ကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အရန်ဆန်ဖြည့်တင်းနိုင်ရေးနှင့် လူမှုဖူလုံရေးအစီအစဉ်များအောက်၌ ဆန်ဖြန့်ဖြူးပေးမှု ခိုင်မာစေခြင်းဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးတို့အတွက် နိုင်ငံတကာဈေးကွက်မှ ဆန်များ ဝယ်ယူတင်သွင်းရန် ကြိုးပမ်းအားထုတ်မှုကို အစိုးရက အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း The Daily Star သတင်းဌာနက ဖော်ပြပါသည်။
မိုးသီးနှံရာသီ၌ စိုက်ပျိုးမှုမှ ပဲမျိုးစုံအထွက်ပမာဏ မြင့်မားနိုင်ခြေရှိမှု၊ ဩစတေးလျနိုင်ငံမှ တင်သွင်းသည့် ကုလားပဲများ ဝင်ရောက်လာမှုတို့နှင့်အတူ ပြည်တွင်းဈေးကွက်တွင် ၁ နှစ်ကျော် ကြာမြင့်မားသည့်အဆင့်၌ရှိနေခဲ့သော ပဲမျိုးစုံဈေးနှုန်းများကို ရှေ့လာမည့် လအနည်းငယ်အတွင်း လျှော့ချနိုင်ရန် အိန္ဒိယအစိုးရက ရည်မှန်းလျက်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တောင်သူများသို့ ကူညီပံ့ပိုးပေးရန်အတွက် အထောက်အကူပြုမည့် စီမံဆောင်ရွက်မှုများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီ (NRPC) ထံ အဆိုပြုတင်ပြရန် စီစဉ်မှုနှင့်အတူ စပါးရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသည့် ဟုန်မာလီ (Hom Mali) စပါးများ၏ ရောင်းဝယ်မှုအခြေအနေကို စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနူန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းထားနိုင်ရန်နှင့် ဆန်ကို အရန်သိုလှောင်ထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရသည် ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အခွန်ကို သုညရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း သိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ စွမ်းအင်ဖူလုံမှုရရှိရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ဇီဝဒီဇယ်ဆီ (B100) အထိ သုံးစွဲဆောင်ရွက်မည့်အစီအစဉ်အား ဖော်ဆောင်နိုင်ရေး အစိုးရက ကြိုးပမ်းလျက်ရှိကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီး Mr. Lahadalia ၏ ပြောကြားချက်ကို ကိုးကားလျက် အင်ဒိုနီးရှား Antara News သတင်းဌာနက ၃-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။