ပြည်ပကုန်သွယ်မှုသတင်းများ
ဥရောပသမဂ္ဂ - ဗီယက်နမ် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် (EVFTA) အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁.၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၄၀၀၀ ခန့်ကို ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် ခွဲတမ်းဆန်တန်ချိန် ၈၀၀၀၀ ထက် ကျော်လွန် နေပါကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ်အတွက် ရေးဆွဲထားသော စီမံချက်နှင့်အညီ ဆန်တန်ချိန် ၃ သန်းခန့် တင်သွင်း ရန် အင်ဒိုနီးရှားနိုင်ငံ၏ လျာထားချက်သည် ဖိလစ်ပိုင်နိုင်ငံက တင်သွင်းရန် စီစဉ်ထားသော ဗီယက်နမ်ဆန်ပမာဏနှင့် တူညီလုနီးပါးရှိကြောင်း၊ ကမ္ဘာ့ ဆန်အများဆုံး တင်သွင်းသောနိုင်ငံ တစ်ခုဖြစ်လာမည့် အင်ဒိုနီးရှားသည် ဗီယက်နမ် ဆန်တင်ပို့မှုနယ်ပယ်အတွက်လည်း အဓိက ဖောက်သည်တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း ဟနွိုင်းအခြေစိုက် Vietnam News သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အနောက်ဘင်္ဂလားဒေသထွက် ဘာစမာတီ မဟုတ်သော အရည်အသွေးကောင်းမွန်သည့် ဆန်အမျိုးအစား ၅ မျိုးဖြစ်သည့် Gobindabhog ၊ Tulaipanji ၊ Kataribhog ၊ Kalonunia နှင့် Radhunipagal တို့အတွက် ဘာစမာတီမဟုတ်သော ဆန်မွှေးအဆင့်အတန်းသတ်မှတ်ခြင်းနှင့် အမှတ်အသားပြုခြင်းဆိုင်ရာစည်းမျဉ်းများကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ ဆန်နှင့်စပါးဈေးနှုန်းများ မြင့်တက်နေသဖြင့် သိုလှောင်ဈေးကစားမှုများကို ဟန့်တားနိုင်ရန် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများရှိ လက်လီရောင်းချသူများနှင့် လက်ကားရောင်းချသူများ အပါအဝင် ဆန်ကြိတ်ခွဲထုတ်လုပ်သူများနှင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ ဆန်ကုန်လက်ကျန်ပမာဏများကို စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ရောင်းချ ဖြန့်ဖြူးရေးဝန်ကြီးဌာန လက်အောက်ရှိ စားနပ်ရိက္ခာနှင့် ပြည်သူရောင်းချဖြန့်ဖြူးရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက် Portal တွင် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဖော်ကြေညာသွားရန် အစိုးရက ၂-၂-၂၀၂၄ နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၌ နိုင်ငံခြားငွေလဲနှုန်းများ မတည်ငြိမ်မှု၊ ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းမှု၊ ဈေးနှုန်းအကြိတ်အနယ်ပြိုင်ဆိုင်ရမှု၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ဆန်ပို့ကုန်အပေါ် တားမြစ်ကန့်သတ်သည့် မူဝါဒချမှတ်ထားရှိမှု စသည့် မြောက်မြား စွာသော စွန့်စားရမည့်အချက်များမှာ ယခုနှစ်ဆန်တင်ပို့မှုလုပ်ငန်းလုပ်ကိုင်ရာတွင် ဆက်လက်ကြုံ တွေ့နေရဦးမည်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် ထုတ်လုပ်မှုနည်းပါးပြီး ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းကြောင့် ယခုနှစ်တွင် ၁၄.၄% ကျဆင်းနိုင်ဖွယ်ရှိကြောင်း ထိုင်းပြည်ပကုန်သွယ်မှုဌာန၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း ဆန်ရောင်းလိုအားကို အသင့်လျော်ဆုံး အနေ အထားဖြင့် ဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသစပါးများအား ဟက်တာ ၂၆၀၀၀ ခန့် လျှော့ချ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်အတွက် စံသတ်မှတ်ထားရှိသင့်သည့် စပါးစိုက်ဧရိယာ ပမာဏသည် ဟက်တာ ၆၉၉၀၀၀ ခန့်ရှိကြောင်း အစိုးရ၏ ဆန်းစစ်လေ့လာ တွေ့ရှိချက်အရ ယခုကဲ့သို့ စပါးစိုက်ဧရိယာ လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၇-၂-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ဗဟိုအစိုးရ၏ ပြင်ပပေါက်ဈေးဖြင့် ပဲစင်းငုံ အရန်ရိက္ခာဝယ်ယူမှု အစီအစဉ် သည် ဈေးနှုန်းမြင့်တက်မှုကို အထောက်အပံ့ပြုသော်လည်း တောင်သူများထံမှ အားတက်သရော ကြိုဆိုမှုကိုမရရှိပဲ တုံ့ပြန်မှုအနည်းမျှကိုသာ လက်ခံရရှိသည်ဟု လေ့လာဆန်းစစ်သူများက ပြော ဆိုကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ အမျိုးသား လယ်ယာထွက်ကုန် သမဝါယမ ဈေးကွက်အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) တို့သည် တောင်သူများထံမှ ပဲစင်းငုံ များကို အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ထက် ၄၂% ခန့်ပိုမိုမြင့်မားသော ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူခြင်းအား စတင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း Financial Express သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံတွင် စိုက်ပျိုးဧရိယာ ပိုမိုများပြားပြီး မိုးရွာသွန်းမှုပိုမိုများပြားလာခြင်းကြောင့် ၂၀၂၃-၂၄ ကာလအတွက် ပြောင်းထုတ်လုပ်မှု တန်ချိန် ၂၈၈.၈ သန်းထွက်ရှိနိုင်ပြီး ၄.၂% ခန့် တိုးတက်ဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုအဖွဲ့ (FAS) ၏ အစီရင်ခံစာအရ သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်နေ့အထိ ကာလအပိုင်းအခြားအတွက် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို မက်ထရစ် ၁ တန် လျှင် ၇၇၄.၉၃ အမေရိကန်ဒေါ်လာနှုန်းမှ ၈၀၆.၄၀ ဒေါ်လာနှုန်းသို့ မြှင့်တင်သတ်မှတ်လိုက် ကြောင်း ၃၁-၁-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ကာလအတွက် ချုပ်ဆိုထားသည့် ဗီယက်နမ်-ကမ္ဘောဒီးယား ကုန်သွယ်မှု မြှင့်တင်ရေး သဘောတူစာချုပ်အရ နှစ်နိုင်ငံအကောင်အထည်ဖော်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ဗီယက်နမ်အစိုးရည် ကမ္ဘောဒီးယားကုန်ပစ္စည်းများအတွက် သွင်းကုန်အခွန်စည်းကြပ်မှု အထူး သက်သာခွင့်ဆိုင်ရာ အမိန့်ကြော်ငြာစာကို စာအမှတ် 5/2024/ND-CP ဖြင့် ထုတ်ပြန်ခဲ့ကြောင်း Vietnam Plus သတင်းဌာနက ၂၅-၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။