ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈.၃ သန်း တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၄.၇၈ ဘီလီယံ ရရှိခဲ့ရာ အရေအတွက်နှင့် ဈေးနှုန်း နှစ်ရပ်လုံး မြင့်မားစွာဖြင့် ဆန်တင်ပို့မှု အောင်မြင်သောနှစ် ဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံမှဆန်တင်ပို့သူများသည် ၂ဝ၂၄ ခုနှစ်တွင် မူဝါဒမသေချာမရေရာဖြစ်မှုများနှင့် ပြည်တွင်းဈေးများ မြင့်တက်နေမှုတို့ကြောင့် နိုင်ငံ၏ဆန်တင်ပို့မှုအပေါ် အဟန့်အတားဖြစ်မည် ကို စိုးရိမ်နေကြပါသည်။ S&P Global Commodity Insights ၏အဆိုအရ အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခြင်းနှင့် ပေါင်းဆန်တင်ပို့မှု အပေါ် အခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံခြင်းစသည့် မူဝါဒဝင်ရောက်စွက်ဖက်မှုတို့ကြောင့် ဈေးကွက်အပေါ် အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပါကစ္စတန်နိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် ချုပ်ဆိုထားသော လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ ရရှိသည့် ဆန်တန်ချိန် ၆ဝဝဝ သင်္ဘောတင်ပို့ခွင့် ကိုတာခွဲတမ်းကို အပြည့် အဝ အသုံးပြုနိုင်ခြင်းမရှိသဖြင့် နှစ်နိုင်ငံအကြား ဘာစမာတီဆန်တင်ပို့မှုနှင့် စပ်လျဉ်း၍ အငြင်းပွား လျက်ရှိကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်ခဲ့သော ဆန်ဈေးနှုန်းဖောင်းပွမှု အစီရင်ခံစာအရ အဆိုပြု ဆန်လက်လီဈေးနှုန်းများ (Suggested Retail Prices on Rice - SRPs) ကို သတ်မှတ်ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ၆-၁-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီကို အဓိကစိုက်ပျိုးထုတ်လုပ်သည့် မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်အထိ ဆောင်းကြက်သွန်နီ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှုနှင့် နှိုင်းယှဉ်ပါက ၂၀% ခန့် လျော့နည်းလျက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၌ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ၂၀၂၃-၂၄ ခုနှစ် အတွက် သကြားထုတ်လုပ်မှုမှာ ယခင်နှစ်ထုတ်လုပ်မှုအောက် ၂၅% အထိ လျော့ကျလျက် တန်ချိန် ၈ သန်းမှ ၈.၅ သန်းအတွင်းသာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ထိုင်းစက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကြံနှင့်သကြား ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (Office of Sugar and Cane Board) ၏အကြီးအကဲဖြစ်သူ Virit Viseshsinth က ၅-၁-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ကော်ဖီဈေးကွက်၌ ဗီယက်နမ်နိုင်ငံ၏ ရောင်းလိုအား နည်းပါးမှုကြောင့် ရိုဘတ်စတာ ကော်ဖီဈေးနှုန်းများ မြင့်တက်လျက်ရှိနေချိန်တွင် အိန္ဒိယနိုင်ငံရှိ ကော်ဖီ အဓိကစိုက်ပျိုးထုတ်လုပ် ရာ Karnataka နှင့် Kerala ပြည်နယ်များ၌ ဇန်နဝါရီလ ပထမပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများက ကော်ဖီစိုက်တောင်သူများအတွက် စိုးရိမ်မကင်းဖြစ်ပေါ်စေလျက်ရှိပါသည်။ လက်ရှိကာလ မိုးရွာသွန်းမှုသည် ကော်ဖီသီး ရိတ်သိမ်းခူးဆွတ်မှုနှင့် အခြောက်ခံမှုလုပ်ငန်းများကို နှောင့်နှေးစေရုံသာမက သီးနှံများ၌ ဆောလျင်စွာ အပွင့်ပွင့်မှုကို ဖြစ်ပေါ်စေလျက် ရှေ့လာမည့်နှစ် ရိုဘတ်စတာကော်ဖီ၏ အလားအလာကို ထိခိုက်စေနိုင်သည်ဟု တောင်သ

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ ၄ နှစ်တာ ကာလအတွင်း ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံဖူလုံမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့၏ ဝန်ကြီးဖြစ်သူ Mr. Amit Shah က ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအခြေစိုက် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သည့် Vinfast ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်ရန်အတွက် သဘောတူညီချက်လက်မှတ် ရေးထိုးပြီး ကမ္ဘာ့တတိယအကြီးဆုံးမော်တော်ယာဉ်ဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိခဲ့ပါသည်။
Vinfast နှင့် အိန္ဒိယနိုင်ငံ၊ တာမေးနာဒု ပြည်နယ်အစိုးရတို့သည် ဒေါ်လာ ၂ ဘီလီယံ ကျော်ထိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် သဘောတူညီမှုရရှိထားပြီး ပထမဆုံး ၅ နှစ်တာ ကာလ အတွက် နှစ်စဉ်ဒေါ်လာ ၅၀၀ မီလီယံပမာဏကို စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

မော်လ်ဒိုက်နိုင်ငံ၊ သမ္မတမိုဟာမက်မီဇူးသည် တရုတ်နိုင်ငံသို့ တနင်္လာနေ့ မှ သောကြာနေ့အထိ အလည်အပတ်သွားရောက်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေသည် စတင်မှတ်သစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုအလည်အပတ်ခရီးစဉ်သည် နိုင်ငံနှစ်နိုင်ငံကြား ပိုမိုမြင့်မားသည့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်လမ်းညွှန်ချက်များ ချမှတ်နိုင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ရှောင်းမီကုမ္ပဏီသည် Xiaomi SU7 ဟုအမည်ပေးထားသည့် ၎င်းတို့၏ ပထမဆုံးသောလျှပ်စစ်ကားကို စတင်ပွဲထုတ်ပြသခဲ့ပြီး မော်တော်ကားလုပ်ငန်းကဏ္ဍသို့ ချဲ့ထွင်ဝင်ရောက်လာခဲ့ကြောင်းသိရပါသည်။
ကုမ္ပဏီ၏ အလုပ်အမှုဆောင်အဖွဲ့အကြီးအကဲ လိုင်ဂျွန်သည် လာမည့်ဆယ်စုနှစ် ၂ခုအတွင်း ကမ္ဘာ့ထိပ်တန်း ၅ခုစာရင်းဝင် ကားထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာပြီး တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍကို ပိုမိုမြင့်တက်လာစေရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

တိုင်းပြည်၏စီးပွားရေးကိုပံ့ပိုးပေးပြီး ကုန်သွယ်မှုပိုမိုတိုးတက်လာစေရန်အတွက် သွင်းကုန်အကောက်ခွန်မူဝါဒများကို ပြင်ဆင်ညှိနှိုင်းမှုတချို့ပြုလုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ သွင်းကုန်အကောက်ခွန်ကော်မရှင်က ပြောကြားခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး ကုန်ပစ္စည်းတချို့၏ သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာအခွန်အခများကို ညှိနှိုင်းပေးခြင်းတို့ပါဝင်ကြောင်းသိရှိရပါသည်။
