ပြည်ဈေးကွက်သို့ ရှမ်းအာလူးများဝင်ရောက်မှုရှိ၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

    အာလူးသီးနှံသည် ကမ္ဘာပေါ်တွင် ဆန်၊ ဂျုံ၊ ပြောင်း ပြီးနောက် စတုတ္တမြောက် အများဆုံး စိုက်ပျိုးသော သီးနှံဖြစ်၍ ပီရူးနိုင်ငံရှိ Inca Indians များမှ ဘီစီ(၅၀၀၀-၈၀၀၀) ဝန်းကျင်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း လေ့လာသိရှိရပါသည်။ အာလူးသီးနှံသည် အခြားအခြေခံသီးနှံများဖြစ်သော ဂျုံ နှင့် အုတ်ဂျုံများထက် စိုက်ပျိုးကြီးထွားရန် ပိုမိုလွယ်ကူကြောင်းနှင့် အာလူးတွင် အာဟာရဓါတ်အတွက် လိုအပ်သော ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ6 ၊ အမျှင်ဓါတ်နှင့် ပရိုတိန်းဓါတ်များစွာ ပါဝင်ပါသည်။

   ထို့ပြင်အာလူးသီးနှံတွင် ပါဝင်သော ကယ်လ်ဆီယမ်နှင့်ဖော့စဖောရစ်က အရိုးကျန်းမာစေရန် အကောင်းဆုံးအားဖြည့်ပေးခြင်း၊ ပိုတက်စီယမ်ကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးခြင်း၊ နှလုံးကိုကျန်းမာစေပြီး သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း၊ မှတ်ဉာဏ် ကောင်းစေခြင်း၊ ကင်ဆာဆဲလ်များမပြန့်အောင် ကာကွယ်ပေးခြင်း၊ အစာခြေစနစ်ကို ကျန်းမာ စေပြီး ဝမ်းမှန်စေခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ အရေပြားကျန်းမာစေခြင်းနှင့် ကိုယ်ခံအားကောင်းစေသည့် ကျန်းမာရေးကို အထောက် အကူ ပြုစေသော သီးနှံဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရန် သောက်သုံးပါကလည်း၊ အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့ကို သက်သာစေပြီး အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနှင့် ခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သလို ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုလည်းပြေစေနိုင်ကြောင်း သိရှိရပါသည်။

     အာလူးကိုပြုတ်၍စားသုံးခြင်း၊ ကြော်၍စားသုံးခြင်း၊ ဟင်းသားများဖြင့် တွဲဖက်စားသုံးခြင်း၊ ထောင်း၍စားသုံးခြင်း၊ အသုပ်ထဲတွင်ရောနှောစားသုံးခြင်းဖြင့် စားသုံး၍ရသလို သရေစာအဖြစ် ပူတင်းပြုလုပ်၍ စားသုံးနိုင်သလို ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။

   အာလူးသီးနှံသည် မြေနီ၊ နုန်းတင်မြေနု၊ ခဲမြေနက်မြေမျိုးတွင် ကောင်းစွာ အောင်မြင် ဖြစ်ထွန်းသောကြောင့် ပြည်ခရိုင်အတွင်း စီးပွားဖြစ်ရောင်းချနိုင်ရေးအတွက်  စိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် အများဆုံးစိုက်ပျိုးသည့် ရှမ်းပြည်နယ်မှ အဝင်များပါသည်။ တစ်အိတ်လျှင် အာလူး ပိဿာ(၃၀)ဝင်ဆံ့ပြီး ပြည်ဈေးကွက်ရှိ အာလူးပွဲရုံများသို့ ရက်ခြား၍အဝင်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်မှ ရှမ်းအာလူးများ အဝင်ရှိသလို တရုတ်အာလူးများလည်း ဗန်းမော်၊ မန္တလေးမှတစ်ဆင့် အဝင်ရှိပါသည်။

   ဈေးနှုန်းအနေဖြင့် အာလူးသီးနှံ၏ အရည်အသွေး၊ အလုံးအကြီးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျက်ရှိပြီး ပျမ်းမျှအနေဖြင့် ပွဲရုံ(လက်ကား)ဈေး တစ်ပိဿာလျှင် (၂၅၀၀-၂၆၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ် ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ အဝယ်ရှိသလို ဒေသတွင်းလုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများမှလည်း အဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)