မနက်ခင်းစာ ပဲပြုတ်ပူပူလေးလည်း ဈေးတက်

Powered by Drupal

     မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော ပဲပြုတ်ကို မြန်မာတို့သည် နံနက်စာ ထမင်းပူပူ လေးနှင့်စားသုံးကြပါသည်။ ပဲပြုတ်ကို ဆီဆမ်းပြီး ထမင်းပူပူလေးနှင့်စားသကဲ့သို့ ထမင်းကြော်၊ ပလာတာ၊ နံပြား၊ အီကြာကွေးတို့နှင့်လည်း စားသုံးကြပါသည်။ ပဲပြုတ်ကို နံနက်စောစောတွင် ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများရှိသကဲ့သို့ လူစည်ကားရာလမ်းဘေးတွင် အထိုင်ရောင်းချသူများလည်း ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကိုရရှိရန် နှစ်ရက်ခန့် အချိန်ပေးရပါသည်။

       ပဲပြုတ်ကို စားတော်ပဲဖြင့်ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေးလေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။ နောက်တစ်နေ့ ပဲအညှောင့် ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့်ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွားလျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

     စားတော်ပဲကို ယခင် ပိဿာ ၃၀ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရစဉ်က ပဲပြုတ် တစ်ဆယ်ကျပ်သားကို ၅၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ယခုအခါတွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ် ပေးရသဖြင့် ပဲပြုတ် ၁၀ ကျပ်သားကို ၇၀၀ ကျပ်ရောင်းပါကြောင်း သိရပါသည်။

DOCA(ပဲခူး)