ရိတ်သိမ်းခြွေလှေ့သည့် လယ်ကွင်းနှင့် ရွာထိပ်တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်ဘက်မှ စပါးကုန်သည်ပွဲစားများက (၁၂)ဘီးကား (၁၆)ဘီးများဖြင့် စပါးအစိုအတိုင်း လာရောက်ဝယ်ယူကြကြောင်း သိရပါသည်။

        စပါးများဝယ်ယူရာတွင် ဈေးနှုန်းအနေဖြင့် စပေါ်ချိန်ဇွန်လကုန်အချိန်က စပါးအစို  ပေါင်(၅၀) တင်း(၁၀၀)လျှင် (၁၁)သိန်း၊ (၁၂)သိန်းအထိဈေးပေါက်နေပြီး ယခုအချိန် ဩဂုတ်လ ပထမပတ်တွင် စပါးအစို ပေါင်(၅၀)တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀)ကျပ်ဖြင့် ဝယ်ယူကြကြောင်း သိရပါသည်။ ယခင်နှစ်တွင် နွေစပါးဈေးမှာ ပေါင်(၅၀)တင်း(၁၀၀)လျှင် (၉၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ထိုကျေးရွာရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းလည်းကောင်း ဈေးလည်းကောင်းသဖြင့် တောင်သူများနွေစပါးကြောင့် အကျိုးအမြတ်များရရှိကြသဖြင့် နောင်လာ မည့်နှစ်များတွင်လည်း နွေစပါးများကို ထပ်မံတိုးချဲ့၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ဟင်းသီးဟင်းရွက်အုပ်စုဝင်သခွားသီးများ လှိုင်လှိုင်ထွက်၍ အရောင်းအဝယ်ဖြစ်

     ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိကျေးရွာအုပ်စုများတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးများလည်း စိုက်ပျိုးကြပါသည်။ သခွားသီးတွင် မိုးသခွားနှင့် ဆောင်းသခွားဟူ၍ (၂)မျိုးရှိပါသည်။ မိုးသခွားကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဆောင်းသခွားကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ သခွားပင်သည် စိုက်ပျိုးပြီး (၁)လခွဲ (၂)လလောက်တွင် စတင်ထွက်ရှိပါသည်။ ယခုဈေးကွက်ထဲတွင် မိုးသခွားများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိဈေးကွက်များအတွင်းသို့ ပြည်မြို့နယ် မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ပြည်ခရိုင်အတွင်းရှိ ပုတီးကုန်းမြို့၊ ဝက်ပုတ်မြို့၊ အင်းမမြို့၊ ရွှေတောင်မြို့နယ်များမှလည်း ဟင်းသီးဟင်းရွက်ကုန်စိမ်းဒိုင်များသို့ တင်သွင်းရောင်းချကြပြီး ထိုမှတဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကုန်စိမ်းဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ဩဂုတ်လပထမပတ်တွင် သခွားသီးအကြီး တစ်လုံးလျှင် (၃၀၀-၂၅၀-၂၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင် (၁၀၀-၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ချောင်းဆုံမြို့နယ်တွင် စားသုံးသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၆-၈-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးအရှေ့ ပျံကျဈေးဝင်းအတွင်း စားသုံးသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၇၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀) ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ မုန်လာဥတစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ပဲတောင့်တစ်ပိဿာလျှင် (၂၈၀၀) ကျပ်၊ ကန်စွန်းရွက်တစ်ပိဿာလျှင် (၄၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်၊  ဘူးသီးတစ်လုံးလျှင် (၅၀၀) ကျပ်၊ ရွှေဖရုံသီးတစ်လုံးလျှင် (၆၀၀) ကျပ်တို့ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်ဈေးကွက်သို့ အခြားတိုင်းများမှ ဝင်ရောက်လာသောလီလီပန်းများ အရောင်းအဝယ်ဖြစ်

    လီလီပန်းပင်မျိုးသည် ဥယျဉ်ခြံများတွင် အလှစိုက်ပျိုးရာ၌ လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီပန်းများသည် မကြီးလွန်း၊ မငယ်လွန်း အရွယ်အနေတော်ဖြစ်၍ အလွန်လှပသည့်အပြင် အနံ့လည်းမွှေးကြိုင်သောအလွန်တန်ဖိုးထားကြသည်။ လီလီပန်းမျိုး၏ မူလပေါက်ရာဒေသမှာ မြောက်သမပိုင်းဒေသများမှဖြစ်သည်။ လီလီပန်းမျိုးရင်းတွင် မျိုးဥပေါင်း (၂၀၀)ကျော်မျှရှိပြီးလျှင် မျိုးစိတ်ပေါင်း (၂၀၀၀)ခန့်ရှိပါသည်။ လီလီပန်းမျိုးများတွင် တရုတ်လီလီပန်းနှင့် ဂျပန်လီလီပန်းဟု နှစ်မျိုးရှိပါသည်။ လီလီပန်းများသည် အမြင့်နှစ်ပေမှ ငါးပေထိရှိကြသည်။ လီလီပန်း မျိုးဥတွင် လီလီပန်းပင်အစစ်မှာ ပင်စည်မတ်၍ အရွက်များသေးသွယ်ရှည်လျားပြီး အညှာမရှိဘဲ ပင်စည်တွင်ကပ်၍ ရွက်လွှဲဖြစ်စေ ၊ ပင်စည်တစ်ဝိုက်ပတ်၍ဖြစ်စေ ထွက်ကြသည်။ လူသိများ၍ ထင်ရှားသော လီလီပန်းမျိုးထဲတွင် ဂျပန်လီလီပန်းမျိုးလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းပန်း၏ အရောင်မှာ အနီရင့်ရောင် အောက်ခံတွင်မရမ်းရောင် အစက်ကလေးများရှိသဖြင့် အလွန်လှပသည်။ အလှဆုံးကား အီစတာလီလီခေါ် အဖြူဆွတ်ဆွတ်လီလီပန်းဖြစ်သည်။ အပွင့်တစ်ပွင့်လုံးမှာ အစက်အပျောက်မရှိဘဲ ဆွတ်ဆွတ်ဖြူနေသဖြင့် ကျက်သရေရှိလှပါသည်။

    လီလီပန်းပင် မြောက်များစွာရှိသည့်အလျောက်တွင် ပန်းများအရောင်မှာလည်း အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိရာ အပွင့်တိုင်းတွင် တစ်မျိုးစီလှ၍ ကျက်သရေရှိလှပါသည်။

  ယခုအခါ ပြည်ဈေးကွက်အတွင်းတွင် ရောင်းချသော လီလီပန်းများမှာ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှဝင်ရောလာသောပန်းများဖြစ်ပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ပြည်ဈေးကွက်၌ ရောင်းချသော လီလီပန်းဈေးနှုန်းများအနေဖြင့် လီလီပန်းတစ်ခိုင်လျှင် (၃၅၀၀ - ၄၀၀၀) ကျပ် ဈေးဖြင့်အရောင်းအဝယ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း