ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကြက်သွန်နီများ အဝင်များ၍ ဈေးနှုန်းကျဆင်းနေ

  ပြည်ဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် မကွေးတိုင်း၊ ရေနံချောင်း၊ တောင်တွင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီပိဿာချိန် ၁၆၀၀၀ခန့် နေ့စဉ်အဝင်ရှိနေသည့်အတွက် ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ အဝင်များလျက်ရှိနေပါသည်။ အဝင်များသဖြင့် ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် (၄၈၀၀-၅၀၀၀) နှုန်းအထိဈေးနှုန်းမြင့်တက်ခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာပါသည်။ အရောင်းအဝယ်မှာ သာယာဝတီခရိုင်၊ ပန်းတောင်း(ဥသျှစ်ပင်) နှင့် ဧရာဝတီတိုင်း(ကြံခင်း)တို့သို့ နယ်ကျော်စီးဆင်းမှုနှင့် အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဒေသတွင်းလက်လီဝယ်လက်များနှင့် အရောင်းအဝယ်ရှိပြီး ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံခန့်အရောင်းအဝယ်ဖြစ်နေပါသည်။ ဈေးနှုန်းမှာ မြို့ပေါ်လက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၆၀၀/၂၈၀၀-၂၅၀၀/၂၃၀၀-၂၄၀၀) နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၃၂၀၀/၃၀၀၀-၂၉၀၀/၂၈၀၀-၂၇၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါသည်။  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်ဖြစ်ပေါ် ခဲ့သော ကြက်သွန်နီ လက်လီ/လက်ကားတစ်ပိဿာဈေးနှုန်း ကျပ် (၂၂၀၀-၂၄၀၀) နှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အကျဘက်သို့ ဦးတည်သည့်ဈေးနှုန်းမှာ ကျပ် (၃၀၀-၄၀၀) ခန့်ပိုနေသေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှု အခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၀-၁-၂၀၂၄)ရက်နေ့တွင် ကျပ်(၃၁၅၀၀၀-၃၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၆-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၃၂၅၀၀၀-၃၆၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ ယခင်အပတ်တွင်  ကျပ်(၃၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီး ဈေးမြင့်ခဲ့ပါသည်။ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၃၀၀၀၀၀)၊ နှမ်းဖြူ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၃၀၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ် များဖြင့် နှမ်းနက်(စမုံ)(၁၈၅၀)အိတ်၊ နှမ်းပြာ(၁၇၀)အိတ်၊ နှမ်းနီ(၉၅)အိတ်နှင့် နှမ်းဖြူ(၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် ကုလားပဲ(H-L)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၉၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၉၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၉၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၄၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်တွင် ကျပ်(၁၁၃၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၉၈၀၀)ဖြစ်၍ ကျပ်(၃၇၀၀)ဈေးလျော့ခဲ့ပြီး ဘိုကိတ်ပြာမှာ ယခင် အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၂၀၀၀)၊ ပဲတီစိမ်း(ဆောင်း) ယခင် အပတ်တွင် ကျပ်(၇၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(မိုး) ယခင်အပတ် တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၅၀၀၀-၆၀၀၀၀)၊ ပဲကြီး ယခင်အပတ် တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာ ဝင်အိတ်များဖြင့် မတ်ပဲ(၁၅၀)အိတ်၊ ဘိုကိတ်ပြာ (၈၀)အိတ်၊ ကုလားပဲ(H-L)(၇၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၁၇၀) အိတ်၊ ပဲတီစိမ်း(၉၀၀)အိတ်၊ ပဲစဉ်းငုံနီ(၂၇၀၀)အိတ်တို့ အရောင်း အဝယ်ဖြစ်ခဲ့ပါကြောင်း သိရှိရပါသည်။

  မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၇၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ ယခင်အပတ်တွင် ကျပ် (၇၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို (၁) တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၂၉၀၀၀-၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၈၀၀၀-၂၉၀၀၀) ဖြစ်၍ ကျပ် (၁၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၈၀)အိတ်၊ မြေပဲလုံးဆံနီ(၃၀၀)အိတ်၊ မြေပဲတောင့် အစိုတင်း(၄၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ ပဲမျိုးစုံသီးနှံမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်မှာလည်း ပုံမှန်အနေအထားတွင်ရှိပါ ကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် (၁)ပိဿာလျှင် ကျပ် (၃၃၅၀-၃၄၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၄၀၀-၃၅၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၁၇၀၀၀)ပိဿာ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် ယခုရာသီအချိန်အခါမှာ ကုန်သည်များမှာလည်း သိုလှောင်ထားရှိသည့်အတွက် အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)         

 

ရွှေတောင်ဒေသထွက် ကိုင်းခရမ်းချဉ်သီးဈေးကွက်

    ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးကို အောက်တိုဘာလတွင် စတင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ပေါ်၍ ယခုအချိန်၌ ဈေးကွက်တွင် ခရမ်းချဉ်သီးဝင်ရောက်မှုမှာ လှိုင်လာပြီဖြစ်၍ ပြည်မြို့ရှိဈေးများသို့ လာရောက်ရောင်းချသည့်အပြင် ရွှေတောင်မြို့ပေါ်ဈေးများနှင့် ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြောင်းသိရပါသည်။ ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် လက်လီတစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၈၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခုအချိန်သည် ဆောင်းရာသီကာလဖြစ်၍ ခရမ်းချဉ်သီးများပေါပေါဝင်ရောက်လာပြီး အရောင်းအဝယ်လည်းဖြစ်နေသဖြင့် ခရမ်းချဉ်စိုက် တောင်သူများနှင့် ကုန်စိမ်းပွဲစားများမှာ အကျိုးအမြတ်များရရှိလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကင်ပွန်းချဉ်ရွက်များ ဈေးနှုန်းမြင့်တက်

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် ပြည်မြို့ပေါ်ရှိဈေးအသီးသီး၌ ကင်းပွန်းချဉ်ရွက်များရှားပါးနေချိန်ဖြစ်၍ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရပါသည်။ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာ၊ ရပ်ကွက်များနှင့် ရွှေတောင်မြို့နယ်ဘက်မှ ယခုကာလတွင်ဝင်ရောက်မှုရှိပြီး အဝင်အားဖြင့် အစည်း ၁၅၀ခန့်သာ မြို့ပေါ်ဈေးကွက်များသို့ ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ရွက်နုထွက်ချိန် နွေအကုန် မိုးဦးကာလတွင် ကင်ပွန်းချဉ်ရွက်များ လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကာ အဝင်များလျက်ရှိကြောင်းသိရပါသည်။

   ကင်ပွန်းချဉ်ရွက်ကို ကြော်စားခြင်း၊ ငါးပိချက်အဖြစ်စားသုံးခြင်း၊ ချဉ်ရည်ဟင်းချက်စားခြင်း စသည့်အလေ့အထရှိပြီး အရသာမှာ ပူ၍အချဉ်ဓာတ်ရှိသည့်အတွက် အပူငြိမ်းစေပြီး ခံတွင်းပျက်ခြင်း၊ အဆီကျစေခြင်း၊ သလိပ်ကိုနိုင်ခြင်း၊ သည်းခြေကိုငြိမ်းအေးစေခြင်း စသည်တို့ကြောင့် ရာသီဓာတ်စာအဖြစ် ချက်ပြုတ်စားသောက်ကြောင်းလည်းသိရပါသည်။ ဈေးနှုန်းမှာ ပြည်မြို့ပေါ် ဈေးများနှင့် ခရိုင်အတွင်းရှိ ဈေးကွက်များတွင် ကင်ပွန်းချဉ်ရွက်တစ်စည်းလျှင် ကျပ် (၄၀၀-၅၀၀) ခန့်ရှိပြီး ဈေးကောင်းရလျက်ရှိကာ အထွက်လှိုင်ချိန်တွင် (၁၅၀-၂၀၀) ကျပ်ခန့်ဖြင့်သာအရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးနှုန်းများ ယခင်နှစ်ကာလတူဈေးထက် ပိုမိုမြင့်တက်နေ

    ပြည်ခရိုင်အတွင်းရှိ ပြည်ဈေးကွက်သို့ ဆောင်းမြေပဲဆံများကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများ၊ ပြည်-အောင်လံကြားရှိ ကျေးရွာများနှင့် ရွှေတောင်မြို့၊ ကျေးရွာများဖြစ်သော ကျီးသဲ၊ ညောင်စာရေးကျေးရွာများမှ နေ့စဉ် ပိဿာ(၃၀)ဝင်အိတ် (၇၀၀/၈၀၀) ခန့်ဝင်ရောက်မှုရှိပါသည်။ ပြည်ဈေးကွက်သို့ဝင်ရောက်လာသော မြေပဲဆံများကို ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ဒေသတွင်းဆီစက်သမားများက အဝယ်ရှိ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ဧကမှာ ၄၁၃၀၈ဧကစိုက်ပျိုးပြီး ၄၁၃၀၈ဧကရိတ်သိမ်းခဲ့၍ တစ်ဧကအထွက်နှုန်းမှာ (၇၀.၁၇)တင်းထွက်ရှိခဲ့ပါသည်။ ယခုအချိန်တွင် ဆောင်းမြေပဲများစိုက်ပျိုးနေချိန်ဖြစ်၍ စိုက်ဧက ၃၁၀၁၄ဧကစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ စပိန်မျိုး၊ ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းပဒေသာနှင့် မကွေးမျိုးတို့ဖြစ်ပါသည်။

     မြေပဲဆံဈေးနှုန်းများအနေဖြင့် ယခုဇန်နဝါရီလ ဒုတိယပတ်တွင် ဆီဆံ(အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ဆီဆံ(အနီ)တစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် လုံးဆံ(အဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် ပြည်ဈေးကွက်ရှိ ပွဲရုံများတွင် လက်လီ/ လက်ကားရောင်းချလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ရောင်းချခဲ့သော မြေပဲဆန်ဈေးနှုန်းများမှာ ဆီဆံတစ်ပိဿာလျှင် ၄၃၀၀ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် မန္တလေးဝယ်လက်များနှင့် မြို့တွင်းဆီစက်များက ဝယ်ယူမှုရှိခဲ့ပါသည်။ ထိုကြောင့် မြေပဲဆံဈေးနှုန်းများကို ယခင်နှစ်နှင့် ယခုနှစ်ကာလတူအချိန် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် ဈေးနှုန်းပိုမိုမြင့်တက်လာကြောင်းတွေ့ရှိရပါသည်။ ထိုသို့ ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်နှမ်းဈေးကွက်၌ ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုမြင့်တက်လာ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် နှမ်းနက်ကို အဓိကထား၍ စိုက်ပျိုးကြပြီး နှမ်းနီကို အနည်းငယ်သာစိုက်ပျိုးကြောင်းသိရပါသည်။ ယခုအချိန်တွင် ပြည်ဈေးကွက်၌ ဆောင်းနှမ်းများ ပေါ်ထွက်လာပြီဖြစ်သော်လည်း အနည်းငယ်သာဝင်ရောက်မှုရှိနေသေးသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်အနည်းငယ်ဖြစ်ကြောင်းသိရပြီး တစ်နေ့လျှင် (၁၅)ပိဿာဝင် အိတ် (၅၀/၇၀) ခန့် သာ ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိကြောင်းသိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အနည်းငယ်သာဖြစ်လျက်ရှိပါသည်။

    နှမ်းဈေးနှုန်းများကို ယခင်နှစ်နှင့် ယခုနှစ် ကာလတူအချိန်ကိုနှိုင်းယှဉ်ကြည့်လျှင် ယခင်၂၀၂၃ခုနှစ်၊  ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၁၈၅၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းကွာခြား မှုကိုနှိုင်းယှဉ်ကြည့်လျှင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းဝင်တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ နှမ်းဝယ်လက်များပြီး သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟုသိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင် ဆောင်းနေကြာများစိုက်ပျိုးပြီးဖြစ်

    ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာကို မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂) ရာသီတွင် စိုက်ပျိုးကြပါသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းတို့ကိုစိုက်ပျိုးကြသည့်အပြင် နေကြာသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ နေကြာကို သီးသန့်စိုက်ပျိုးကြသည့်အပြင် သီးညှပ်အနေဖြင့်လည်းစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးနေကြာစိုက်ဧကမှာ ၂၈၆ဧကဖြစ်ပြီး ၂၇၉ဧကရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကအထွက်တင်းမှာ ၁၈တင်းခန့်ထွက်ရှိသည်ဟုသိရပါသည်။ ဆောင်းနေကြာကို ၉၅၇ဧကစိုက်ပျိုးထားရှိကြောင်းသိရပြီး ပြည်မြို့တွင် ၂၀၉ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၂၄ဧက၊ ပန်းတောင်းမြို့နယ်တွင် ၂၁၉ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၃၀၅ဧကစိုက်ပျိုးထားရှိပါသည်။

    နေကြာသီးနှံကို ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းလျှင် နေကြာဆီ (၃)ပိဿာခန့်ထွက်ရှိပြီး နေကြာကြိတ်ဖတ် (၅)ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ နေကြာဆီတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချကြောင်းသိရပါသည်။ နေကြာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတု၊ ရေ၊ မြေသဘာဝနှင့်အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ယခင်နှစ်တွင်ထွက်ရှိခဲ့သော နေကြာစေ့များကို နီးစပ်ရာပွဲရုံများနှင့် ဆီစက်များတွင်ရောင်းချခဲ့ပြီး တစ်တင်းလျှင် ၂၅၀၀၀ကျပ်ခန့်ဈေးနှုန်းရရှိကြောင်းသိရပါသည်။ နေကြာဆီမှာ မြေပဲဆီ၊ နှမ်းဆီတို့ထက် ဈေးနှုန်းမြင့်သဖြင့် ငွေကြေးတက်နိုင်သူနှင့် ကျန်းမာရေးလိုက်စားသူများက ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲလွမ်းဖြူသစ်များ ပဲဈေးကွက်၌ အခြားပဲများထက်ဈေးအေးခဲ့

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိနေပြီး ပဲလွမ်းဖြူသီးနှံသည်သစ်များလည်း နေစဉ်ဝင်ရောက်မှုများလာပြီဖြစ်ပြီး အိတ်(၁၀၀)ကျော် ပြည်မြို့နယ်နှင့် ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်လာခဲ့ပါသည်။ ထို့ကြောင့် လက်လီ/လက်ကားဝယ်ယူမှုများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဝင်ရောက်လာသမျှ ရောင်းချရကြောင်းသိရပါသည်။ ဒေသတွင်းလက်လီဝယ်လက်သမားများအနေဖြင့် နေ့စဉ် အိတ်(၂၀/၃၀) ကျော်အဝယ်ရှိသည့်အပြင် လက်ကားဝယ်လက်များကလည်း အိတ်၁၀၀ကျော်အထိ ဝင်လာသမျှ အဝယ်ရှိကြသည်ဟုသိရပါသည်။ ပဲသစ်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၆၁၀၀၀ကျပ်ဖြင့် ပဲသစ်အဖွင့်ဈေးထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပဲဈေးကွက်၌ာ ယခုနှစ်အတွင်း အခြားပဲများမှာ ဈေးကောင်းရခဲ့သော်လည်း ပဲလွမ်းဖြူသီးနှံမှာမူ ဈေးကွက်၌ အခြားပဲများအားလုံးထက် ဈေးနှုန်းလျော့နည်းကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ(ဆီထွက်သီးနှံ)လျာထားစိုက်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း

    ၁၈.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး ရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများသည် သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ဧက (၃၂၇၂) ဧက၊ မြေပဲ (၁၁၉) ဧကနှင့် နှမ်း (၂၅) ဧက စုစုပေါင်းဆောင်းသီးနှံ (၃၄၁၆) ဧကကို လျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

 ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအလိုက် လျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူများ မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်စိုက်ပျိုးတတ်ရန်၊ ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစု သဘာဝမြေဩဇာ သုံးစွဲရေးနည်းလမ်းများနှင့် ပိုးမွှားများအန္တရာယ် ကျရောက်မှုမှ ကာကွယ်နိုင်ဖို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများမှ ကွင်းဆင်းပြီး အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

    ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနေကြာ (၃၁၇၀) ဧက၊ မြေပဲ (၉၅)ဧက၊ နှမ်း (၁၁) ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများ သတ်မှတ်ဧကထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတတိယပတ်မှ စတင်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ဓာတ်မြေဩဇာများဖြန့်ဝေပေးခြင်းများနှင့် တောင်သူများ လိုအပ်သည့် အထောက်အပံ့များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မွန်)    

ပြည်ပဲဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံးဖြင့် ပဲနီပြားဟောင်းများရောင်းဝယ်မှုဖြစ်

    ပြည်ပဲဈေးကွက်၌ ပဲသီးနှံအားလုံးနီးပါးမှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိကြရာ နှစ်ဆန်းပိုင်းကာလတွင်မူ ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများလည်း ဈေးနှုန်း များဆက်တိုက်မြင့်လာပြီး ပြည်တွင်းဝယ်လက်များနှင့် ပြည်တွင်းစားသုံးမှုများသော ပဲနီပြားသီးနှံအနေဖြင့် ဈေးကွက်၌ ဈေးနှုန်းတရိပ်ရိပ်ထပ်တက်လာခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၄၀၀၀၀ကျပ်မှ ၁၄၅၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် ပဲဈေးကွက်မှာ ပဲအားလုံး၏ ဈေးနှုန်းများထက် အမြင့်ဆုံးဖြစ်ခဲ့သည်ဟုသိရပါသည်။ ယခုကာလ၌ ပဲနီပြားသီးနှံသစ်များဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်နှစ်တွင် ပဲနီပြားသီးနှံဈေးနှုန်းမှာ နှစ်ဆန်းပိုင်းကာလတွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ်၅သောင်းကျော်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းများသိသိသာသာမြင့်တက်လာခဲ့ကာ လှောင်ပဲသမားတချို့မှာ အကျိုးအမြတ်ပိုခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း